ဗုဒ္ဓဓမ္မပရဟိတဖောင်ရှေးဒင်း

ဗုဒ္ဓဓမ္မပရဟိတဖောင်ရှေးဒင်း ဖြစ်ပေါ်လာပုံ သမိုင်း

          ကျွန်ုပ်တို့ နေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅)မျိုးတို့ စုပေါင်း နေထိုင်ခဲ့ကြပါတယ်။ ထိုတိုင်းရင်းသားများဟာ ဘာသာ အယူဝါဒကြောင့် ပြဿနာတစ်စုံတရာ မဖြစ်ခဲ့ကြပါ။ မိမိတို့ ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြပါတယ်။ နိုင်ငံ တော်ကလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ပေးထားပြီးသားလည်း ဖြစ်ပါတယ်။

သို့ရာတွင် ယခုနောက်ပိုင်းကာလ၌ အခြားနိုင်ငံ သားများ ဘာသာခြား၊ လူမျိုး ခြားများ ဝင်ရောက်လာပြီး နောက် ဘာသာရေး အယူအဆကြောင့်လည်းကောင်း၊ လူမျိုးရေးအသွင်သဏ္ဍာန်ဖြင့်လည်းကောင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို အတင်းသွတ်သွင်းခြင်းများ၊ အရွယ်မရောက်သေးသော ဘာသာမတူသည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့် လက်ထပ်ပြီး ဘာသာသွတ်သွင်းခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများရှိလာခဲ့ရာ ထိုကဲ့သို့သော ဘာသာ အယူဝါဒကြောင့် ပြဿနာများ ထပ်မံမဖြစ်ပေါ်စေရန် အတွက် လည်းကောင်း၊ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများ ညီအစ်ကို မောင်နှမများ ညီညွတ်ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ရေးအတွက်လည်းကောင်း၊ အမျိုးဘာသာ သာသနာ (တိုင်းပြည်နှင့်လူမျိုး) ကို မပျောက်ပျက်အောင် တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လည်းကောင်း တူညီစွာလိုက်နာကြရမည့် ဥပဒေများ ဖေါ်ဆောင်ရန် အခြေအနေအချိန်အခါသို့ ရောက်ရှိနေပြီဟု ဦးဆောင်ဆရာတော်များက သုံးသပ်မိပါသဖြင့် အမျိုးစောင့် ဥပဒေပေါ်ထွက်အောင် ကြိုးပမ်းရာတွင် ထိရောက်မှုရှိစေ ရေးနှင့် ညီညွတ်မှု ရရှိရေးကိုပါစဉ်းစားတော်မူကြပြီး မဘသအဖွဲ့ ဖွဲ့စည်းရေးကို ဆက်လက်လှုပ်ရှားခဲ့ကြပါတယ်။

ရွာမပရိယတ္တိစာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော်ဘဒ္ဒန္တ တိလောကာဘိဝံသ ဦးစီးဦးဆောင်မှုပြုကာ အောက်ပါ ဆရာတော်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပါ တယ်။

ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ

(ရွှေရတု တိပိဋကဓရ၊ပါဠိပါရဂူ၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊

တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ

(တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)၊

သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိ စာသင်တိုက်       ဆရာတော် ဘဒ္ဒန္တ ပညာဝရ၊

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ကျောင်း နာယကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)၊

မရမ်းကုန်း၊ စံပြသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊

အပေါင်မြို့နယ် ဆရာတော် ဘဒ္ဒန္တ ကဝိသာရ၊

        ရှင်စန္ဒာသီရိ

(အင်းစိန်မြို့နယ်လုံးဆိုင်ရာ ပူးပေါင်း ဆွမ်းလောင်းအသင်းကြီး-မိုဘိုင်းလ်)၊

အဆိုပါတွေ့ဆုံပွဲကို အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက် အစည်းအဝေးခန်းမကြီး၌ (၆.၅.၂၀၁၃) တနင်္လာ နေ့၊ နေ့လယ်(၂)နာရီတွင် ကျင်းပခဲ့ကြပြီး ညှိနှိုင်းသဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။

အစည်းအဝေးဆုံးဖြတ်ချက်များမှာ-

၁။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဟု အမည်သတ်မှတ် ခေါ်တွင်စေရန်၊

၂။       အဖွဲ့ကို

(က)    နိုင်ငံတော်ဩဝါဒါစရိယဆရာတော်များ ပါဝင်သည့် ဦးဆောင် ဆရာတော်များအဖွဲ့၊

(ခ)     စာသင်တိုက်ဆရာတော်များပါဝင်သည့် ဦးဆောင်ဆရာတော်များအဖွဲ့၊

(ဂ)     ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယဆရာတော်များ ပါဝင်သည့်ဦးဆောင်ဆရာတော်များအဖွဲ့ ဟူ၍           ဖွဲ့စည်းထားရှိရန်

၃။       ဦးဆောင်ဆရာတော်များအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန်          အတွက် –

စာသင်တိုက်ဆရာတော်များကို ဘဒ္ဒန္တ တိလော ကာဘိဝံသကလည်းကောင်း နိုင်ငံတော် ဩဝါဒါ စရိယနှင့် တိပိဋက ဆရာတော်များကို ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသနှင့် ဘဒ္ဒန္တဣန္ဒပါလ တို့က လည်းကောင်း၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်များကို ဘဒ္ဒန္တ ပညာဝရနှင့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) တို့ကလည်းကောင်း တာဝန်ယူနှိုးဆော် စည်းရုံး ဆောင်ရွက်ရန်၊

၎။       အမျိုးဘာသာ သာသနာကို မကွယ်ပျောက်အောင် တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အမျိုးစောင့်ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် (ရေရှည်) စီမံချက် ချမှတ်ဆောင်ရွက်သွားရန်၊

၅။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ပြည်သူ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေရန်အတွက် သင့်တော်သည့်အချိန်တွင် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်း မီဒီယာများ အသုံးပြု၍ အသိပညာပေးဆောင်ရွက်သွားရန်၊

၆။       အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထု အင်အားကို ညီညွတ်စွာ ပူးပေါင်း ရယူဆောင်ရွက်သွားရန်၊

၇။       ဘာသာရေးç လူမှုရေးအဖွဲ့အစည်းများနှင့် လူထု အခြေပြုအသိပညာစည်းရုံးရေး ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များကို –

အထက်မြန်မာပြည် တာဝန်ခံဆရာတော် အဖြစ် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) က လည်းကောင်း၊

အောက်မြန်မာပြည် တာဝန်ခံဆရာတော်အဖြစ် ဘဒ္ဒန္တပညာဝရကလည်းကောင်း တာဝန်ယူဆောင်ရွက် ရန်တို့ဖြစ်ပါတယ်။

၎င်း၌ သိမ်ဇရပ် ဓမ္မဒူတပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာဝရမှ ၄င်း၏ဒကာအရင်းဖြစ်သူ ဦးရဲခေါင်ညွန့် (B.S.C., BL) တရားလွှတ်တော် ရှေ့ကြီး နေအိမ်သို့ ကြွရာက်ပြီး အထက်ပါ ဥပဒေများကို အမြန်ဆုံး ရေးဆွဲပေးရန် တိုက်တွန်းတောင်းဆိုခဲ့သဖြင့် ဦးရဲခေါင်ညွန့် က တာဝန်ယူခဲ့ပါတယ်။ တာဝန်ယူပြီး မူကြမ်းကို ဆရာ တော်ထံ တင်ပြခဲ့ပါတယ်။

၎င်းနောက် ဆရာတော်က ရွာမပရိယတ္တိစာသင်တိုက် အင်းစိန်ဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသ အားတင်ပြ၍ မူကြမ်းကိုလက်ခံတော်မူ၍ ကိုယ်တိုင် ဦး ဆောင်ပါဝင်ပေးရန်အတွက်လည်း လက်ခံတော်မူခဲ့ပါတယ်။

သာသနာနှစ် ၂၅၅၇ခု၊ ကောဇာနှစ် ၁၃၇၅ခု၊ နယုန်လပြည့်ကျော် (၄)ရက်၊ ခရစ်နှစ် ၂၀၁၃၊ ဇွန် (၂၇)ရက် ကြာသပတေးနေ့တွင် အင်းစိန်မြို့ အောင် ဆန်းတောရတပ်ဦးကျောင်းတိုက်၌ သံဃာ (၁၅၅၃) ပါး တို့ တက်ရောက်သည့် သံဃာ့ညီလာခံကြီးက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုအဖွဲ့ကြီး စတင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ မဘသ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်း လူမျိုးရေး ဘာသာရေးများ၌ အကြမ်းဖက်မှုပဋိပက္ခများ မဖြစ်စေရန် အသိပညာပေး စည်းရုံးတားဆီး ကာကွယ်နိုင်ရေး နိုင်ငံသူ/သားအားလုံး အပြန်အလှန် ချစ်ကြည် လေးစားလျက် စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး”ဟူသော မူဝါဒကို အခြေခံထားကာ  ဆောင်ရွက်ကြ ခြင်း ဖြစ်ပါတယ်။

အင်းစိန်မြို့ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါ စရိယလည်း ဖြစ်တော်မူသော ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီးကဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ တစ်နိုင်လုံး ရပ်ကွက်/ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး စသည်ဖြင့် ဖွဲ့စည်းပုံ အတိုင်း အဆင့်ဆင့်ဖွဲ့စည်းထားခဲ့ကြပါတယ်။