သတင်းအင်တာဗျူး

အာဏာယစ်မူးတဲ့သူတွေက အမျိုးသားရေးသမားတွေကို ရန်သူလိုမြင်လာပြီးတော့ မဖြစ်မနေနှိမ်နင်းမှရတော့မယ်ဆိုပြီး အနိုင်ကျင့်ခဲ့ကြတာ (၃/နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ)

မေး- နိုင်ငံရေးကို အနှစ်ချုပ်ပြောရရင် နိုင်ငံရေးဆိုတာဟာ ပြည်သူလူထုကောင်းစားရေးဖြစ်တယ်၊ လူပုဂ္ဂိုလ်တစ်ယောကို ကိုးကွယ်နေတာ ဒါမှမဟုတ် ပြောရေးဆိုခွင့်ရတုန်း ကောင်းကြောင်းပြောနေတာမဟုတ်ဘူးလို့ နားလည်ပါတယ်ဘုရား။
တချို့ကတော့ နိုင်ငံရေးဆိုတာကို တလွဲအဓိပ္ပါယ်ဖွင့်ရုံမကဘဲ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံရေးအဓိပ္ပါယ်ထဲကို နာမည်ကြီးတွေကို စင်တင်ဇာတ်သွင်းတာတွေလည်းတွေ့နေရတော့ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါလဲ။

ဖြေ- နိုင်ငံရေးဆိုတာကတော့ တိုင်းပြည်နှင့်ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ရတဲ့အလုပ်ပဲလေ။ မြန်မာ့နိုင်ငံရေးသမားတွေက ချစ်ခြင်းနဲ့ မုန်းခြင်းနှစ်ခုပဲ သူတို့သိတယ်။

တစ်ဦးတစ်ယောက်ကို ချစ်မယ်၊ တစ်ဦးတစ်ယောက်ကို မုန်းမယ်။
အဖွဲ့အစည်းတစ်ခုကိုချစ်မယ်၊ အဖွဲ့အစည်းတစ်ခုကို မုန်းမယ်။
ချစ်သောသူကို ဝေဖန်တဲ့သူ ရန်သူ။
ချစ်သောအဖွဲ့အစည်းကို ဝေဖန်တဲ့သူ ရန်သူ။
မုန်းသောသူကိုထောက်ခံတဲ့သူ ရန်သူ။
မုန်းသောအဖွဲ့အစည်းကို ထောက်ခံတဲ့သူ ရန်သူ။
အဲဒီပုံစံမျိုး သဘောထားပြီးတော့ သူတို့တတွေ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်မှာ သရုပ်နေကြတာပါ။ သူတို့ တတွေရဲ့ သရုပ်ဆောင်မှုတွေကို အပေါ်စီးကနေ မကြည့်နိုင်တဲ့သူတွေကတော့ အဟုတ်ကြီးထင်ပြီး လက်ခုပ်တဖြောင်းဖြောင်းနဲ့ပေါ့။ ဒါပေမယ့် အဲဒါတွေကို အပေါ်စီးကနေကြည့်နိုင်သူတွေကျတော့ အင်မတန်စက်ဆုပ် ရွံရှာစရာကောင်းတာပေါ့။
ဥပမာဆိုကြပါစို့၊လွှတ်တော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကာကွယ်ဖို့ ဥပဒေပြုလုပ်ငန်းတွေ လုပ်နေတာလား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုဖော်ဆောင်ဖို့ ဥပဒေပြုလုပ်ငန်းတွေ လုပ်နေတာလား၊ ဒီသဘောတရားကို နားမလည်တဲ့သူတွေကျတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်တာနဲ့တင် လမ်းဆုံးသွားတာပေါ့။ အာဏာရပါတီဝင်တို့သည် ပြည်သူလူထု အကျိုးစီးပွားဘက်က ရပ်တည်မှာလား၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဘက်ကပဲ ရပ်တည်မှာလား၊ ဒီမေးခွန်းကို မေးရကောင်းမှန်းမသိတဲ့သူတွေကျတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ပဲ လမ်းဆုံးသွားတာပေါ့။

အကျဉ်းချုပ်ပြောရရင်တော့ ပြည်သူတွေ နိုင်ငံရေး ဗဟုသုတခေါင်းပါးလေ အခုလို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများပြီး မမှားသင့်ဘဲ မှားရလေ၊ တိုင်းပြည်ဟာ မကျသင့်ဘဲ ကျရလေဆိုတဲ့သဘောမျိုး သက်ရောက်သွားမှာပါပဲ။

မေး- ရန်ကုန်မှာလုပ်ခဲ့တဲ့ နှစ်သစ်ကူးတရားပွဲမှာ ဆရာတော်တစ်ပါး ဟောခဲ့တဲ့ တရားနှင့်ပတ်သက်ပြီး ဝေဖန်တာတွေ ရှိပါတယ်ဘုရား။ အချို့ဆို ချိတ်ထဘီတရား၊ ဘာညာနဲ့တောင် ပြောနေတာတွေလည်း တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။

ဖြေ- ပြောစရာနှစ်မျိုးရှိတယ်၊ တစ်အချက် ကျေးဇူးတင်တဲ့အပိုင်း၊ နှစ်အချက် သင်္ခန်းစာယူသင့်တဲ့အပိုင်း။
ဒီနှစ်ပိုင်းမှာ ကျေးဇူးတင်သင့်တဲ့အပိုင်းက အခုလို ဝိပဿနာဆရာတော်တစ်ပါး တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးက နိုင်ငံရေးနဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို By Name နဲ့ နာမည်တပ်ပြီး တိုက်ရိုက်ကြီး ချီးမွမ်းခန်းထုတ်လိုက်တဲ့အခါကျတော့ အမျိုးသားရေးဆရာတော်တွေ သက်သာရာရသွားတာပေါ့။

ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပွဲတစ်မျိုး မရိုးရအောင် ဖက်ရှင်အမျိုးမျိုး ဝတ်ပြနိုင်တယ်လို့ အမျိုးသားရေးဆရာတော်တစ်ပါးက ရေးခဲ့တုန်းက ဘုန်းကြီးဖြစ်ပြီး သင်္ကန်းမှအားမနာတို့ ဘုန်းကြီးက ဘုန်းကြီးလိုမနေဘဲ မိန်းမထမီဝတ်တာကအစ လိုက်ကြည့်နေတယ်တို့နဲ့ အပြစ်တင်ကြ ပြစ်မှားကြ စော်ကားကြတာတွေ ရှိပါတယ်။
အခု ဝိပဿနာသမားက ဓမ္မာသနပလ္လင်ပေါ်ကနေ ချိတ်ထမီတရား ဟောကြားတဲ့အခါကျတော့ သံဃာစစ် သံဃာမှန်ဆိုပြီး ချီးမွမ်းခန်းထုတ်လာတာ တွေ့ရပါတယ်။ ဒါကိုထောက်ရင် နောက်နောင် အမျိုးသားရေးဆရာတော်တွေ ရေးသားတာမျိုး ဟောကြားတာမျိုး ရှိလာတဲ့အခါ အရှင်ဆန္ဒာဓိကမျက်နှာလေးကိုထောက်ပြီး ဟိုအရင်ကလို နင်ပဲငဆ မပြစ်မှားနိုင်တော့ဘူးပေါ့။

နောက်တစ်ခုက နိုင်ငံရေးလုပ်ချင်ရင် လူထွက်တို့၊ နိဗ္ဗာန်ရောက်ကြောင်းမဟောဘဲ နိုင်ငံရေးပဲဟော နေတယ်တို့နဲ့ အမျိုးသားရေးဆရာတော်တွေကို အတင်း သင်္ကန်းဆွဲချွတ်နေတဲ့ကိစ္စတွေ လျှော့ပါးသွားတာပေါ့နော်။ ဒီအတွက် ကျေးဇူးတင်ရတာပါ။

နောက်တစ်ခုက ဒီဆရာတော်လေးက သမိုင်းကြောင်းလှပါတယ်၊ ဆွေကြီးမျိုးကြီးထဲကလည်း ဝတ်လာတယ်၊ ခေတ်ပညာတတ်တစ်ပါးလည်းဖြစ်တယ်၊ ပရိယတ္တိမှာလည်း သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ တစ်ပါးဖြစ်လို့ အရည်အချင်းရှိတယ်။ ဝတ်လာတုန်းကလည်း တစ်ယောက်တည်းနေ တစ်စိတ်တည်းထားဆိုပြီး ဒီဘဝမှာတင် မဂ်ဖိုလ်နိဗ္ဗာန်ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုတဲ့ ကြီးမားတဲ့ရည်ရွယ်ချက်နဲ့ဝတ်လာတာပါ။
ကျောင်းတိုက်နာမည်ကိုက တောရဆိုတာပါတယ်။ ဒီလို ကိုယ့်တရားနှင့်ကိုယ် နားအေးပါးအေး သီတင်းသုံးနေထိုင်တော်မူတဲ့ ဝိပဿနာဆရာတော်လေးတွေကို နိုင်ငံရေးလောကထဲ ဆွဲသွင်းလာတော့ ပထမဦးဆုံး ရရှိလိုက်တာက ဝေဖန်ထိုးနှက်မှုပါပဲ။

အဲဒီနောက် ဓမ္မသက်သက် ကိုးကွယ်တဲ့သူတွေနဲ့ နိုင်ငံရေးအရ ကိုးကွယ်တဲ့သူတွေ နှစ်ပက္ခဖြစ်သွားပြီး ဓမ္မသက်သက်ကိုးကွယ်တဲ့သူတွေက ဆရာတော်လေးကို ကျောခိုင်းသွားကြမှာ စိတ်မကောင်းဘူး။

နောက်ပြီး နိုင်ငံရေးသမားဆိုတာ လိုအပ်နေတုန်းပဲ အသုံးချကြတာ။ တကယ်စိတ်ပါလို့ မဟုတ်ဘူး။ သစ္စာရှိကြတဲ့သူတွေလည်း မဟုတ်ဘူး။ ဆရာတော်ဦးဥတ္တမဆိုတာ ဝေးပါသေးတယ်၊ ရွှေဝါရောင်သံဃာတော်တွေကိုပဲ ကြည့်လိုက်ပါ။  နိုင်ငံရေးသမားတွေက ရွှေဝါရောင်သံဃာတွေကို နေရာပေးကြရဲ့လားလို့ ရွှေဝါရောင်သံဃာတွေရဲ့ ကျေးဇူးတရားကိုရော သိကြရဲ့လားလို့။ ဒါလေးတွေ သင်္ခန်းစာယူမိတယ်။

နားအေးပါးအေး နုနုနယ်နယ် ပျော့ပျော့ပြောင်းပြောင်း အေးအေးလူလူ နေထိုင်ကြတဲ့ ဆရာတော်လေးတွေ ဘယ်နေ့ ဘယ်လို ဘယ်ပုံ ဘယ်ထိ နိုင်ငံရေးသမားတွေရဲ့ ကိုယ်ကျိုးအတွက် အသုံးချခံရမလဲဆိုတာကို တွေးပြီး စိတ်မကောင်းဖြစ်မိတာပါ။ အမြန် သင်္ခန်းစာယူနိုင်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

မေး- အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ-အမျိုးသားရေးလှုပ်ရှားမှုတွေ နည်းပါးသွားလို့ဆိုပြီး စိတ်မကောင်းမဖြစ်ပါနဲ့။ နဝတ လက်ထက်တုန်းက NLD ဆိုင်းဘုတ်လည်း အဖြုတ်ခံရတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတီမှအထုတ်ခံရတယ်။ NLD ရဲ့ လှုပ်ရှားမှုဆိုတာလည်း BBC BOA RFA စတဲ့ လေလှိုင်းပေါ်မှာသာ ရှိခဲ့တာပါ။
အဲ့ဒီ ကြမ်းတမ်းတဲ့ကာလကြီးတုန်းက တကယ်ရွတ်ရွတ်ချွန်ချွန် လှုပ်ရှားတဲ့နိုင်ငံရေးသမားတွေကိုကြည့်ရင် NLD တွေမဟုတ်ကြပါဘူး။ ဒါပေမဲ့ အခုတော့ NLD တွေ ဘုန်းမီးနေလ တောက်နေကြပြီလေ။

အခုလည်း ဒီလိုပါပဲ။ အမျိုးသားရေးသမားတွေ ဘုန်းမီးနေလ ပြန်လည် တောက်ပတဲ့အခါ အခု NLD အကြီးအကဲတွေလို မမောက်မာကြဖို့ မမြောက်ကြွကြဖို့ မခက်ထန်ကြဖို့ တရားဓမ္မတွေ ပြည့်နှက်နေအောင် ဆင်ခြင် နှလုံးသွင်း ပွားများ အားထုတ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

12.1.2018 မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၁၅)