ဂျာနယ်သတင်းအင်တာဗျူး

အမျိုးသားရေးသမားဆိုတာ ဆူးကြားက ဘူးခါးပါပဲ (၁) (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မေး – ဒီသတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံအရှေ့ဘက်မုခ်မှာ ဈေးရောင်းတဲ့ မွတ်ဆလင်တစ်ဦးကို သံဃာနှစ်ပါးနဲ့ လူနှစ်ယောက်က မောင်းထုတ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်ဘုရား။ အဲဒီသတင်းတွေကိုပဲ ပုံကြီးချဲ့ဖော်ပြနေတယ်ဆိုတဲ့သုံးသပ်ချက်တွေလည်း ရှိနေတယ်ဆိုတော့ ဒီကိစ္စကို ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – မောင်းထုတ်တာတော့ မတွေ့ရဘူးကွ။ ပြေပြေလည်လည်ပြောပြီးတော့ ပြန်ခိုင်းတာတော့ တွေ့ရတယ်။ ဒါလည်း တစ်ကယ်တမ်းပြောလို့ရှိရင်တော့ သူတို့အပေါ် မေတ္တာမဲ့လို့တော့ မဟုတ်ပါဘူး။
ဒါကိုအကြောင်းပြုပြီးတော့ မွတ်ဆလင်ဈေးသည်တွေအများကြီးဖြစ်လာရင် အဲဒီအများကြီးထဲမှာမှ တစ်ယောက်စနှစ်ယောက်စက ဘုရားကိုအန္တရာယ်ပြုတာ ဖျက်ဆီးတာမျိုးတွေ ကြုံလာခဲ့ရင် ကိုယ်ကျိုးနည်းကုန်မစိုးလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တားဆီးကြတာပေါ့နော်။ ဒါကိုပဲ ဘုန်းကြီးတွေက လူတွေလောက်ကို မေတ္တာမရှိတော့သလိုလို၊ ကရုဏာခေါင်းပါးသလိုလို နိုင်ငံရေး အမြတ်ထုတ်တဲ့သူတွေကြောင့် ဒီလို အုတ်အော်သောင်းနင်းဖြစ်ကုန်ကြတာပါ။
ဦးဇင်းတို့ဆိုလို့ရှိရင်တော့
ကဲ ဒကာကြီး ခင်ဗျားပစ္စည်းတန်ဖိုး ဘယ်လောက်ရှိလဲ၊ ငါးထောင်ရှိတယ်ဆိုကြပါစို့၊ ကဲ အဲဒါဆို ကျုပ်တစ်သောင်းပေးမယ်ဗျာ၊ နောက်တော့ ဒီနေရာလာ ဈေးမရောင်းပါနဲ့၊ ကျုပ်တို့မှာ ဒီလိုအန္တရာယ်တွေရှိတယ်၊ ခင်ဗျားကို အကြောင်းပြုပြီးတော့ အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်လို့ပါ၊ စိတ်မရှိပါနဲ့ဆိုတဲ့ ပုံစံမျိုးလောက် စီစဉ်လို့ဖြစ်တာပေါ့နော်။
ကိုယ်တော်လေးတွေက ငယ်တယ်၊ လုပ်ချင်ကိုင်ချင်တာပဲ သိတယ်။ ဒါကို နိုင်ငံရေးသမားတွေက အမြတ်ထုတ်တယ်။
သာသနာတော်ကို သူတို့လောက်မှ မကြည်ညိုဘူး၊ လူတွေအပေါ် သံဃာတွေက သူတို့လောက်မှ မေတ္တာမရှိဘူးဆိုတဲ့ ပုံစံမျိုးတွေ ချိုးသွားကြတာပါ။

မေး – အဲဒီအဖြစ်အပျက်ကို RFA လို မီဒီယာကြီးတွေကစလို့ သတင်းလုပ်ပြီး ဖော်ပြကြတယ်ပေါ့ဘုရား။ တခြားဘက်ကိုကြည့်မယ်ဆိုပြန်ရင်ကြတော့ ဒီလတ်တလောလေးကပဲ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးက မဘသအဖွဲ့တွေ၊ ဗုဒဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့တွေက သိန်းသုံးထောင်ကျော်လောက်
လှူဒါန်းတာကိုကျတော့ သတင်းအမှောင်ချထားတယ်ပေါ့ဘုရား။ အဲဒီလို မမျှတမှုတွေနဲ့ပတ်သက်လို့ရော ဘယ်လိုမြင်ပါသလဲဘုရား။
ဖြေ – အစတုန်းက ဒီအသိုင်းအ၀ိုင်းကိုတွက်ထားမိတာက နိုင်ငံရေးအရ တိုက်ခိုက်နေကြတာလို့ပဲ အောက်မေ့ခဲ့တာပေါ့နော်။ သူတို့ လိုလားတဲ့သူကို မထောက်ခံလို့၊
သူတို့လိုလားတဲ့သူကို ထောက်ပြဝေဖန်လို့၊ ဒါကြောင့် ဒီအဖွဲ့အစည်းကြီးကိုမုန်းပြီး၊ ဒီသံဃာတွေကိုပါ စော်ကားပြစ်မှားနေကြတယ်လို့ အောက်မေ့ခဲ့တာပေါ့။
အခုရခိုင်အရေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာမှ အဖြေတစ်ခုတွေ့ရတာက အမျိုးသားရေးရပ်တည်ချက်ကို သူတို့တွေက ၀ိုင်းဖျက်ဆီးနေကြတာ။ အမျိုးသားလုံခြုံရေးစည်းရိုးကို လုံခြုံအောင် စောင့်ရှောက်နေတဲ့သူတွေကို အရင်ဦးဆုံးဖယ်ရှားချင်ကြတာပေါ့နော်။
ဒီအပြစ်တွေရှိတယ်၊ ဒါကြောင့် ဖယ်ရှားတယ်ဆိုတာမျိုး ကမ္ဘာကို သူတို့တွေပြချင်ပုံရတယ်။
အဲဒီပုံစံနဲ့ပဲ သူတို့တွေ ထိုင်းက သံဃာတွေကို နှိပ်ကွပ်ခဲ့တာလေ။ ဒါကြောင့်မို့ ငုံးဥသည် ငါးထောင်တန်၊ တစ်သောင်းတန်လေးကို နိုင်ငံတကာ မျက်နှာစာမှာ သတင်းကြီးတစ်ခုဖြစ်အောင်ဖန်တီးပြီးတော့ ဟိန္ဒူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကိုတော့ သူတို့တွေ အမှောင်ချထားကြတာပေါ့။
အဲဒါနဲ့ တစ်ဆက်တည်းပြောချင်တာက ဗမာမိန်းကလေးတွေကို မွတ်ဆလင်တွေက အကြမ်းဖက်ပြီး အဓမ္မကျင့်ကြလို့ နစ်နာနေတဲ့ သူတွေ ဗမာပြည်မှာ အများကြီးပဲ။
အဲဒီအများကြီးကို ဦးဇင်း ဦးဝီရသူလည်းထောက်ပံ့ကူညီနေတယ်။ မဘသအဖွဲ့အစည်းတွေလည်းထောက်ပံ့ကူညီနေတယ်။
အဲဒီ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေကိုရော ကူညီဖို့ မရှိဘူးလားလို့ အဲဒီအသိုင်းအ၀ိုင်းကို မေးခွန်းပြန်ထုတ်ချင်တာပေါ့နော့။

မေး- အကြမ်းဖက်ဘင်္ဂါလီဆန့်ကျင်ရှုတ်ချပွဲတွေ မြို့တော်တော်များများလုပ်နေပေမယ့် သတင်းစာမျက်နှာတွေမှာ သိပ်နေရာမရပေမယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ့ပွဲမျိုးတွေကျတော့ တော်တော်လေး အသားပေးဖော်ပြကြတာတွေ့ရပါတယ်။ အကြမ်းဘက်ဘင်္ဂါလီဆန့်ကျင်ရှုတ်ချပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ပွဲဆိုတဲ့သဘောမျိုးကို တစ်ဖက်က ယူဆနေကြတယ်ဆိုတဲ့ သဘောမျိုးလားဘုရား။
ဖြေ – သူတို့တွေကတော့ ဘာလုပ်လုပ်မယုံကြည်ကြတော့ဘူးပေါ့နော်။ သူတို့တတွေက အရင်အစိုးရနဲ့ စစ်အစိုးရအပေါ်မှာ ဒီတိုင်းကြီးကျင့်သုံးခဲ့ကြတော့ သူတို့အပေါ်ကျင့်သုံးတာနဲ့ ဒီလူတွေ ဒီပုံစံတွေချည်း အောက်မေ့သွားတာပေါ့နော်။ တကယ်တော့ အရင်အစိုးရနဲ့၊ စစ်အစိုးရအပေါ်ကျင့်သုံးတဲ့သူတွေက နိုင်ငံရေးအမြင်နဲ့ လုပ်ခဲ့ကြတာ။ အခု ဒီအစိုးရလက်ထက်မှာ အခမ်းအနားတွေ ကျင်းပနေတဲ့သူတွေက အမျိုးသားရေးအမြင်နဲ့ ကျင်းပခဲ့ကြတာပေါ့နော်။
တကယ်တမ်းပြောလို့ရှိရင် ကျန်စစ်သားက စောလူးမင်းကို ၀င်ကူနေတာလို့ သဘောပေါက်ရမှာပေါ့နော်။ အဲဒီလိုသဘောမပေါက်နိုင်ဘဲနဲ့ ခေါက်ရိုးကျိုးနေတဲ့ သံသယမျက်လုံးကြီးနဲ့ပဲ လိုက်ကြည့်နေမယ်ဆိုရင်တော့ တခြားတခြားသောအကြောင်းအရာမပါဘဲနဲ့ တရားသားချည်းသက်သက်ဟောတဲ့ သီတဂူဆရာတော်ကြီးအပေါ်လည်း အမြင်ကြည်မှာမဟုတ်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ချစ်သောမျက်စိနဲ့ ကြည့်တာမဟုတ်ဘဲနဲ့ အပြစ်ရှာတဲ့ မျက်လုံးနဲ့ကြည့်တာဆိုတော့လေ။

မေး – အရှင်ဘုရားစောစောကပြောသွားတဲ့အထဲမှာလည်း ပါပါတယ်ဘုရား။ မြန်မာမိန်းကလေးတွေကို ဘာသာခြားတွေက မုဒိမ်းကျင့်တာတို့၊ လိင်ပိုင်းဆိုင်ရာ အစော်ကားတာတို့ကို အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာတွေမှာ တင်ထားတာလည်း တွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေကူညီထားလဲ၊ ရှေ့ကရော ဘယ်လိုမျိုးကူညီမှုတွေ လုပ်ပေးခဲ့ဖူးလဲဆိုတာ သိချင်ပါတယ်ဘုရား။
ဖြေ – ကူညီထားတာတွေ နံပါတ်စဉ်မတပ်ခဲ့တော့ နံပါတ်စဉ်အတိုင်း အရေအတွက် အတိအကျချပြလို့ မရဘူးပေါ့နော်။ ဒါပေမယ့် မြန်မာပြည်တစ်ဝှမ်းပေါ့၊ ပြည်နယ်တွေမှာရော၊ တိုင်းဒေသကြီးတွေမှာရော ဘာသားခြားတွေနဲ့ မုဒိမ်းမှုဖြစ်လာပြီဆိုရင် မကူညီရတဲ့ မုဒိမ်းမှု၊ မကယ်ရတဲ့ မုဒိမ်းမှုဆိုတာ မရှိသလောက်ပေါ့။ တစ် ငွေရေးကြေးရေးအရကူညီရတယ်၊ နှစ် အကြံဥာဏ်အရကူညီရတယ်၊ သုံး ဥပဒေကြောင်းအရ ကူညီရတယ်၊ လေး သံဃာအင်အား၊ လူအင်အား၊ စသဖြင့်အများကြီး ကူညီရတာပေါ့နော်။ တချို့ အမှုတွေဆိုရင် အိမ်ရှင်က အိမ်ငှားကို မုဒိမ်းကျင့်တာဖြစ်တဲ့အတွက်ကြောင့် အမှုဖြစ်လာတဲ့အခါ ဆက်နေလို့ မဖြစ်တော့တဲ့အတွက် အိမ်ငှားရှာပေးရတာတောင် လုပ်ပေးရတာပေါ့နော်။ အဲဒီလောက်ထိကို အများကြီး ကယ်ခဲ့ရတာပေါ့။
မေး – ဒီရက်ပိုင်းမှာပဲ သြစတြီးယားနိုင်ငံမှာတော့ ဘူရ်ခါခြုံတာ၊ မျက်နှာ နီကတ်အုပ်တာတို့နဲ့ပတ်သက်ပြီး တရားဝင်တားမြင်လိုက်ပြီပေါ့ဘုရား။ သူတို့နိုင်ငံကို ပြောင်းရွေ့လာတဲ့သူတွေကတော့ သူတို့နိုင်ငံရဲ့ စံတန်ဖိုးတွေကို လေးစားလိုက်နာရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်တာပါဘုရား။ တပည့်တော်တို့နိုင်ငံမှာတော့ ဘူရ်ခါခြုံတာတွေ၊ နီကတ်ဝတ်တာတွေကို မန္တလေးတို့၊ ရန်ကုန်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရတာတွေကို ဘယ်လိုသုံးသပ်ပါသလဲဘုရား။
ဖြေ – အဲဒါတော့ နှစ်ချက်ရှိတာပေါ့။ တစ်အချက်က- မြန်မာပြည်ရဲ့ယဉ်ကျေးမှုနဲ့ လုံးဝမကိုက်ညီဘူး။ ဒါကြောင့် ရောမရောက်ရင် ရောမလိုကျင့်ဆိုတဲ့ မူအရ၊ လူမှုရေး ရှုထောင့်အရ ဒါတွေကို သူတို့တွေက လိုက်နာရမှာပေါ့နော်။ နှစ်အချက်အရ – အဲဒါကြီးတွေကို အဲဒီလို ၀တ်ဆင်လာတဲ့အခါ ယောက်ျားမှန်းမသိရဘူး၊ မိန်းမမှန်းမသိရဘူး။ နောက် လူဆိုးမှန်းမသိရဘူး၊ လူကောင်းမှန်းမသိရဘူး။
အဲဒီအထဲမှာ အသေခံဗုံးခွဲဖို့ တပ်ဆင်ထားတာတွေ ရှိမရှိဆိုတာလည်း မသိရဘူး။ ဒီအတွက် ဌာနေတိုင်းရင်းသားတွေ သို့မဟုတ် ပြည်သူလူထုအားလုံး အန္တရာယ်ရှိနိုင်တယ်ပေါ့။
အဲတော့ ငါတို့တွေ ဒီလိုကြီးဝတ်သွားရင် ငါတို့တွေကိုအ န္တရာယ်ပြုမယ့်လူသားအဖြစ် သတ်မှတ်သွားခဲ့သော် ဆိုတဲ့ အတွေးအမြင်လေးတော့ မွတ်ဆလင်အသိုင်းအ၀ိုင်းမှာ ရှိဖို့လိုတာပေါ့နော်။
ငါတို့ယဉ်ကျေးမှု ငါတို့ဇွတ်ထူထောင်တာ ဘာဖြစ်လဲ ဘယ်သူ့ဂရုစိုက်ရမလဲဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေးဆိုတာတွေ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတာတွေ လုံးဝမဖြစ်နိုင်ဘူးပေါ့နော်။
(ဆက်လက်ဖော်ပြပါမည်)

13.10.2017 ရက်နေ့ထုတ် မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၂)