မစိုးရိမ်တိုက်သစ်ဖြစ်ပေါ်လာပုံသမိုင်းစဉ်

“မစိုးရိမ်တိုက်သစ် ဖြစ်ပေါ်လာပုံ သမိုင်းစဉ်”

မစိုးရိမ်တိုက်သစ် တည်ထောင်ခဲ့သူ အဂ္ဂမဟာပဏ္ဍိက အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တသရိန္ဒာဘိဝံသ ဆရာတော်သည်  သက်တော် ၇၆-နှစ် ရှိလာသည့်အခါ ပို၍ အေးအေးဆေးဆေး နေလိုလာ၏။ စစ်ကိုင်းတောင်၊ မင်းကွန်းတောင်ကဲ့သို့ (မြို့ထဲနှင့်စာလျှင်) အသွားအလာ ခက်ခဲ့သည့် နေရာမျိုးတွင်လည်း သီတင်းမသုံးချင်၊ မြို့ထဲလည်း ဖြစ်ရမည်၊ တောလည်းရရမည်ဟူသော နေရာမျိုးတွင်သာ နေထိုင်ချင်လေသည်။ (ဤတွင် “တောရ” ဟူရာတွင် ၀ိနည်းတော်လာ တောရကျောင်းမျိုးကို ဆိုလိုရင်း မဟုတ်ပါ။ လူသူ လူလာနည်းပါးသည့် အရပ်မျိုးကို ဆိုလိုရင် ဖြစ်ပါသည်။)

ထိုအချိန်တွင် ဆရာတော်၏ ဒကာ၊ ဒကာမ အရင်းများ ဖြစ်ကြသည့် သမီးတော်ဈေး၊ ဦးတော၊ ဒေါ်နိုင်တို့ကလည်း ဆရာတော်အား ကျောင်းဆောက် လှူဒါန်းလိုကျောင်း လျှောက်ထားကြသည်။ ဒေါ်နိုင်သည် လေး၊ ငါး၊ ခြောက်နှစ် သမီးအရွယ်က ဘကြီး၊ အမေကြီးများဖြစ်သည့် ဦးခန့်-ဒေါ်သိုက်တို့နှင့် ဆရာတော့်ထံ မကြာခဏ လိုက်လာခဲ့သည် ဟူ၏။

ဒေါ်သိုက်သည် တစ်နေ့တွင် ဆရာတော့်ထံမှအပြန် “ဆရာတော့်ကို ကျောင်းဆောက်လှူချင်လိုက်တာ” ဟု ညည်းတွားလိုက်၏။ မနိုင်က “ဆောက်ပါလား၊ အမေကြီးရဲ့” ဟု ပြောဆိုရာတွင် “ကျောက်းဆောက်တယ် ဆိုတာ ပိုက်ဆံရှိမှ ဆောက်လို့ဖြစ်တာ ငါ့မြေးရဲ့၊ အမေကြီးတို့မှာ ပိုက်ဆံက မရှိဘူး” ဟုပြန်လည် ပြောဆိုခဲ့ဘူး သည်။ မနိုင်သည် လေး၊ ငါး၊ ခြောက်နှစ် သမီးအရွယ်ကစ၍ “ငါကြီးလို့ ပိုက်ဆံရှိရင် ကျောင်းဆောက်မယ်” ဟု အားခဲထားလေခဲ့သည်။ ကိုတောနှင့် အိမ်ထောင်ကျသည့်အခါ ကျောင်းဆောက်ဖို့ကိုပင် စိတ်ထဲမှရည်မှန်း၍ စီးပွားရေး လုပ်ခဲ့၏။ စီးပွားရေး အတော်အသင့် အဆင်ပြေလာသည့်အခါ ဆရာတော်ကို ကျောင်းဆောက် လှူဒါန်းမည် ဖြစ်ကြောင်း လျှောက်ထားကြလေသည်။

ဆရာတော့် စိတ်ကြိုက် နေရာရွေးချယ်ကြရာတွင် မန္တလေးတောင်ခြေ၊ ဗန်းမော်တိုက် စသည်ဖြင့် နေရာ ပေါင်းစုံနေ၏။ မန္တလေးတောင်ခြေမှာ ဝေးသောကြောင့် ဗန်းမော်တိုက်တွင် မိုးအခါ ဗွက်ထူသောကြောင့် ဆရာတော်က မကြိုက်၊ ရေပန်းတိုက်ထဲ ဆောက်မည်ဟု စီမံကြသေး၏။ ရေပန်းတိုက်ဆိုင်ရာ အကြီးအကဲ ဘုန်းကြီးမျးကလည်း ပထမသော် လက်ခံလိုက်၏။ နောက်တွင် မစိုးရိမ်ဆရာတော် သီတင်းသုံးလျှင် ရေပန်းတိုက် ဟူသောအမည် ပျောက်သွားမည်ကို စိုးရိမ်သောကြောင့် လက်မခံကြတော့ချေ။ သည်လိုနှင့် ဆရာတော့် စိတ်ကြိုက် နေရာမတွေ့ဘဲ ရှိနေသည်တွင် တစ်နေ့သောအခါ ဆရာတော်၏ တပည့်ရင်း ဒိုင်းဝန်ဘုန်းကြီး ဦးကေသရ (လားရှိုး သုဗောဓာရုံဆရာတော်)သည် ဆရာတော့်ထံ ရောက်လာ၏။ ဆရာတော်က အေးအေးဆေးဆေးနေရန်အတွက် လူသွားလူလာ နည်းပါးသည့်နေရာတွင် ကျောင်းဆောက်ဖို့နေရာ ရှာနေကြောင်း အမိန့်ရှိလိုက်ရာ ဘုန်းကြီါ် ဦးကေသရက ဒိုင်းဝန်းကွင်းကြီးကို ဆရာတော်နှစ်သက်မည်ဆိုလျှင် ဆရာတော် အလိုရှိသလောက် ခွဲဝေလှူဒါန်းမည်ဖြစ်ကြောင်း လျှောက်ထားလေသည်။  ဆရာတော်သည် ဒိုင်းဝန်ကွင်းကြီးမြေကို နှစ်သက်သဘောကျသည်နှင့် မြောက်ဘက်ခြမ်းကို အလှူခံလိုက်၏။

၁၃၁၆-ခုနှစ်တွင် တောထနေသည့် သစ်ပင်များကို ရှင်းလင်း၍ မြေနေရာကို ဘူး(လ်)ဒိုဇာ မြေညှိစက်ကြီးများဖြင့် မြေညှိပြီးလျှင် ဒိုင်းဝန်ကွင်း မြောက်ဘက်ခြမ်း အရှေ့ထိပ်တွင် သမီးတော်ဈေး ဦးတော-ဒေါ်နိုင်တို့က “ဓမ္မဒါယာဒ” တိုက်ကျောင်းနှင့် ဆွမ်းစားကျောင်းကို ဆောက်လုပ်လှူဒါန်းကြလေသည်။ မဟာရာမ် တံတိုင်းကိုလည်း ဦးတော-ဒေါ်နိုင်တို့ကပင် လှူဒါန်းကြ၏။

ကျောင်းတကာကြီး ဦးတောသည် ကျောင်းဆောက်လှူဒါန်းပြီးနောက် သင်္ဂဇာချောင်း မြောက်ဖက်မှ နေ၍ သူ့ကျောင်းကို တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်နေလေသည်။ မစိုးရိမ် နာကယများက ကျောင်းဒကာ ဦးတော သူ့ကျောင်းကို တစိမ့်စိမ့်ကြည့်ရှူနေခြင်းကို ကျောင်းအပေါ်တွင် သာယာနေသည်ဟု ထင်ကြ၏။ ပိဋကဘုန်းကြီး ဦးစာရိန္ဒကမူ ဆရာတော်ကို​ ဤသို့လျှောက်ထားကြည့်လေသည်-

“ဆရာတော် ကျောင်းဒကာ ဦးတောကြီး ချောင်းမြောက်ဖက်ကနေ သူ့ကျောင်းသူကြည့်ပြီး သာယာနေပုံရတယ်၊ သာယာနေရင် ကုသိုလ်ရမှာ မဟုတ်ဘူး”

“ဦးပဉ္ဖင်းတို့က မောင်တောစိတ် သိလို့လား၊ မောင်တောတို့ မနိုင်တို့က သူတို့နေစရာ အိမ်တောင် မဆောက်သေးဘဲနဲ့ ကျောင်းအရင် ဆောက်ပြီးလှူတာ၊ ဒီလိုစွန့်နိုင်တဲ့သူ ဘယ်မှာရှိသလဲ၊ ရှာစမ်း ဒီလိုစွန့်နိုင်တဲ့ သူက သူ့ကျောင်းကို သူကြည့်ပြီး သာယာနေပါ့မလား” “ဒါနံ ဒတွာံ ပစ္စဝေက္ခတိ” လုပ်နေတာနေမှာပေါ့ “

ဦးတော-ဒေါ်နိုင်တို့သည် သမီးတော်ဈေးရပ်တွင် သူတို့နေထိုင်စရာ နှစ်ထပ်တိုက် ဆောက်လုပ်ပြီးနောက် ထိုတိုက်ကိုလည်း ကျောင်းအမွေခံအဖြစ် ရေစက်ချ လှူဒါန်းလိုက်ကြလေသည်။ ကျောင်းဆောက် လှူဒါန်းပြီးသည်ကစ၍ နေ့စဉ်မပြတ် ဆွမ်းပို့ကြသည့်အပြင် ဥပုသ်နေ့တိုင်း သံဃာ ၅၀-ခန့် ဆွမ်းကျွေးကြ၏။ ဆရာတော်နှင့် ကျောင်းထိုင် နာယကများအားလည်း နှစ်စဉ် ၀ါဆိုသင်္ကန်း ကပ်လှူကြ၏။

ဆရာတော် မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေသဖြင့် မစိုးရိမ်တိုက်သစ်အတွင်းတွင် ကျောင်းများ အသီးသီး ပေါ်လာတော့၏။ ၁၃၁၈-ခုနှစ်တွင် မန္တလေးမြို့ ဈေးချိုတော် ဒေါင်းရိုးရပ် ပွဲစား ဦးမြသန်း၊ ပွဲကတော် ဒေါ်မြခင်နှင့် သားသမီး ရီ၊ မာ၊ ၀င်းတို့က ဓမ္မကာမ တစ်ထပ်တိုက် ကျောင်းတစ်လုံးနှင့် ဆွမ်းစာကျောင်းဆောင်၊ ဆရာတော်၏ တူမများဖြစ်ကြသည့် သမီးတော်ဈေး ဒေါ်ဂျမ်း၊ ဒေါ်ဆန်း (မောင်) ကိုဝေတို့က ပျဉ်ထောင်ပျဉ်ကာ၊ သွပ်မိုး၊ ဓမ္မဒါန တစ်ထပ်ကျောင်းတစ်ဆောင်၊ ရွာဟိုင်းဈေး ဦးဝ-ဒေါ်ဌေး၊ တူမ မသိန်းတင်၊ မခင်ညွန့်၊ မြေး မခင်ဆွေတို့က သံဂါယန ကျောင်းဆောင်များ ပုံစံအတိုင်း ဓမ္မဒီပ နှစ်ထပ်တိုက်ကျောင်းတစ်ဆောင်၊ ဆွမ်းစားကျောင်းတစ်ဆောင်၊ သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ကာ နှစ်ထပ်ကျောင်းတစ်ဆောင်၊ ဆရာတော် တစ်သက်စီးနင်းရန် အိုပယ်ကားတစ်စီး (ဒရိုင်ဘာ ဓါတ်ဆီ ကုန်ကျစရိတ်နှင့်တကွ) လှူဒါန်းကြသည့်အပြင် ကျောင်းဆောက်ပြီးသည်ကစ၍ နေ့စဉ် ဆွမ်းပို့ကြ၏။ ဆရာတော်နှင့် ဓမ္မဒီပကျောင်း၊ ဘုန်းကြီးတို့အား ၀ါဆိုသင်္ကန်း နှစ်စဉ်မပြတ် လှူဒါန်းကြ၏။ ကျောင်းဒကာကြီး ဦးဝသည် မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည် ကဲ့သို့ပင် စနစ်ကြီးသူဖြစ်၏။ ကျောင်းသံဃာများ ဆန်ပြုတ် ကပ်ရာတွင်ပင် အလဟဿ ပိလျှံနေမှုကို လုံးဝလက်မခံသော ဒကာကြီးပင်တည်း။ စနစ်ကြီးရာမှာသာ မစိုးရိမ် ကျောင်းဒကာကြီးနှင့် တူသည်မဟုတ်၊ ကျောင်းဆောက်လုပ်ရာတွင်လည်း မစိုးရိမ်ကျောင်းဒကာကြီးနှင့် တူလေသည်။

ဒကာကြီး ဦးဝတို့သည် ဆရာတော်၏ ရဟန်းဒကာ၊ ဒကာမများနှင့် ဆက်နွှယ်၍ ငယ်စဉ်ကတည်းကပင် ဆရာတော်နှင့် ဆရာဒကာဖြစ်လာကြ၏။ တောင်ပြင် နာမည်ကြီး စာသင်တိုက်မှ ဆရာတော်တစ်ပါးနှင့်လည်း ရင်းနှီးကြ၏။ တောင်ပြင်မှ ယင်းတိုက်တွင် ပျက်စီးနေသည့် အလယ်တိုက်ကြီးကို ပြင်ဆင်ရန်ပင် စိတ်ကူးခဲ့သေး၏။ ထိုတိုက်သည် ယခင်က နာမည်ကြီးခဲ့သော်လည်း ယခုအချိန်တွင်မူ ပရိယတ္တိစာပေ သင်ကြားပို့ချရေးနှင့် ပတ်သက်၍ စည်းကမ်းလျော့ရဲရဲ ဖြစ်နေလေသည်။ ထိုတိုက်မှ အလယ်တိုက်ကြီးကို ပြင်ဆင်လျှင် ကျောင်းသာကြီးပြီး နေမည့် စာသင်သား သံဃာ သိပ်ရှိလိမ့်မည်မဟုတ်။ ထို့ကြောင့် စာသင်သား သံဃာများများ သီးတင်းသုံးနေထိုင်မည့် မစိုးရိမ်တိုက်သစ်အတွင်းတွင် ကျောင်းဆောက်လှူခြင်းဖြစ်လေသည်။

၁၃၂၀-ပြည့်နှစ်တွင် မန္တလေးမြို့ ပဲပုပ်တန်းရပ် ရွှေကုန်သည် ဒေါ်ကြီးကြီး၊ သမီး ဒေါ်သောင်းတို့က သိမ်တိုက်တစ်လုံး၊ ဦးကြူး-ဒေါ်မှော်တို့က ၀ါးကပ်မိုး၊ ထရံကာ ကျောင်းတစ်ဆောင်၊ ဦးတော-ဒေါ်နိုင်တို့ ၀ါးကပ်မိုး၊ ထရံကာ (ကုဋီပါ) ကျောင်းတစ်ဆောင် ၁၃၂၄-ခုနှစ်တွင် ဒေါ်မြိုင်တို့က အုတ်နံကပ် ဓမ္မပါလ ကျောင်းတစ်ဆောင်၊ ဆွမ်းစားကျောင်း တစ်ဆောင်၊ ၁၃၂၅-ခုနှစ်တွင် ကျိုက်လတ်မြို့ ရွှေကုန်သည် ကျောင်းအမကြီး ဒေါ်ငွေနု၊ သား ကိုသိန်းမောင်၊ ဇနီးမသန်းကြည်၊ မြေး၊ မော်၊ ထွန်း၊ သန်း၊ အေး၊ ဦး၊ သွင်၊ ဇင် တို့က ဓမ္မ၀ိနယရံသီ နှစ်ထပ်တိုက် ကျောင်းတစ်ဆောင်၊ ဆွမ်းစားကျောင်းတစ်ဆောင် (တန်ဖိုး နှစ်ကျောင်းပေါင်း တစ်သိန်းခွဲ၊ ယခုခေတ် ၆ သိန်းခန့်)၊ ၁၃၃၀-ပြည့်နှစ်တွင် မလွန်ရပ် ဒေါ်ချုံး၊ ဒေါ်ဂုံ ညီအမတို့က ရေစင်တစ်ခုနှင့် ငါးကောင်အား မော်တာတစ်လုံး၊ လေမှုတ်စက်တစ်ခု၊ လူပျံတော်ပတ္တမြား ဦးမောင်မောင်-ဒေါ်ငြိမ်း သားသမီးတစ်စု တို့က အ၀ီစိရေတွင်း တစ်တွင်း အသီးသီး ဆောက်လုပ် လှူတန်းကြသည်။

မစိုးရိမ်တိုက်သစ်အတွင်းတွင် ကျောင်းအားလုံးနှင့် အဆောက်အဦးအားလုံးတို့သည် ဆရာတော်ကို အမှီပြု၍ ပေါ်လာသည့်ကျောင်းများ၊ အဆောက်အဦးများချည်းဖြစ်ကြ၏။ ဆရာတော်သည် မစိုးရိမ်တိုက်သစ် အတွင်း ပေါ်လာသည့် ကျောင်းဟူသမျှ အဆောက်အဦး ဟူသမျှကို ပုဂ္ဂလိကအဖြစ် ရေစက်ချ အလှူခံသည်ဟူ၍ တစ်ခုမျှမရှိ။ လှူဒါန်းသူများ အကျိုးကြီးစေရန် အားလုံး သံဃိတအဖြစ် ရေစက်ချ၍ လှူဒါန်းစေခဲ့သည်။

ကျောင်းဒကာပေါ်လာရာတွင်လည်း “မည်မျှအကုန်ခံ၍ ကျောင်းဆောက်မည်နည်း။ ဘယ်လို ဆောက်၊ ညာလို ဆောက်” စသည်ဖြင့် ပါဝင်စွက်ဖက်ခြင်းမရှိ၊ ကျောင်းပြီးမှ သံဃိတရေစက်ချ၍ အလှူခံမြဲဖြစ်သည်။ ကျောင်းဒကာ၊ ဒကာမများကိုလည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မရည်ရွယ်ဖို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ရည်ရွယ်လျှင် သံဃိကလောက် အကျိုးမကြီးသည့်အပြင် ရည်ရွယ်ရင်း ပုဂ္ဂိုလ်မရှိသည့်နောက် ပျက်စီးသွားတတ်ကြောင်း သို့မဟုတ် ပြဿနာအဖြစ် ကျန်ရစ်တတ်ကြောင်း တရားဟောလေ့ရှိသည်။

ဆရာတော်သည် မစိုးရိမ်တိုက်သစ် တည်ထောင်စက စာသင်တိုက်ပြုလုပ်ရန် ရည်ရွယ်ချက်ရှိမည်မထင်။ အလုပ်အကျွေး (ဥပဠာက) ဦးပဉ္ဖင်း၊ ကိုရင်များနှင့် အေးအေးဆေးဆေးနေထိုင်ရန်သာ စိတ်ကူးခဲ့ဟန်တူ၏။ ကျောင်းများအသီးသီး ပေါ်ပေါက်လာသည့်အခါ အဆောက်အဦးက များ၍ နေထိုင်သူက နည်းပါးနေလေသည်။ သည်တွင် စာသင်တိုက်ဖြစ်အောင် ပြုလုပ်ဖို့ စိတ်ကူးပေါ်လာတော့၏။ ထို့ကြောင့် မစိုးရိမ်တိုက်ကြီးမှ နာယကဘုန်းကြီးများကို ပင့်ခေါ်၍ စာချစေခဲ့သည်။ မစိုးရိမ်တိုက်ကြီးမှ နာယကဘုန်းကြီးများ ပြောင်းရွှေ့နေထိုင်ကြသည်ဆိုလျှင် တိုက်သစ်တွင် သံဃာ တဖြည်းဖြည်း တိုးတက်လာတော့၏။ (ယခုအချိန်တွင်မူ သံဃာ ၁၇၅ ပါးရှိနေချေပြီ။) သံဃာတဖြေးဖြေး များပြားလာရာ သံဃာများသည် နံနက်တိုင်လျှင် ကုဋီကိစ္စအတွက် အခက်အခဲနှင့် ကြုံကြရတော့၏။ ယင်းကိစ္စအတွက် တန်းစီစောင့်ဆိုင်း နေကြရသည်။ ယင်းကိစ္စသည် သံဃာများအဖို့ လူဒကာ၊ ဒကာမများကဲ့သို့ ချုံကွယ်၍ ပြီးစေရန်လည်း မသင့်လျော်လှ၊ (အပြင်းအထန် အန္တရာယ် နှိပ်စက်ခံရသဖြင့် မတတ်သာလွန်း၍ ချုံကွယ်ကာ ပြီးစေခဲ့ရသည့် အခါမျိုးလည်း ရှိကြပေမည်။)

တစ်နေ့တွင် ကိုထွန်းလှသည် နံနက်စောစော မစိုးရိမ်တိုက်သစ်သို့ ရောက်လာလေရာ သံဃာများ၏ အခက်အခဲကို တွေ့မြင်သွားလေသည်။ ၁၃၃၅-ခုနှစ်တွင် အမရပူရမြို့ ရွှေနန်းတော် စောင်စက်ပိုက်ရှင် ဦးထွန်းလှ ဒေါ်သိန်းညွန့် သားသမီးတစ်စုတို့သည် မစိုးရိမ် တိုက်သစ်အတွင်းတွင် သံဃာများအတွက် လိုအပ်လျက်ရှိသည့် ၁၀-ခန်းတွဲ တိုက်ကုဋီတစ်လုံးကို ဆောက်လုပ်လှူဒါန်းကြလေသည်။ ထိုအချိန်မှစ၍ ထိုအခက်အခဲမှာ ပြေလည်သွားရတော့၏။ ယခုအချိန်တွင် အဆောက်အဦးကနည်းပြီး သံဃာကများနေသဖြင့် ကိုဘရင်-ဒေါ်စိန်စိန် မိသားစုတို့က အုတ်နံကပ်နှစ်ထပ်ကျောင်း ဆောက်လုပ်ရန် အုတ်မြစ်ချထား၏။

ဆရာတော်သည် မစိုးရိမ်တိုက်သစ် စာသင်တိုက်ဖြစ်လာပြီဆိုလျှင် နာယကအဖွဲ့ကိုပင် လွှဲအပ်လိုက်၏။ နှစ်စဉ် ရရှိသည့် န၀ကမ္မအလှူငွေများကို တိုက်သစ်သံဃိကအဖြစ် လှူဒါန်း၏။ ထို န၀ကမ္မအလှူငွေများဖြင့် မိုးရွာလျှင် တိုက်သစ် သံဃာတော်များအား ဆွမ်းချက်ကျွေးရသည်။ လစဉ် ကုန်ကျသည့် ရေမီတာခ၊ မီးမီတာခများကိလည်း ထိုငွေများဖြင့်ပင် ပေးချေရ၏။ နှစ်စဉ် ၀ါဆို၊ တန်ဆောင်မုန်း၊ တပေါင်းလတို့တွင် တိုက်တွင်း စာမေးပွဲများ ကျင်းပစေ၍ စာအောင်သံဃာတို့အား အတန်းတိုက် ၅-ကျပ်၊ ၇-ကျပ်၊ ၈-ကျပ်၊ ၁၀-ကို လစဉ် လှူဒါန်းစေခဲ့၏။

တိုက်သစ်တွင် သံဃာ တဖြည်းဖြည်း များပြားလာသည့်အခါ ဆရာတော်က တိုက်သစ် နာယကများအား “စာမေးပွဲ” တစ်နှစ်သုံးကြိမ် ကျင်းပပေးရမည်။ မဖြစ်နိုင်ပါဘူးဟု ငါ့ကို ပြန်မလျှောက်ရ၊ ဘယ်ပုံ၊ ဘယ်နည်း ကျင်းပပေးမည်။ ဘယ်ပုံကောင်းအောင် လုပ်မည်ဟု၍သာ လျှောက်ထားကြရမည်” ဟု အမိန့်ချမှတ်ခဲ့သည်။ တိုက်သစ် နာယကများကလည်း ဆရာတော့် စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးကြသည်။ တိုက်သစ်တွင် ကျောင်းထိုင် နာယက တင်မြှောက်ရန် စဉ်းမျဉ်းဥပဒေ၊ စာသင်သားများ လိုက်နာရန် စည်းမျဉ်း ဥပဒေများကိုလည်း မစိုးရိမ်တိုက်ကြီး စဉ်းမျဉ်းဥပဒေကို နည်းမှီ၍ ရေးဆွဲစေခဲ့သည်။

မစိုးရိမ်တိုက်သစ်တွင် စာချဘုန်းကြီးနှင့် စာသင်သား နှစ်မျိုးသာရှိ၍ စာချစာသင်မဟုတ်သူတို့ မရှိခြင်း သည် မစိုးရိမ်တိုက်သစ်၏ စာသင်တိုက် ပီပြင်မှုပင် ဖြစ်ပေသည်။

စာပေးကျမ်းဂန် ရေးသား ပြုစုခြင်းနှင့် ပတ်သက်၍ ဆရာတော်အပါအ၀င် မစိုးရိမ်တိုက်ဟောင်းနှင့် တိုက်သစ် နှစ်တိုက်မှ နာယကဆာတော်အားလုံး စုပေါင်း၍ တိပိဋပါဠိမြန်မာ အဘိဓာန်ကျမ်းကြီး က-၀ဂ်၊ အတွဲ ၅-၆၊ ပ-၀ဂ်အတွဲ ၁၅-၁၆- တို့ကို ရေးသားပြုစုရာတွင် မစိုးရိမ်အဘိဓာန်အဖွဲ့ ဥက္ကဠအဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး ယခု အ-၀ဂ်၊ သရအတွဲ-၄၊ အပိုင်း-၂ ကို ဆက်လက်ပြုစုတော်မူလျက် ရှိပါသည်။

“မစိုးရိမ်တိုက်သစ်နေ စာသင်သားများ လိုက်နာရန် စည်းမျဉ်း”

ဆရာတော်သည် ၁၃၂၇-ခုနှစ်၊ မစိုးရိမ်တိုက်သစ်သို့ ရောက်သောအခါ အကြံတစ်ခု ဖြစ်ပေါ်လာပါသည်။ “ယခုအချိန်တွင် တစ်နေကုန်သော်လည်း စာအုပ်နှင့် တစ်ကြိမ်မျှ မတွေ့ထိသော စာသင်သား တစ်နေကုန်သော်လည်း တစ်ကြိမ်မျှ စာမပြန် စာမအံသော စာသင်သားများ တွေ့မြင်နေရသည်။ ဤဖြစ်ရပ်မျိုးကား မရှိသင့်၊ မဖြစ်သင့်၊ ယင်းအဖြစ်မျိုးမှ ကင်းလွတ်စေရန်နှင့် အပျော်တမ်းစား၊ အပေါစား စာသင်သား အမည်ခံများ မနေနိုင်စေရန် စည်းမျဉ်းရေးဆွဲပြီး အုပ်ချုပ်မှသာ သင့်တော်မည်” ဟူ၍ ကြံတွေးမိပါသည်။ ယင်းအကြံအစည်းအတိုင်း အောက်ဖော်ပြပါ စည်းမျဥ်းများကို ရေးဆွဲချမှတ်ကာ စာသင်သားများကို အုပ်ချုပ်ခဲ့ပါသည်။

(က)    နံနက် ၉း၃၀-နာရီမှ ၁၀း၃၀-နာရီတစ်ကြိမ်

နေ့ ၁း၀၀-နာရီမှ ၂း၀၀-နာရီတစ်ကြိမ်

နေ့ ၂း၃၀-နာရီမှ ၃း၃၀- နာရီတစ်ကြိမ် ဟူ၍ စာကျက်သော အချိန်သုံးကြိမ် သတ်မှတ်သည်။ ယင်းသုံးကြိမ်တွင် စာသင်သားတစ်ပါးလျှင် မိမိစာတက်ဝါနှင့် အဆင်ပြေမည့် စာကျက်ချိန် နှစ်ကြိမ်ကျစီ တစ်နေရာတည်း စုပေါင်း၍ စာကျက်ရမည်။

(ခ) ည ၈-နာရီမှ ၉-နာရီအထိ တစ်နေရာတည်း စုပေါင်း၍ စာပြန်ရမည်။

(ဂ) ည ၉-နာရီမှ ၁၀-နာရီအထိ တစ်နေရာတည်း စုပေါင်း၍ ည၀ါ၊ (သို့မဟုတ်) ရုပ်တွက်၊ (သို့မဟုတ်) သရုပ်ခွဲ ပြုလုပ်ရမည်။

(ဃ) စာသင်သားတိုင်း အနည်းဆုံး စာတက်ဝါ တစ်ဝါရှိရမည်။

(င) ညစဉ် တစ်နေရာတည်း စုပေါင်း၍ ဘုရားဝတ်တက်၊ ပရိတ်ရွတ်၊ မေတ္တာပို့သမှု ပြုလုပ်ရမည်။

ဖော်ပြခဲ့သည့် စည်းကမ်းများကို နာယက ဘုန်းကြီးများက အလှည့်ကျဖြင့် အတိအကျ လိုက်နာအောင် ကြပ်မတ်စေခိုင်းရမည်။ ခွင့်ပြုထားသော အကြောင်းမရှိဘဲ ပျက်ကွက်က ဒဏ်ထမ်းစေရမည်။ ဤစည်းမျဉ်းအား မစိုးရိမ်တိုက်သစ်၏ ပရိယတ္တိ ပညာသင်ကြားရေးတွင် လက်တွေ့အောင်မြင်မှု ရနေသော ဆရာတော်၏ စည်းမျဉ်းများပင် ဖြစ်ပါသည်။