သတင်း

ရှင်သာသမဏေထိန်းကျောင်းရေး ရဟန်းပျိုနှစ်ပါး လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ရွာ၊ ကုသလာရာမ ဘုန်တော်ကြီးသင် ပညာရေးကျောင်းမှာ ရဟန်းပျိုနှစ်ပါး လိုအပ်လျက်ရှိပါတယ်။ စာသင်သားကိုရင်လေးများကို ထိန်းကျောင်းဖို့ စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ကိုရင်လေးတွေ (၁၇၂)ပါးရှိပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ မူလတန်းကျောင်းစာ သင်ယူနေကြသူတွေ ဖြစ်ပါတယ်။ စာရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစ အရာရာ တာဝန်ယူထားတဲ့ ကျောင်းတော်ကြီးပါ။

ဧက (၃၀၀)နီးပါး ကျယ်ဝန်းပြီး အဆောက်အဦးများ ခေတ်မီကာ နေထိုင်မှုအဆင့်အတန်း မြင့်မားတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး စာဖတ်ခန်း၊ စာကြည့်တိုက်၊ နားနေဆောင်၊ ရေချိုးခန်း၊ စာသင်ဆောင်၊ ဆွမ်းစားဆောင်၊ အားကစားကွင်း စုံလင်စွာ တွေ့ရပါတယ်။

လာရှိုးဇာတိ ထိုင်ဝမ်ဆရာတော်ကြီး ဦးကုသလတည်ထောင်ထားတာပါ။ သာသနာတော်ရေသောက်မြစ်ဖြစ်သော ကိုရင်လေးများ စဉ်ဆက်မပြတ် ထွက်ပေါ်လာနိုင်ဖို့ ရည်ရွယ်ပြီး မူလတန်းကျောင်းစာ စတင်သင်ကြားပေးနေတာပါ။ သူတို့လေးတွေ သာသနာ့ဘောင်မှာ ပျော်ပိုက်သွားရင် စာသင်တိုက်အသီးသီးသို့ ပို့ဆောင်ပေးမှာဖြစ်သလို စာချဆရာတော်တွေ အဆင်သင့်ဖြစ်ရင် ကျောင်းဝန်းကြီးထဲမှာပဲ ပရိယတ္တိစာပေများ သင်ကြားပို့ချနိုင်အောင် စီစဉ်ထားပါတယ်။

အကြီးတန်းအဆင့် ရဟန်းပျိုလေးများ စာချတန်းအဆင့် ရဟန်းပျိုလေးများ ဓမ္မာစရိယဘွဲ့ရ ရဟန်းပျိုလေးများ ပစ္စည်းလေးပါး မပင်ပန်း မညိုးနွမ်းဘဲ ခေတ်မီမီ စနစ်တကျ ပြည်နယ်သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လိုပါက ဆက်သွယ်နိုင်ပါတယ်။
စားဝတ်နေရေး ကျန်းမာရေးနှင့် နဝကမ္မသုံးစွဲရေးများပါ တာဝန်ယူမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရန်
ဦးသီလာနန္ဒာဘိဝံသ 09259628282/ 09256554554

ကျောင်းတော်ကြီးနဲ့ပတ်သက်တဲ့ ပို့စ်အဟောင်းလေးကို ပူးတွဲတင်ပြထားပါတယ်
—————————————-

“လားရှိုးမြို့နယ်၊ နောင်မွန်ရွာ၊ ကုသလာရာမ ဘကကျောင်းသို့ အလည်တစ်ခေါက်”
==============================================

သီတင်းကျွတ်လဆန်း(၁၄)ရက်၊ (15.10.2016) မနက် (၇း၀၀)နာရီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ရွာ၊ ကုသလာရာမ ဘုန်တော်ကြီးသင် ပညာရေးကျောင်းမှာ မနက် အရုဏ်ဆွမ်းစားပါတယ်။

အရုဏ်ဆွမ်းစားပြီး ကိုရင်လေးတွေကို သြဝါဒတရား ဟောကြားပါတယ်။
ကိုရင်လေးတွေ အပါး (၁၅၀)ရှိပြီး သူငယ်တန်းမှ စတုတ္ထတန်းအထိ မူလတန်းကျောင်းစာ သင်ယူနေကြသူတွေ ဖြစ်ပါတယ်။
စာရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစ အရာရာ တာဝန်ယူထားတဲ့ ကျောင်းတော်ကြီးပါ။

ဧက (၃၀၀)နီးပါး ကျယ်ဝန်းပြီး အဆောက်အဦးများ ခေတ်မီကာ နေထိုင်မှုအဆင့်အတန်း မြင့်မားတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး စာဖတ်ခန်း၊ စာကြည့်တိုက်၊ နားနေဆောင်၊ ရေချိုးခန်း၊ စာသင်ဆောင်၊ ဆွမ်းစားဆောင်၊ အားကစားကွင်း စုံလင်စွာ တွေ့ရပါတယ်။

တစ်နေ့တာ ကုန်ကျစရိတ် နေ့စဉ် (၅)သိန်း ရှိပြီး လာရှိုးဇာတိ ထိုင်ဝမ်ဆရာတော်ကြီး ဦးကုသလတည်ထောင်ထားတာပါ။
အလယ်တန်း အထက်တန်းအထိ ဆက်လက်တိုးချဲ့သွားမယ်လို့ သိရပါတယ်။
အုပ်ချုပ်သူ သံဃာတော်(၈)ပါးရှိပြီး ဂေါပကအဖွဲ့နှင့် သင်ကြားသူ ဆရာ ဆရာမ (၁၂)ဦး ရှိပါတယ်။
ဝန်ထမ်းအားလုံး (၅၀)ကျော်ရှိပြီး ဘက သာသနာကို အစွမ်းကုန် ပြုစုပျိုးထောင်နေတာ တွေ့ရပါတယ်။

ထိုင်ဝမ်မှ သီလရှင်ဆရာလေးတစ်ပါး ကြီးကြပ်နေတာကိုလည်း တွေ့ရပါတယ်။
သံဃာတော်(၈)ပါးထဲမှာ အကြီးဆုံးဖြစ်တဲ့ ဦးသီလာနန္ဒာဘိဝံသ က စာရေးသူရဲ့ သူငယ်ချင်း မစိုးရိမ်တိုက်သစ် နာယကတစ်ပါး ဖြစ်ပါတယ်။
ထိုင်ဝမ်သီလရှင်ဆရာလေးနှင့် စကားပြန်မှတစ်ဆင့် သာသနာရေး ပညာရေး ဆွေးနွေးဖြစ်ပါတယ်။