သတင်း

ဒီမိုကရေစီအရေးတစ်ခုတည်းနဲ့တော့ တို့နိုင်ငံကြီးကို တည်ဆောက်လို့ မရဘူး။ အမျိုးဘာသာသာသနာကို ပစ်ပယ်ပြီး နိုင်ငံရေးလုပ်လို့ မဖြစ်ဘူး (၂)

မေး- NLD ကို ထောက်ခံဝန်းရံခဲ့တဲ့ကာလကနေ NLDရဲ့ ရန်သူတော် နံပါတ်တစ်ဘ၀ကို ရောက်သွားတယ်။
နိုင်ငံရေးအကူးအပြောင်းတွေမှာပဲ အရှင်ဘုရားတစ်ပါးတည်းအနေနဲ့ဆိုရင်တော့ ပြောင်းပြန်အနေအထားအထိကို ရောက်သွားတာမျိုးဆိုတော့ အဲဒီအပေါ်မှာရော အခြေအနေတွေက ဘယ်လိုရှိနေလဲဘုရား။

ဖြေ- တကယ်တမ်းပြောရမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့နာမည် တော်တော်ကြိုက်တာပေါ့နော့။ နောက်ပြီးတော့ ဆိုကြပါစို့ကွာ- မိန်းမသားတစ်ဦးကို ဗိုလ်ချုပ်ကြီးတွေက ၀ိုင်းအနိုင်ကျင့်နေတာကို မခံမရပ်ဖြစ်တာတွေလည်းပါတာပေါ့။ နောက် ဗိုလ်ချုပ်သမီးဆိုပြီးတော့ သံယောဇဉ်ရှိတာလည်း ပါတာပဲလေ။ နောက်ပြီးတော့ မိန့်ခွန်းတွေနဲ့၊ အင်တာဗျူးတွေနဲ့ လျှပ်တပြက် ပြောတာဆိုတာတွေ ဒါတွေကိုကြည့်ပြီး ရူးသွပ်ခဲ့တာတွေလည်းပါတာပေါ့။
အဲတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတော့ ဦးဇင်းတို့က အမျိုးသားရေးရော၊ ဒီမိုကရေစီရေးရော နှစ်ခုစလုံးကို ညီညီမျှမျှ သွားမယ်အောက်မေ့တာလေ။

ရခိုင်အရေးကနေစပြီးတော့ အမျိုးသားရေးမှာ ဇီးရိုးပဲဆိုတာ သိလိုက်ရတာ။

ဒီမိုကရေစီအရေးတစ်ခုတည်းနဲ့တော့ တို့နိုင်ငံကြီးကို တည်ဆောက်လို့ မရဘူး။ အမျိုးဘာသာသာသနာကို ပစ်ပယ်ပြီး နိုင်ငံရေးလုပ်လို့မဖြစ်ဘူး။

တို့တတွေက အမျိုးဘာသာ သာသနာကို ကာကွယ်မယ်ဆိုပြီးတော့ လမ်းခွဲထွက်လိုက်တာပါ။

သူတို့ကတော့ကွာ၊ ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ အခုချိန်အထိ ရန်သူတော် နံပါတ်တစ်အဖြစ် သတ်မှတ်ကြတာပေါ့လေ။

တကယ်တမ်းပြောမယ်ဆိုရင်တော့ သူတို့ အမြဲတမ်းတောင်းဆိုလာခဲ့ကြတာပဲ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အဖြေရှာပါဆိုတာသူတို့ရဲ့လက်သုံးစကားပဲလေ။
အခုလည်း မဘသနဲ့ အစိုးရ ဒီလိုဒီလိုဖြစ်နေတယ်ဆိုရင် တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ သင့်တာပေါ့လေ။

မေး- ဒီနိုင်ငံမှာ အရေးတကြီးလုပ်စရာအခြေအနေတွေ အများကြီးရှိနေတယ်ပေါ့ဘုရား၊ ငြိမ်းချမ်းရေးတို့၊ ရခိုင်အရေးတို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ပေါ့ဘုရား။
အဲဒီလို လုပ်စရာတွေအများကြီးထဲကမှ မဘသရှိခြင်းမရှိခြင်းဟာ တိုင်းပြည်အတွက် ဘာမှထိခိုက်မှုလည်း မရှိနိုင်ဘဲနဲ့ ဘာလို့များ မဘသကို ဖြိုခွင်းဖို့လုပ်နေတယ်လို့
ယူဆရပါသလဲဘုရား။

ဖြေ- အဓိကတော့ နောက်ကွယ်က လက်မည်းကြီးတွေပေါ့ကွာ။ အမျိုးစောင့်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ကတည်းကိုက ကတိက၀တ်တွေရှိခဲ့တာပေါ့။

အခုလည်း UNတို့ ဘာတို့ကနေ မဘသကိုဖျက်သိမ်းဖို့ တောင်းဆိုထားတာတွေ ရှိတယ်လေ။

တချို့နိုင်ငံတွေလည်း မဘသကို ဖျက်သိမ်းနိုင်မှ ဘာလှူမယ်၊ ဘာကူမယ်ဆိုတာတွေ မဟုတ်ကဟုတ်ကတွေ ပြောထားတာတွေလည်း ရှိတယ်ပေါ့။

အဲတော့ ပြည်ပအကူအညီကို လိုချင်တာနဲ့ပဲ ဒီသားသမီးအရင်းကို
နှိပ်ကွပ်နေတဲ့ပုံစုံမျိုး၊ အမွေပြတ်စွန့်လွတ်နေတဲ့ ပုံစံမျိုးကြီး ဖြစ်သွားတာပေါ့ကွာ။

တကယ်တမ်းကျ ဒါမရှိလို့ ဒါလုပ်တာမဟုတ်ဘူး၊ ဒါလုပ်လို့ရှိရင် ဒါရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒါလုပ်နေတာပေါ့ကွာ။

မေး-နောက်တစ်ခုက ဦးအောင်သောင်းနဲ့တွေ့တယ်၊ ဦးခင်ညွန့်နဲ့တွေ့တယ်၊ အဲဒီလိုပဲ ဘဘဦးဝင်းတင်နဲ့လည်း အရှင်ဘုရားက တွေ့ခဲ့တယ်၊
ဒီအချိန် ဘဘဦးဝင်းတင်များရှိနေသေးရင် NLDရဲ့ ပြုမှုဆောင်ရွက်နေမှုတွေကို ဘယ်လိုဝေဖန်ချက်ပေးမယ်ထင်လဲ။

ဖြေ- နာယကကြီး ဦးဝင်းတင်ကတော့ နိုင်ငံရေးသမား ပီသတာပေါ့နော်။ ပီသတဲ့အတွက်ကြောင့် သူကိုယ်တိုင် သဘောထားတင်းမာသူပဲထားဦး နိုင်ငံရေးမှာ သံဃာတွေရဲ့အခန်းကဏ္ဍကိုလုံးဝ မပစ်ပယ်ဘူး။ ဒါကြောင့်မို့ ပစ်ပယ်တာတွေနဲ့ပတ်သက်တာတွေကိုလည်း သူက ထည့်ရေးတာတို့၊ ထည့်ပြောတာတို့ လုပ်တာပေါ့လေ။
နောက် ဝေဖန်စရာရှိရင်၊ ပြုပြင်စရာရှိရင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှ ဒီလှိုင်းထဲကနေ ဝေဖန်တာ တွေတောင် လုပ်ခဲ့တာကိုး။
လုပ်တဲ့အတွက်ကြောင့်လည်း သူက ချောင်ထိုးခံရတာလေ။ ဒီအချိန်ရောက်ရင်တော့ ချောင်ထိုးခံရရုံတင်မဟုတ်ဘူး၊ ပါတီကနေ ထုတ်ပယ်ခံရမယ့်ပုံစံမျိုးတောင်ဖြစ်နိုင်တယ်။

မေး- အရှင်ဘုရားကိုယ်တိုင်က ၀ါတွင်းကာလဆိုရင် စာသင်စာချလုပ်ငန်းတွေ မပျက်မကွက်လုပ်တယ်လို့ သိရပါတယ်ဘုရား။
အဲဒါနဲ့ပတ်သက်ပြီး စာချဆရာတော်တွေပြောတာ တစ်ခုကြားဖူးပါတယ်ဘုရား၊ ဒီဘက်ခေတ်က ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်တွေဟာ
စာသင်စာချတဲ့ဘက်ထက် ရဟန်းစာရေးဆရာဘ၀၊ အောင်မြင်တဲ့ဓမ္မကထိကဘ၀တွေကို ပိုပြီး အာရုံကျကျတယ်ပေါ့ဘုရား။
သာသနာအတွက် အားလျော့တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ အဲဒီအပေါ်မှာ အရှင်ဘုရားရဲ့အမြင်က ဘာများဖြစ်မလဲဘုရား။

ဖြေ- အဲဒါလည်း သူ့လိုင်းနဲ့သူကောင်းတာပေါ့နော်။ တကယ်တမ်းကျတော့ ဦးဇင်းတို့တိုက်အနေနဲ့ဆိုရင် ဓမ္မာစရိယအောင်ပြီးရင် အဲဒီလို ဓမ္မကထိကလိုင်းကို ရွပ်ရွပ်ချွန်ချွန်ရွေးပြီးသွားတာကောင်းတယ်၊ စာရေးပြီး သာသနာပြုတဲ့ လိုင်းကိုရွေးပြီး သွားတာကောင်းတယ်။
အဲဒီလိုမှမဟုတ်ဘူး ဟိုသင်တန်းလေး စပ်စပ်၊ ဒီသင်တန်းလေး စပ်စပ်နဲ့ တောင်မရောက်မြောက်မရောက်နဲ့ အလုပ်လက်မဲ့ ဓမ္မာစရိယတွေ အများကြီး သောင်တင်နေတာ တွေ့ရတာပေါ့။ အဲတော့ သူတို့အတွက် ကျောင်းထိုင်စရာကျောင်းမရှိဘူး၊
အလုပ်လုပ်စရာ စာချလုပ်ငန်းတို့၊ တရားပြလုပ်ငန်းတို့ ဒီအတွက် အလုပ်မရှိဘူး။ ဒီလိုမရှိတဲ့အချိန်မှာ ဓမ္မကထိကဖြစ်အောင်ကြိုးစားတယ်၊
စာရေးဆရာဖြစ်အောင်ကြိုးစားတယ်ဆိုတာကို ကောင်းတယ်လို့ထင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဟိုမရောက် ဒီမရောက်နဲ့သောင်တင်နေပြီး နောက်ဆုံးတော့ သာသနာ့အမှိုက်ဖြစ်သွားတာမျိုးကျ မကောင်းဘူးပေါ့ကွာ။

မေး- တရားစီရင်ရေးနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုလည်း မေးချင်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ ဖေ့ဘုတ်ခ်မှာလည်းပဲ ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ နေဝင်းအောင်(ကိုရန်ကုန်)တို့ရဲ့ အမှုတွဲနဲ့ပတ်သက်ပြီး တင်ထားတယ်ပေါ့ဘုရား။ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ဖို့၊ ဖြောင့်မတ်မှန်ကန်ဖို့ ဘာတွေလိုအပ်မလဲ။တရားဥပဒေစိုးမိုးဖို့အတွက်ကလည်းပဲ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ဖို့၊
ဖြောင့်မတ်မှန်ကန်နေမှသာလျှင် ဖြစ်နိုင်မှာဆိုတော့ကိုဝင်းကိုကိုလတ်တို့ တစ်မှုတည်းမဟုတ်ဘဲ အရှင်ဘုရားတို့ မန်းမဘသက ကူညီနေရတဲ့ အမှုတွေ၊ အခြားသော အမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုများ မှတ်ချက်ပေးနိုင်မလဲ။

ဖြေ- အဓိကကတော့ တရားဥပဒေစိုးမိုးရေးကို စိတ်ဝင်စားဖို့ပေါ့ကွာ။ အခုဟာက တရားဥပဒေစိုးမိုးရေးဘက်ကို လှည့်မှမကြည့်ဘဲနဲ့။
တစ်ချက်ကလေးလောက်လှည့်ကြည့်ရင်ကို တော်တော်ဟုတ်သွားတာကွ။ အရင်အစိုးရလက်ထက်က တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူတယ်၊ အဲဒီမှာ သူ နှစ်မြို့သုံးမြို့လောက်သွားပြီး ကွင်းဆင်းတယ်၊ အဲဒီမှာ အဂတိလိုက်စားတဲ့ တရားသူကြီးတွေ ပြောင်းတဲ့သူပြောင်း၊ ပြုတ်တဲ့သူက ပြုတ်သွားတယ်ပေါ့။ အဲဒီလောက်ကလေး အလုပ်လုပ်ရင်ကို မဆိုးဘူးပေါ့။

တရားစီရင်ရေးကို လျစ်လျူရှုထားတဲ့ပုံစံမျိုးဖြစ်နေတော့ ဘယ်သူပဲဖြစ်ဖြစ်လေ ကြောက်ရမယ့်သူမရှိရင် လုပ်ချင်ရာလုပ်မှာပဲ။

နောက်တစ်ခု အစိုးရကိုယ်တိုင်က ချစ်ခြင်းမုန်းခြင်းကင်းရမယ်၊ ချစ်သူကိုသာစေ မုန်းသူကို နာစေဆိုတဲ့သဘောမျိုး မထားရဘူး၊ ဓမ္မဓိဋ္ဌာန်ကျကျ ဘက်လိုက်မှုကင်းကင်းနဲ့ ဆုံးဖြတ်ဆောင်ရွက်နိုင်ပါမှ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်နိုင်မှာပါ။

မေး- အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေးမိန့်ပေးပါဦး။

ဖြေ- အမျိုးသားရေးညီအစ်ကိုမောင်နှမတွေကို ဦးဇင်းပြောချင်တာကတော့ ခန္တီဝါဒီရသေ့လို ရပ်တည်ချက် ခိုင်မြဲအောင်ကြိုးစားကြပါလို့။

ခန္တီဝါဒီရသေ့ဟာ လက်အဖြတ်ခံရလည်း သူ့ဝါဒကို စွန့်လွှတ်မသွားဘူး။
ခြေအဖြတ်ခံရလည်း သူ့ဝါဒကို စွန့်လွှတ်မသွားဘူး။
နောက်ဆုံး အသက်ထွက်တဲ့အထိ ခန္တီဝါဒဘက်ကနေရပ်တည်သွားတာပေါ့။

အခုလည်း အဲဒီလိုပဲ၊ ဘယ်အစိုးရတက်တက်၊ ဘယ်လိုပဲဖိနှိပ်ဖိနှိပ် ဘယ်လိုပဲ ချုပ်ချယ်ချုပ်ချယ် အမျိုးသားရေးဟာ အမျိုးသားရေးပဲ၊ အမျိုးသားရေးကနေ တစ်ဆံခြည်မှ ရွေ့မသွားအောင် ခန္တီဝါဒီရသေ့ထုံးကို နှလုံးမူပြီး ကျင့်သုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။

(ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်)