သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁)

12.10.2017 ရက်နေ့ မနက် မနက်(၈)နာရီ စစ်တွေမြို့ ဓညဝတီအားကစားကွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ရောက်ရှိကြပါသည်။ ကျေးရွာပေါင်း(၁၀)ရွာမှ အိမ်ထောင်စု (၂၀၃)စု လူဦးရေ(၆၈၆)ဦးရှိပါတယ်။ အကြမ်းဖက်သတ်ဖြတ်ခံရသူများ၏ ကျန်ရစ်သူမိသားစုပေါင်း(၆)စုရှိပါတယ်။ ဒုက္ခသည်စခန်းတာဝန်ခံ ဥပါသကာကြီးက အစစအရာရာ ပြည့်စုံကြောင်း လှူဒါန်းသူများလည်းပေါများကြောင်း အစိုးရနှင့် အလိုတော်ပြည့်ဆရာတော်ကြီးကလည်း လိုလေသေးမရှိ ထောက်ပံ့ကြောင်းနှင့် အလိုတော်ပြည့်ဆရာတော်ကြီးက ဟိန္ဒူအားလုံးကို ကယ်ဆယ်ခဲ့ကြောင်း၊ ပြည့်စုံအောင်လည်း ထောက်ပံ့ကြောင်း ပြောဆိုကာ အလိုတော်ပြည့်ဆရာတော်ကြီးအား ဟိန္ဒူတို့၏ ဒုတိယဘုရားသခင်အဖြစ် ကျေးဇူးတင်မဆုံး ချီးမွမ်းနေပါသည်။

ဓညဝတီဟိန္ဒူစခန်းရှိ မိသားစု(၆)စုမှ လူဦးရေ(၄၀)အသတ်ခံခဲ့ရကြောင်း အိမ်ထောင်စု တစ်စုလျှင် တစ်ဦးတည်းသာကျန်ရစ်သည့် အိမ်ထောင်စုက များပြားကြောင်း လွတ်မြောက်ခဲ့သူများကြည့်လျှင် အခင်းဖြစ်ချိန်တွင် ရွာမှာမရှိသူများဖြစ်ကြောင်း တွေ့ရှိရပါတယ်။ (၄)တန်းကျောင်းသားအရွယ်(၂)ဦးအနက် တစ်ဦးမှာ မိသားစု(၂၃)ဦး အသတ်ခံခဲ့ရပြီး ကျန်တစ်ဦးမှာ မိသားစု(၆)ဦး အသတ်ခံခဲ့ရပါတယ်။ ၄င်းကလေးငယ်(၂)ဦးကျောင်းတက်နေ၍ မတွေ့ခဲ့ရပါ။

ဟိန္ဒူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ရခြင်းအကြောင်းကို စခန်းတာဝန်ခံက အခုလို ပြောပြပါတယ်။ ဘာသာမတူလို့ သတ်ဖြတ်ခြင်းနှင့် နွားသတ်သမားတို့က နွားကိုးကွယ်သူတွေကို မကြည်ဖြူနိုင်လို့ သတ်ဖြတ်ခြင်းဖြစ်နိုင်ပါတယ်။ အိမ်ထောင်စု တစ်စုလျှင် တစ်သောင်းကျပ်စီ (သိန်းနှစ်ဆယ်နှင့်ခြောက်သောင်းကျပ်) ကျန်ရစ်သူမိသားစု တစ်စုလျှင် သုံးသိန်းကျပ်စီ(တစ်ဆယ့်ရှစ်သိန်းကျပ်) တစ်နေ့တာအာဟာရအတွက် ခြောက်သိန်းကျပ် စုစုပေါင်း လေးဆယ့်လေးသိန်းခြောက်သောင်းကျပ် လှူဒါန်းခဲ့ကြပါတယ်။

အတွင်းရေးမှူးချုပ်ဆရာတော်ကြီးအမှူးပြုသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(အထက်မြန်မာပြည်) မန်း မဘသအဖွဲ့ဆရာတော်သံဃာတော်များက ကိုယ်တော်တိုင် စွန့်ကြဲထောက်ပံ့ကြပါတယ်။