သတင်း

တစ်မျိုးသားလုံးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် သာမန်ဝီရိယမျိုးနဲ့တော့ မရဘူး။ ပြီးတော့ အမျိုးချစ်ရုံတစ်ခုတည်းနဲ့လည်း မရဘူး

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်တော်တည်ဆောက်ရေး ရှုမြင်ချက်ဟာ ဒီတစ်ပတ်မှာတော့ ၉ ပတ်မြောက်ခဲ့ပါပြီ။ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဆရာတော်ရဲ့ သဘောထားအမြင်များကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သိနိုင်ကြားနိုင်ဖို့ဖြစ်ပါတယ်။ အပတ်စဉ်တိုင်း ခေတ်ပြိုင်သမိုင်းထဲက အဖြစ်အပျက်တွေအပေါ်မှာ ဆရာတော်ရဲ့ သဘောထားအမြင်ကို မေးမြန်းဖြစ်ခဲ့သလို ဆရာတော်ရဲ့မူဝါဒ၊ သဘောတရားနဲ့ လမ်းစဉ်များကိုလည်း သိရှိနိုင်အောင် မေးခွန်းတွေကို ကြိုးစားတည်ဆောက်ထားပါတယ်။ ဒီတစ်ပတ်မှာလည်းပဲ ထူးခြားစူးရှတဲ့ ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့ အမြင်တွေကို မြင်ရကြားရလိမ့်မယ် ယုံကြည်ပါတယ်။

မေး- ပထမဆုံးအနေနဲ့ ဗုဒဓမ္မပရဟိဖောင်ဒေးရှင်းရဲ့ တတိယမြောက်ကြေညာချက်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။ ဘယ်နာမည်ပဲသုံးသုံး အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကတော့ ပြောင်းလဲမှု လုံးဝမရှိ၊ နဂိုမူလအတိုင်း ရပ်တည်လုပ်ဆောင်နေမည် ဆက်လက်ရှင်သန်နေမည်သာဖြစ်တယ်လို့ ပါပါတယ်ဘုရား။ အဲဒီအပေါ် အရှင်ဘုရားရဲ့ အမြင်ကိုသိချင်ပါတယ်ဘုရား။
ဖြေ- ဒါကတော့ အဲဒီအချက်တွေကို ဦးဇင်းအနေနဲ့က ယုံကြည်ပြီးသားပဲလေ။ အစကတည်းကိုက သံဃာညီညွတ်ရေးနဲ့ ပြည်သူလူထုတွေ၊ သံဃာထုတွေ စိတ်ဝမ်းမကွဲရေးကို ရှေးရှုပြီးတော့ လက်မှတ်ထိုးခဲ့တာကိုး။ အဲဒါကြောင့်သာ အမည်ပြောင်းလိုက်ရတာလေ။ ပြောရမယ်ဆိုရင် ဆိုင်းဘုတ်က ကွဲလွဲသွားပေမယ့် ခံယူချက်တို့ ရပ်တည်ချက်တို့ ယုံကြည်ချက်တို့ ရည်ရွယ်ချက်တို့ကတော့ အတူတူပဲပေါ့နော့။

မေး- မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ထဲက ၂၆လမ်း၊ ၂၄လမ်းနှင့်၂၅လမ်းကြားတွင် ဖွင့်လှစ်ထားတဲ့ လယ်သိမ်းခံတောင်သူများ၏ သပိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်၊ နံနက် ၂ နာရီက မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က အင်အားသုံးဖယ်ရှားခဲ့ပါတယ်ဘုရား။ ဦးဆောင်သူဟုယူဆရသူများအပါအဝင် တောင်သူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချက်ပါသလဲဘုရား။
ဖြေ- စဖွင့်တုန်းကလည်း အင်အားမရှိဘူး။ ဖြိုခွင်းခံရတော့လည်း လူမသိ သူမသိပေါ့။ သူတို့ကို ခေါ်ယူဆွေးနွေးတုန်းကလည်း အဆင်မပြေဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် အင်အားနည်းလို့ ဖြိုခွင်းလိုက်တဲ့သဘောပါပဲ။

မေး- “ဒီမိုကရေစီစနစ်မှာ ပြည်သူက ရွေးချယ်တင်မြှောက်သော အစိုးရကို ပြည်သူတွေက ဝေဖန်ပိုင်ခွင့်ရှိပြီး အားလုံးဟာလည်း အပြုသဘောနဲ့ ဝေဖန်တာမဟုတ်လို့ ဝေဖန်ချက်များကို သုံးသပ်ပြီး မှန်၊ မမှန်ပြန်စဉ်းစားဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂၇ ရက်က နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC) ရုံးမှာလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားမှာ ပြောခဲ့ပါတယ်ဘုရား။ အစိုးရကို လွတ်လွတ်လပ်လပ်ဝေဖန်ဖို့အတွက် အစိုးရပိုင်းက တကယ်ပဲကြိုဆိုနေကြရဲ့လားဘုရား၊ ပြည်သူတွေကရော လွတ်လွတ်လပ်လပ် ဝေဖန်ရဲကြပြီလားဘုရား။
ဖြေ- သူကတော့ စကားလုံးလှလှလေးတွေပြောပြီးတော့ ဆန္ဒမဲတွေကို ရအောင်ယူခဲ့တာပေါ့နော့။ ပြည်သူတွေကတော့ သူရဲ့ စကားလုံးလှလှလေးတွေမှာ နစ်မျောပြီး ပုံအောပစ်လိုက်တာပေါ့။ တကယ်တမ်းကျတော့ အဲဒါကို ဒီပလိုမေစီသဘောတရားလို့ ပြောရမှာပေါ့ကွာ။ ဆိုင်းဘုတ်လှလှထောင်ပြီး စကားလုံးလှလှပြောပြီး ကွယ်ရာမှာ စီမံကိန်းတစ်ခုလုပ်ကြတဲ့သဘောတရားက နိုင်ငံရေးသမားတွေမှာ ပေါ်လွင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ နိုင်ငံရေးသမားတွေထဲက နိုင်ငံရေးသမားတစ်ယောက်လို့ပဲမြင်တာပေါ့ ဦးဇင်းတို့ကလေ။

မေး- အဲဒီမိန့်ခွန်းထဲမှာပဲ သူပြောခဲ့တာရှိပါသေးတယ်ဘုရား၊ ရင်ဆိုင်ရမည့် ပြဿနာများကို ကြိုတွက်ခဲ့ပေမယ့် မျှော်မှန်းမထားသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတယ်ပေါ့။ ရှေ့ဆက်ပြီး ဘာတွေများ ထပ်ရင်ဆိုင်ရဖို့ရှိမယ်လို့ ခန့်မှန်းမိလဲဘုရား။
ဖြေ- တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီးတော့ သူဇွတ်အတင်းလုပ်တဲ့၊ အကောင်အထည်ဖော်တဲ့အရာတွေ ရှိတာပေါ့နော်။ သူလုပ်ရင်အောင်မြင်ရမယ်၊ သူလုပ်ရင်ဖြစ်ရမယ်ဆိုတာမျိုးပေါ့နော့။ အဲဒါမျိုးနဲ့ပဲ ဒုတိယပင်လုံဆိုပြီးတော့ အိပ်မက်တွေမက်ထားတာပေါ့နော်။ ဒုတိယပင်လုံကနေ နှစ်ဆယ့်တစ်ရာစုပင်လုံဆိုပြီးတော့ ဆိုင်းဘုတ်ပြောင်းသွားရတာပေါ့။ ၂၁ ရာစုပင်လုံလည်း တကယ်တမ်းပြောရရင် ဘယ်ဆီနေမှန်းမသိဘူးပေါ့နော်။ ငြိမ်းချမ်းရေးဆိုတာလည်း ဘယ်ဆီနေမှန်းမသိဘူး။ ငြိမ်းချမ်းရေးဆိုတာ ဘယ်ဆီနေမှန်းမသိတဲ့ ၂၁ ရာစုပင်လုံဖြစ်သွားတာပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေးရဲ့ အတိမ်အနက်ကို အခုမှစတွေ့တဲ့လူတစ်ယောက်လိုဖြစ်သွားတာပေါ့။ ဒါကြောင့်မို့ သူဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရတယ်လို့ သူ့ကိုယ်သူသုံးသပ်မိသွားတယ်လို့ ယူဆပါတယ်။ စိန်ခေါ်မှုအဟောင်းတွေလည်းပဲ ရှိတာပေါ့။ အဲဒါကတော့ သူအမြဲတမ်းဝေဖန်နေတဲ့ အမျိုးစောင့်ဥပဒေကိစ္စတို့၊ အမျိုးသားရေးကိစ္စတို့ ရခိုင်ကိစ္စတို့ပေါ့။ အဲဒါတွေကတော့ မျှော်လင့်ပြီးသား စိန်ခေါ်မှုဟောင်းတွေပေါ့။ အခုငြိမ်းချမ်းရေးနဲ့ပတ်သက်တာကတော့ သူ မမျှော်လင့်ရသေးတဲ့ စိန်ခေါ်မှုအသစ်တွေပေါ့။ နောက် သူအာဏာရလို့ရှိရင် နိုင်ငံတကာကပဲ အခုချက်ချင်း ပုံအောတော့မှာလို ပုံအပ်တော့မှာလို စိတ်ကူးယဉ်ခဲ့တာတွေလည်း ရှိတယ်လေ။ အိပ်မက်ခဲ့တာတွေပေါ့နော့။ တကယ်တမ်းကျတော့ ဘယ်သူပဲဖြစ်ဖြစ် သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို အာမခံမပေးနိုင်တဲ့သူကို ဘယ်သူမှ ပုံမအောဘူးလေ။ အဲဒိလိုဟာကို သူနှာဖူးတွေ့ ဒူးတွေ့တွေ့သွားတဲ့အခါမှာ သူနိုင်ငံရေးကို အခုမှပိုနားလည်သွားတာပေါ့။ အဲဒါကို သူ စိန်ခေါ်မှုအသစ်လို ဆိုလိုတာပေါ့ကွာ။

မေး- ကျောက်ပန်းတောင်းမြို့မှာ ဗလီလို့ သံသယရှိတဲ့ ဆောက်လက်စ အဆောက်အဦးတခုကို လူထုရဲ့ဝိုင်းဝန်း တောင်းဆိုချက်အရ၊ အာဏာပိုင်တွေက ဇူလိုင်(၂၇) ကြာသပတေးနေ့ညက ဖြိုချခဲ့ပါတယ်ဘုရား။ ထုံးစံအတိုင်းပဲ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေးသမားတွေက အဲဒါနဲ့ပတ်သက်ပြီးမဖြစ်သင့်ဘူးဆိုတဲ့ဝေဖန်မှုတွေ ရှိပါတယ်ဘုရား။ အဲဒီအပေါ်မှာရော ဘယ်လို မှတ်ချက်မျိုးပေးချင်ပါသလဲဘုရား။
ဖြေ- တကယ်တော့ မဖြစ်သင့်ဘူးဆိုတာ တစ်ဖက်တည်းတော့မဟုတ်ဘူးလေ။ နှစ်ဖက်ပေါ့။ ဥပမာဆိုကြပါစို့၊ ဒေသခံပြည်သူတွေနဲ့ လိုက်လျောညီထွေမှုရှိတယ်။ ဒေသခံတွေနဲ့ ရင်းနှီးချစ်ခင်မှုရှိတယ်။ ပွင့်လင်းမြင်သာတဲ့ ဆောက်လုပ်မှုရှိတယ်ဆိုရင် ဒီပြဿနာမဖြစ်ဘူးလေ။ အခုဟာက အဲဒီသုံးချက်နဲ့တစ်ခြားစီဖြစ်နေတော့ ယုန်ထင်ကြောင်ထင်ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ကောလဟာလကိုအကြောင်းပြုပြီး အခုလို လူအုပ်ကြီးဖြစ်လာတာပေါ့။ လူအုပ်ကြီးကိုအကြောင်းပြုပြီး အစိုးရကိုယ်တိုင်ကိုက ဖျက်ပေးလိုက်ရတဲ့အဆင့်ထိ ရောက်သွားတာပေါ့။ ဆိုကြပါစို့၊ အဲဒီလို တရားမ၀င်ဆောက်အထားတဲ့အဆောက်အအုံကတော့ အများကြီးရှိတာပဲလေ။ ဒါပေမယ့်လို့ ဒီလိုကြီး အစိုးရကိုယ်တိုင်ဖျက်သိမ်းပေးတာမျိုးတော့ မရှိဘူးပေါ့နော့။ လုံးခင်းဗလီတို့ဘာတို့ဆိုရင် တရားမ၀င်သော အဆောက်အအုံပဲ။ အစိုးရကိုက ဖျက်မိန့် ခဏခဏချပေးတယ်။ ဒါပေမယ့် ဒေသခံအာဏာပိုင်တွေက အကောင်အထည်ဖော်မပေးလို့ ပြည်သူလူထုက အခုလိုဝိုင်းပြီး ဖြိုဖျက်ရတဲ့ဟာတွေလည်းရှိတာပေါ့။ အဲတော့ပြောချင်တာက ဌာနေဒေသခံတိုင်းရင်းသားတွေနဲ့ ထိတွေ့မှုရှိပါ။ ပွင့်လင်းမြင်သာတဲ့ အဆောက်အအုံတွေဆောက်ကြပါ၊ ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။ အဲဒါလေး ပြောချင်ပါတယ်။

မေး- မလေးဘာသာစကားကို ၂၀၅၀ ခုနှစ်မှာ အာဆီယံရဲ့ တရားဝင် ဘာသာစကားဖြစ်ဖို့ စီစဉ်မှုတွေ ရှိနေတယ်လို့ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကပြောခဲ့ပါတယ်ဘုရား။ အာဆီယံ ဒေသအတွင်းက လူ သန်းပေါင်း ၂၉၀ က မလေးရှားဘာသာစကားကို ပြောဆိုနေပြီး မလေးရှားနိုင်ငံအပြင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူးနိုင်း နိုင်ငံတွေမှာလည်း ပြောနေကြတယ်လို့သိရပါတယ်ဘုရား။ အဲဒါတွေဟာ ကမ္ဘာကြီးကို အစ္စလာမ်ခါးပတ်ကြီးနဲ့ပတ်ထားမယ်ဆိုတဲ့ သူတို့ရဲ့မျှော်လင့်ချက်နဲ့ ဒါမှမဟုတ် အာရှေ့တောင်အာရှအပေါ် မျက်စိကျနေတဲ့ အစ္စလာမ်မိုက်ဇင်းရှင်းနဲ့ဘယ်လောက်ထိများ အဆက်အစပ်ရှိမယ်လို့ ထင်ပါသလဲဘုရား။
ဖြေ- တကယ်တမ်းကျတော့ အဲဒါတွေက မဲရအောင်၊ ထိုင်ခုံပေါ်က မဆင်းရအောင် မက်လုံးပေးနေတာပေါ့နော်။ အဲဒါတွေက စိတ်ကူးယဉ်အိပ်မက်သက်သက်ပါပဲ။ တကယ်အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလေ။ အဲဒါကို တခြားတခြားသော အာစီယံနိုင်ငံတွေက လိုက်ပြီးတော့ အကောင်ထည်ဖော်တယ်၊ သဘောတူတယ်ဆိုလို့ရှိရင် ဒီလူတွေဟာ နံပါတစ်ကတော့ ဦးနှောက်မရှိလို့ပေါ့ကွာ၊ နံပါတ်နှစ်ကတော့ ကိုယ့်နိုင်ငံကိုယ်သစ္စာဖောက်ချင်လို့ပေါ့။

(ဆက်လက်ဖော်ပြပါမည်)
4.8.2017 နေ့ထုတ်၊ အောင်ဇေယျတုဂျာနယ် အမှတ်(၁၈၄)