သတင်းအင်တာဗျူး

တစ်မျိုးသားလုံးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် သာမန်ဝီရိယမျိုးနဲ့တော့ မရဘူး။ ပြီးတော့ အမျိုးချစ်ရုံတစ်ခုတည်းနဲ့လည်း မရဘူး (အဆက် – နိဂုံး)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်တော်တည်ဆောက်ရေး ရှုမြင်ချက်ဟာ ဒီတစ်ပတ်မှာတော့ ၉ ပတ်မြောက်ခဲ့ပါပြီ။ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက်က ဆရာတော်ရဲ့ သဘောထားအမြင်များကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်သိနိုင်ကြားနိုင်ဖို့ဖြစ်ပါတယ်။ အပတ်စဉ်တိုင်း ခေတ်ပြိုင်သမိုင်းထဲက အဖြစ်အပျက်တွေအပေါ်မှာ ဆရာတော်ရဲ့ သဘောထားအမြင်ကို မေးမြန်းဖြစ်ခဲ့သလို ဆရာတော်ရဲ့မူဝါဒ၊ သဘောတရားနဲ့ လမ်းစဉ်များကိုလည်း သိရှိနိုင်အောင် မေးခွန်းတွေကို ကြိုးစားတည်ဆောက်ထားပါတယ်။ ဒီတစ်ပတ်မှာလည်းပဲ ထူးခြားစူးရှတဲ့ ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့ အမြင်တွေကို မြင်ရကြားရလိမ့်မယ် ယုံကြည်ပါတယ်။

မေး- အရင်တစ်ပတ်ကလည်း မေးခဲ့ပါတယ်ဘုရား၊ ကိုဝင်းကိုကိုလတ်တို့ အမတ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့ဘုရား။ အခု ဇူလိုင်လ ၂၇ ရက်နေ့ကပဲ ကိုဝင်းကိုကိုလတ်တို့အမှုကို မစစ်ဆေးဘဲ ရုံးချိန်ပြန်ချိန်နေတာနဲ့ပတ်သက်ပြီး `အမျိုးသားရေး ဖိနှိပ်မှုချက်ခြင်းရပ်´ဆိုပြီး အမျိုးသားရေးသမားတွေက ဆန္ဒပြခဲ့ကြပါတယ်ဘုရား။ ဆိုတော့`အမျိုးသားရေး ဖိနှိပ်မှု´တွေ တကယ်ရှိနေသလားဘုရား။ ရှိခဲ့ရင် ဘယ်လောက်အတိုင်းအတာအထိရှိနေလဲဘုရား။ ရှေ့ရှောက် အရှင်ဘုရားတို့ကရော ဘယ်လိုတုံ့ပြန်ဖို့ရှိပါသလဲဘုရား။
ဖြေ- တို့ အရင်တုန်းကတော့ အင်္ဂလိပ်ခေတ်က သခင်ပေါက်စ ထောင်ခြောက်လပေါ့။ ပြောရမယ်ဆိုရင် အမျိုးသားရေးသမားတွေကို နှိပ်ကွပ်ခဲ့တဲ့သင်္ကေတပေါ့ကွာ။ အခုခေတ်ကျတော့ အမျိုးသားရေးသမားတွေကိုပဲ ရွေးပြီးတော့ ဖိနှိပ်လာတာ တအားထင်ရှားတာပေါ့နော်။ ဥပမာ အကောင့်တုကိစ္စနဲ့ နေမျိုးဝေ အဖမ်းခံခဲ့ရတယ်။ ဒါတွေက ဖိနှိပ်မှုကို ထင်ရှားစေတယ်၊ သူတို့ကို ထိလာလို့ဆိုပြီး ချက်ချင်းလုပ်တဲ့သဘောမျိုးတွေ ရှိတယ်လို့ ဦးဇင်းတို့က ယူဆတယ်။ သူတို့ဘက်က လူတွေကို အမျိုးသားရေးသမားတွေ၊ ဆရာတော်သံဃာတော်တွေကတိုင်တဲ့အခါကျတော့ နှစ်လသုံးလကြာပြီး ဘယ်ဆီနေမှန်းတောင် မသိဘူးပေါ့နော့။ ဒါတွေက တရားဥပဒေစိုးမိုးရေး ကြွေးကြော်နေတဲ့လက်ထက်မှာ တရားဥပဒေဟာ မလိုရင်တစ်မျိုး၊ လိုရင်တစ်မျိုး အသုံးချခံနေရတယ်ဆိုတာ ပေါ်လွင်အောင်ပြောလိုက်တာပေါ့နော်။ ကိုနေမျိုးဝေကို မဟုတ်မတရား အကောင့်အတုတွေနဲ့ လုပ်ကြံပြီးတဲ့နောက်ပိုင်းမှာ မဘသမလိုအပ်ဘူးဆိုတဲ့စကားတွေပြောလာတာတို့၊ အမျိုးစောင့်ဥပဒေ လေးရပ်ကိုပြင်ဆင်ဖို့ အစီအစဉ်ရှိတယ်လို့ ဖွင့်ပြောလာတာတို့ ဦးဇင်းကို တရားပွဲပိတ်တာတို့၊ မိုးကုတ်ဝိပဿနာ ဓမ္မကထိက ဓမ္မရံသီဆရာတော်ကို ၅၉(စ)မဟောရ ဆိုပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းတာတို့၊ အခုနောက်ဆုံး မဘသကို တရားမ၀င်ကြေညာပြီး ဆိုင်းဘုတ်တွေတောင်မချန်ရဘူး အကုန်ဖျက်သိမ်းရမယ်လို့ ကြေညာချက်ထုတ်တာတို့၊ ကိုဝင်းကိုကိုလတ်တို့ အမှုဆိုရင်လည်းပဲကြည့်လေ၊ အမေရိကန်သံရုံးရှေ့မှာဆန္ဒပြတာကိုက အမေရိကန်သံရုံးကို မကျေနပ်လို့ ပြတာလေ။ အဲဒီ အမေရိကန်သံရုံးကိုမကျေနပ်လို့ ဆန္ဒပြတာကို နိုင်ငံအကြည်ညိုပျက်စေမှုနဲ့တရားစွဲတယ်ဆိုတော့ တအားကြီးလွဲနေပြီပေါ့နော့။ ဒါဟာ အမေရိကန်အစိုးရကို မျက်နှာလုပ်တာလား။ ဒီတစ်ချက် စဉ်းစားစရာရှိတယ်ပေါ့။
နောက်တစ်ခုကတော့ ဒီကောင်တွေမရှိမှ အေးမှာဆိုတဲ့ ပုံစံမျိုးနဲ့ အမျိုးသားရေးကို ဖိနှိပ်တာလား။ ဒါမှမဟုတ် တစ်ချက်ခုတ်နှစ်ချက်ပျက်အနေနဲ့ နှစ်ခုစလုံးကို ရည်ရွယ်ပြီးလုပ်လိုက်တာလား။ ဒါတွေကိုကြည့်သောအားဖြင့် ဒီအစိုးရဟာ အမျိုးသားရေးကို အားမပေးဘူး၊ အမျိုးသားရေးကို နှိပ်ကွပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ သိသာတာပေါ့နော့။

၇(က)။ ခေါင်းဆောင်မှုကောင်းကောင်း၊ အင်အားကောင်းကောင်းနဲ့ စနစ်တကျ တရားဥပဒေဘောင်အတွင်းက အမျိုးသားရေးဖိနှိပ်မှုတွေ ရပ်တန့်သွားအောင်လုပ်ဖို့ ဘာတွေများလိုအပ်မလဲ။ အရှင်ဘုရားတို့ကော ဘယ်လိုအစီအစဉ်တွေများရှိလဲဘုရား။
ဖြေ- အဲဒါကျတော့ ဟိုအရင်တုန်းကဆိုရင် မဘသအဖွဲ့ကြီးတွေလို အဖွဲ့ကြီးတွေက ဦးဆောင်ပြီး လုပ်ဖို့ကောင်းတာပေါ့။ အခုဆိုရင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကဦးဆောင်ပြီး ၆၆(ဃ) နဲ့လည်းမငြိအောင်၊ အခြားအခြားသော တရားဥပဒေနဲ့လည်း မငြိအောင် လုပ်ပုံလုပ်နည်းတွေကို သင်တန်းပို့ချတာတို့ ညွန်ကြားတာတို့ လုပ်လို့ရတာပေါ့နော့။ ဦးဇင်းတို့ကျတော့ တစ်သီးပုဂ္ဂလလိုဖြစ်နေတဲ့အတွက်ကြောင့် အွန်လိုင်းပေါ်ကနေအသိပေးရုံ၊ နီးစပ်ရာကို ဆုံးမသြ၀ါဒပေးရုံ ဒါလေးပဲရှိတာပေါ့။

၈။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ထားတဲ့စာပေါ့ဘုရား။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းကို ဆန့်ကျင်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူခြင်းမရှိဘဲ သံဃာတော်တွေနဲ့ဖြစ်ဖြစ်၊ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေနဲ့ဖြစ်ဖြစ် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားတဲ့ ဘာသာရေးအမည်ခံ အဖွဲ့အစည်းတွေနဲ့ ဂိုဏ်းတွေဟာ ဥပဒေအရ ဖွဲ့စည်းခွင့်မရှိတဲ့ အဖွဲ့အစည်းသာဖြစ်တယ်၊ နိုင်ငံတော်အတွင်းမှာ သံဃာ့ဂိုဏ်းကိုးဂိုဏ်းပါဝင်တဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုတည်းသာရှိတယ်လို့ ရေးထားတာတွေ့ရပါတယ်ဘုရား။ ဆိုတော့ မဘသအဖွဲ့တွေ ဆက်ရှိနေဦးမလားဆိုတာနဲ့ အဲဒီအပေါ်မှာ ဘယ်လိုထင်မြင်ချက်မျိုးပေးလဲဆိုတာကို သိချင်ပါတယ်ဘုရား။
ဖြေ- တကယ်တမ်းပြောရရင် မဟနဆရာတော်ကြီးတွေရော၊ သာသနာရေးဝန်ကြီးရော ပြဋ္ဌာန်းဥပဒေနဲ့ အမိန့်အာဏာကို မကွဲဘူးဖြစ်နေတယ်။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်ဆိုတာက အမိန့်ကို ဥပဒေအဖြစ်သုံးစွဲတာ။ တကယ်တမ်းကျတော့ ပြဋ္ဌာန်းဥပဒေမဟုတ်ဘူးလေ။ ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာချိန်မှာ အဲဒီ အမိန့်အာဏာကြီးဟာ ပျက်ပြယ်သွားတာပေါ့။ အသင်းအဖွဲ့ဥပဒေပြဋ္ဌာန်းလိုက်နိုင်တဲ့အခါကျတော့ အဲဒီ ပျက်ပြယ်သွားတဲ့ဥပဒေကြီးကို ဘယ်လိုမှ ပြန်လည်အသက်သွင်းလို့ မရနိုင်တဲ့အဆင့်ဖြစ်သွားတာပေါ့။ အဲဒီလို အမိန့်အာဏာနဲ့ ပြဋ္ဌာန်းဥပဒေကို မကွဲလို့သာ သူတို့တတွေ အခုလို ဟောပြောနေတာတို့၊ ကြေညာချက်ထုတ်နေတာတို့၊ ရေးသားနေတာတို့ အင်တာဗျူးတွေမှာ ဖြေဆိုနေတာတို့ တွေ့ရတာပေါ့နော်။

၉။ တစ်ဆက်တည်းမှာပဲ မဟန ဥက္ကဋ္ဌဆရာတော်ကြီးကလည်းပဲ The Voice နဲ့အင်တာဗျူးမှာ မဘသဟာ ဥပဒေအရဖွဲ့ခွင့်မရှိဘူး၊ ဂိုဏ်းကိုးဂိုဏ်းပဲရှိရမယ်လို့ ပြောထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်းပဲ ဖျက်ဖို့ပြောထားတယ်လို့လည်း ပြောထားပါတယ်။ တပည့်တော်တို့သိတာကျတော့ မဘသဟာ ဂိုဏ်းလည်းမဟုတ်ဘူး၊ နောက် မဘသညီလာခံမှာတောင်မှ ဗန်းမော်ဆရာတော်ကြီးက ညီအစ်ကိုလို သားအဖလို ညီညီညွတ်ညွတ်လုပ်ကြမယ် စတဲ့သြ၀ါဒပေးတာတွေလည်း ဖတ်ရသိရပါတယ်ဘုရား။ ဆိုတဲ့ ဘယ်လိုကြောင့် ရှေ့နောက်မညီဘဲ ကွဲလွဲချက်တွေဖြစ်လာတယ်လို့ ထင်ပါသလဲဘုရား၊ အဲဒါလေး ဖြေလို့ရရင် ဖြေပေးပါဦးဘုရား။
ဖြေ- ဆရာတော်ကြီးရဲ့ ဗီဒီယိုဖိုင်လည်းကြည့်ရတယ်၊ အင်တာဗျူးလည်း ဖတ်ရပါတယ်။ ပြောရမယ်ဆိုရင် ဆရာတော်ကြီးက မဘသအရေးမှာ စိတ်တည်ငြိမ်မှုအတော့်ကို ပျက်ပြားနေတာတွေ့ရတယ်ပေါ့နော့။ ဒါကြောင့်မို့ ဦးဇင်းတို့တတွေက ဆရာတော်ကြီးပေါ်မှာပြန်ပြီး အားနားတာတို့၊ သနားတာတို့၊ ကရုဏာသက်တာတို့ ပြန်ဖြစ်နေတာပေါ့နော့။ တရားလွှတ်တော်မှာ စာချွန်တော်တက်ပြီး ဆုံးဖြတ်ကြေးဆိုရင်တော့ မဟနဆရာတ်ေကြီးတွေလည်း ဘယ်လိုမှ မတတ်နိုင်ဘူး၊ သာသနာရေးဝန်ကြီးလည်း ဘယ်လိုမှ မတတ်နိုင်ဘူး၊ အစိုးရလည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ မဘသဟာ တရားဝင်အဖွဲ့အစည်းဖြစ်တယ်ဆိုတာ ကမ္ဘာကြီးက သိသွားမှာပေါ့။

၉(က)။ အဲဒီအင်တာဗျူးမှာပဲ ဗန်းမော်ဆရာတော်ကြီးက မဟနမှာဝင်ပြီး အရွေးချယ်ခံဖို့တို့ဘာတို့ ပြောထားတာလည်းတွေ့ပါတယ်ဘုရား။ အဲဒါတွေက ဖြစ်နိုင်လားဘုရား။ ဆိုလိုတာက သံဃာနာယကအဖွဲ့ထဲမှာ ရွေးချယ်ခံပြီး ၀င်ပြိုင်တို့ဘာတို့ဆိုတာ တကယ်ပဲဖြစ်နိုင်သလားဘုရား။
ဖြေ- မဖြစ်နိုင်ပါဘူး။ သံဃမဟာနာယကက သမ္မတရွေးကောက်ပွဲတွေလို ၀င်ပြိုင်ရတာမဟုတ်ဘူးလေ။ မြို့နယ် သံဃာနာယကဆိုရင် မြို့နယ်အဆင့်တွေ ၀င်ပြိုင်ရတာပေါ့နော့။ တိုင်းသံဃာနာယကဆိုရင် တိုင်းအဆင့်တွေက ပြိုင်ရတာပေါ့။ နိုင်ငံတော် သံဃမဟာနာယကကျတော့လည်း နိုင်ငံတော်အဆင့်တွေပြိုင်ရတာဆိုတော့ အဲဒါကြီးက အတော့်ကို အလှမ်းဝေးသွားပြီ။ တကယ်တမ်းကျတော့ ဒီဥပဒတွေကြောင့် ဥပဒေတွေ ပြင်ဆင်ချင်တယ်ဆိုရင် နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်ဆရာတော်တွေက ဒီဥပဒေတွေကို ပြင်လို့လည်းရတယ်၊ ဖျက်လို့လည်းရတယ်၊ နုတ်ပယ်တာတို့၊ ဖြည့်စွက်တာတို့၊ လုံးဝဖျက်သိမ်းတာတို့ အများကြီးလုပ်လို့ရတာပေါ့လေ။ အဲတော့ ပြီးခဲ့တဲ့ ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီးတုန်းကလည်း အမိန့်အာဏာတွေက ခေတ်နဲ့မညီတော့တဲ့အတွက်ကြောင့် ဒါတွေကို ပြန်လည်ပြုပြင်ပြီးတော့ ပြဋ္ဌာန်းသင့်တဲ့အကြောင်းကို အကြံပေးကြတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်တော်များတာပဲလေ။ အဲဒီကတည်းက အကောင်အထည်မဖော်ခဲ့တာက အကြောင်းရှိမှာပေါ့နော့။ ဆိုလိုတာက လိုအပ်ရင်သုံးမယ်၊ မလိုအပ်ရင် မသုံးဘူး။ သုံးချင်ရင်သုံးမယ်၊ မသုံးချင်ရင် ကြည့်နေမယ်ဆိုတဲ့ ပုံစံမျိုးကြီးပေါ့လေ။

၁၀။ အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေးလည်း မိန့်ပေးပါဦး။
ဖြေ- သြ၀ါဒစကားအနေနဲ့ အဓိဋ္ဌာန်ငါးချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ လုပ်ဆောင်ချက်ပေါ့။ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေကိုပြောချင်တာက တစ်မျိုးသားလုံးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် သာမန် ၀ိရီိယမျိုးနဲ့တော့ မရဘူး။ ပြီးတော့ အမျိုးချစ်ရုံတစ်ခုတည်းနဲ့လည်းမရဘူးပေါ့။ ဘုရားဂုဏ်တော်ကိုးပါးထဲမှာ ဝိဇ္ဇာစရဏသမ္ပန္န- ၀ိဇ္ဖာနဲ့ စရဏလို့ အရည်အချင်းနှစ်မျိုးရှိတာပေါ့နော်။ ၀ိဇ္ဖာဆိုတာကတော့ နှလုံးရည်ပိုင်း၊ ပညာဥာဏ်အရည်အချင်းပိုင်းကို ဆိုလိုပြီး စရဏပိုင်းကျတော့ လုပ်ရည်ကိုင်ရည်ကို ဆိုလိုတာပေါ့။ အဲတော့ ၀ိဇ္ဖာ အနေနဲ့လည်း အရည်အချင်းတွေပြည့်ဝနေရမယ်၊ စရဏအနေနဲ့လည်း ၀ီရိယကောင်းရမယ်၊ စာရိတ္တကောင်းရမယ်၊ သဘောထားကြီးရမယ်၊ သည်းခံခွင့်လွတ်တတ်ရမယ်၊ ပြုလွယ် ပြင်လွယ်တဲ့ စိတ်နှလုံးနူးညံ့ပျော့ပြောင်းမှုရှိရမယ် ဆိုတဲ့ အချက်အလက်တွေပါဝင်တာပေါ့။ မြတ်စွာဘုရား ၄၅ ၀ါ ကာလပတ်လုံး ဝေနေယျသတ္တ၀ါတွေအတွက် မနားမနေ လုပ်ဆောင်ခဲ့သလို ဦးဇင်းတို့ကလည်း တစ်မျိုးသားလုံးအတွက် မနားမနေလုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ (ဆက်သွယ်မေးမြန်းသည်။)

4.8.2017 နေ့ထုတ်၊ အောင်ဇေယျတုဂျာနယ် အမှတ်(၁၈၄)