သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်များကို မေးမြန်းရေးသားတဲ့အချိန်မှာ ဆရာ တော်ဦးဝီရသူရဲ့ ဘဝနဲ့ဒဿန၊ နိုင်ငံရေးခံယူချက်၊ အမျိုးသားရေးခံယူချက်များကို ပါဝင်နိုင်အောင် ကြိုးစားပြီး မေးခွန်းများတည်ဆောက် မေးမြန်းပါတယ်။ အဲဒါတွေအပြင် လက်တလောဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက နိုင်ငံရေးအတိုးအလှုပ်တွေကိုလည်းပဲ မေးမြန်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မဘသနဲ့ပတ်သက်တဲ့ မေးခွန်းများကို မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်ရဲ့အသံနဲ့ အမျိုးသားရေးအားမာန်တွေ ငွားငွားစွင့်စွင့် လွှင့်တင်နိုင်ဖို့ အထူးရည်ရွယ်ပါတယ်။

မေး – “ဝီရသူရှိနေသရွေ့ မဘသရှိနေမယ်”ဆိုပြီး အရှင်ဘုရားရေးသားထားတဲ့ ပို့စ်တစ်ခုဖတ်ရပါတယ်ဘုရား။ အဲဒီအကြောင်းလေးကို ဒီတစ်ပတ်မှာ ပထမဆုံး စမေးချင်ပါတယ်ဘုရား။ အရှင်ဘုရားက မဘသ ဆက် ရှိနေမယ်လို့ ပြောထားပေမယ့် အပြင်ဘက်က အခြေအနေတွေက နည်းနည်းလေး ရှုပ်ထွေးမှုတွေ ရှိနေ လို့ပါဘုရား။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းလို့ ဆိုင်းဘုတ်တပ်သူတွေ၊ နောက်မဘသဆိုင်းဘုတ် မဖြုတ်ဘဲ ဒီအတိုင်းရပ်တည်နေသူတွေ စသည်ဖြင့်ပေါ့ဘုရား။ အရှင်ဘုရားကိုယ်တိုင်ကလည်းပဲ ဗုဒ္ဓဓမ္မပရဟိတဖောင် ဒေးရှင်းကြီးက နုတ်ထွက်ထားတယ်ဆိုတော့ လက်ရှိ အရှင်ဘုရားတို့ရဲ့ မဘသရဲ့အခြေအနေ ဘယ်လိုရှိပါသလဲဘုရား။

ဖြေ – ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းနဲ့ မဘသက ခွဲခြားလို့မရဘူးလေ။ မတတ်သာလို့သာ အမည်ပြောင်းလိုက်ရတာကိုး။ မူဝါဒ၊ လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ နောက်ပြီးတော့ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့က ပြည်နယ်လုံးကျွတ် မဘသဆိုင်းဘုတ်မဖြုတ်ကြဘူး။ နောက် မန္တလေးမဘသကို အခြေအနေ ကြည့်ပြီးတော့ မဘသအမည်ကို ဆက်သုံးသွားမည့် အထက်မြန်မာပြည်မှ အခြားမဘသတွေလည်းပဲ ရှိနေတယ်။ အဲဒါကြောင့် ဝီရသူရှိနေသရွေ့ မဘသရှိနေမယ်လို့ ဆိုလိုတာပါ။

မေး – ကရင်ပြည်နယ်မဘသရဲ့အခြေအနေရော ဘယ်လိုသိရပါသလဲဘုရား။ မဘသဆိုင်းဘုတ်တွေကို အသက်နဲ့လဲပြီးကာကွယ်မယ်လို့ ဇွဲကပင်ဆရာတော်ကြီးမိန့်ထားတယ်ဆိုတာကို အရှင်ဘုရား အတည်ပြုထားတာ တွေ့ရပါတယ်ဘုရား။ အသေးစိတ်ပြောလို့ ရရင်ပြောပေးပါဘုရား။ တစ်ဆက်တည်း မန်းမဘသရဲ့ အခြေအနေကိုလည်း သိချင်ပါတယ်ဘုရား။

ဖြေ – ကရင်ပြည်နယ်မဘသ ဇွဲကပင်ဆရာတော်ကြီးဆီ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လွှတ်လိုက်တဲ့ ပုဂ္ဂိုလ်သုံး ယောက်လာတာပေါ့နော်။ သတ်မှတ်ရက် ကုန်ဆုံးသွားတဲ့အချိန်မှာ ဆိုင်းဘုတ်တွေဖြုတ်ဖို့ လာပြောတာပေါ့။ အဲဒါကို ဇွဲကပင်ဆရာတော်ကြီးက လုံးဝမဖြုတ်နိုင်ဘူးဆိုတဲ့အကြောင်း ပြတ်ပြတ်သားသားပြောလိုက်တာပေါ့။ အတည်ပြုချက်ကတော့ ကရင်ပြည်နယ်မဘသက ဦးဇင်းနဲ့အဆက်အသွယ်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီး အတည်ပြု ချက်ယူထားတာပါ။ အဲဒါ အမှန်ပါပဲ။
နောက် မန္တလေးမဘသကတော့ အစီအစဉ် သုံးလေးခု ရေးဆွဲထားပါတယ်။ နောက်ဆုံးအစီအစဉ်ကတော့ ဆုတ်စရာမြေမရှိတော့ရင် အသေခံပြီး ရှေ့ဆက်ချီတက်ဖို့ပါ။

မေး – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားတွေ ဖမ်းဆီးခံရမှုကို ဥပဒေ ရှုထောင့်က ကြည့်သင့်တယ်လို့ ဇူလိုင် ၆ ရက်နေ့က ပြောဆိုထားတာတွေ့ရပါတယ်ဘုရား။ သတင်းထောက် တွေနဲ့ တပ်မတော်ဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးက ကြည့်လို့မရဘူးလို့ ဆိုပါတယ်ဘုရား။ ဆိုတော့ မဘသ အသင်းကြီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းညီတယ်၊ အသင်းအဖွဲ့ဆိုင်ရာဥပဒေနဲ့လည်း ညီတယ်ဆိုရင် မဟနရဲ့ ကြေညာချက်ကိုရော ဥပဒေကြောင်းအရဘယ်လိုပြောနိုင်မလဲဘုရား။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဥပဒေရှုထောင့်က ကြည့်ရင်ဘာတွေကို မြင်နိုင်မလဲဘုရား။

ဖြေ – မန်းမဘသအနေနဲ့ကတော့ ပြည်ထဲရေးကိုတင်ပြတဲ့ စာထဲမှာ ဥပဒေရှုထောင့်ကနေ အဆင့်ဆင့်တင်ပြထားပါတယ်။ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းတွေနဲ့ လုံးဝ ငြိစွန်းခြင်းမရှိတာကလည်း သံဃာ့ဥပဒေကို ချိုးဖောက်ရာမရောက်ဘူး၊ အဲဒါကတော့ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေရဲ့အပေါ်မှာ မူတည်တာပေါ့။ အဲဒီအပိုင်းကို ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက မဘသကို ကြည်ကြည်ဖြူဖြူအသိအမှတ်ပြုခဲ့ပြီးတော့ ဒီအန်အယ်လ်ဒီအစိုးရလက်ထက်ကျမှ မဘသကို အသိအမှတ်မပြုတော့တာလို့ သတ်မှတ်လို့ရတာပေါ့။
နိုင်ငံတော် သံဃာမဟာနာယကဆရာတော်ကြီးတွေ အသိအမှတ်မပြုရုံနဲ့ မဘသကို ဖြိုခွင်းလို့ မရဘူး။ မဘသက အခြားဒေါက်တိုင်တွေလည်း ရှိနေတာကိုး။ လူနဲ့သံဃာတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက်ကြောင့် သူတို့ပြောသလို စင်ပြိုင်သံဃာအဖွဲ့အစည်းမဟုတ်ဘူး။ နောက် လုပ်ထုံးလုပ်နည်းတွေ၊ လမ်းစဉ်တွေ၊ ရပ်တည်ချက်တွေ၊ ဆောင်ရွက်ချက်တွေ ကြည့်လိုက်မယ်ဆိုရင်လည်း နိုင်ငံတော်သံဃာမဟာနာယကရဲ့ လုပ်ပိုင်ခွင့်ရဲ့အပြင်ဘက်မှာရှိတဲ့ အမျိုး ဘာသာ သာသနာ နဲ့ပတ်သက်တာကို ဥပဒေဘောင်ထဲကနေလုပ်တဲ့ အဖွဲ့အစည်းပေါ့။
အဲဒါကြောင့် သံဃာ့ဥပဒေရှုထောင့်ကကြည့်ရင် မဟန အသိအမှတ် မပြုရုံနဲ့ မဘသကို ဖြုတ်သိမ်းလို့ မရဘူး ဆိုတာကို တွေ့ရလိမ့်မယ်။ ဒါသံဃာ့ ဥပဒေရှုထောင့်ပေါ့။
နောက်တစ်ချက်က ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသူ နိုင်ငံ သားတို့ရပိုင်ခွင့်ဆိုင်ရာ အခြေခံအချက်အလက်တွေထဲမှာ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိရမယ်ဆိုတာ ပါတယ်လေ။ အဲဒီတော့ ဒီ ၂ဝဝ၈ အခြေခံဥပဒေနဲ့လည်း ညီနေတာပေါ့။
နောက် ၂ဝ၁၄ခုနှစ်မှာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာလည်းပဲ ဘာသာ သာသနာနဲ့ပတ်သက်တဲ့အဖွဲ့အစည်း မှတ်ပုံတင်စရာမလိုဘဲ တရားဝင် ရပ်တည်ခွင့်ရှိတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
ပြောလိုတာက ဥပဒေစကားပြောပြီးတက်လာတဲ့ အစိုးရလက်ထက်မို့လို့ ဦးဇင်းတို့ မသဘ စိုးရိမ်စရာ မရှိတာပေါ့။ တရားဥပဒေစိုးမိုးမှုကို တကယ်လိုလားတယ်ဆိုရင် မဘသကို ဖြိုလို့မရဘူး။ မဘသကလည်းပဲ တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီးတက်လာတဲ့ အစိုးရလက်ထက်မှာမို့ ဥပဒေဘောင်ထဲကနေ ရပ်တည်နေတာဖြစ်လို့ စိုးရိမ်စရာမရှိတာပါ။
တစ်ခုတော့ရှိတာပေါ့လေ။ ဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး တက်လာသူကြီးက ရေငုံနုတ်ပိတ်နေပြီး တော့ သံဃာသံဃာချင်း ဖြိုခွင်းတဲ့ ပုံစံမျိုးဆိုရင်တော့ “နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ ဆက်ချီတက်မယ်”ဆိုတဲ့လမ်း၊ အသေခံတိုက်ပွဲဝင်သွားရမည့် အခြေအနေမှာတော့ ရှိတာပေါ့။

မေး – မဟနက ခိုင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သာသနာရေးဝန်ကြီးဌာနက ရှေ့ဆက်တိုးပြီး အရေးယူမှု တွေပြုလုပ်လာရင်ကော တရားဥပဒေစိုးမိုးမှုကို ဘယ်လိုတွေ ထိခိုက်လာနိုင်မလဲဘုရား။

ဖြေ – တရားဥပဒေစိုးမိုးရေးတင်မကဘူး၊ နိုင်ငံလုံခြုံရေးရော၊ အစိုးရရဲ့ ရပ်တည်ရေးရော အားလုံးကို ထိခိုက် သွားနိုင်တဲ့ အရေးကြီးတဲ့အရာကြီးတစ်ခုလို့ မြင်ပါတယ်။
ဗမာလူမျိုးဆိုတာက အမေအဖေကိုထိတာထက် ဘုရားတရားကိုထိရင် ပိုပြီးနာတတ်တာမျိုးလေ။ အဲဒါလေးကို အစိုးရအနေနဲ့ နားလည်ဖို့ လိုတာပေါ့။ ဘာဖြစ်လို့ ဒီစကားပြောတာလဲဆိုရင် အစိုးရခေါင်းဆောင်ပိုင်းက မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အဓိက အခြေခံယဉ်ကျေးမှုကြီးကို နားမလည်ဘူးလို့ ဦးဇင်းသုံးသပ်တယ်။
သူက ငယ်ငယ်ကတည်းက ဒီမှာ ကြီးပြင်းခဲ့တာမဟုတ်လေတော့ အခြေခံတွေးရမယ့်အချက်တွေနဲ့ အတော်ဝေးသွားတာကို တွေမြင်နေရတယ်။ အဲဒါကြောင့် သတိပေးရတာပေါ့လေ။

မေး – မဘသရဲ့ ငွေကြေးစီးဆင်းမှု နဲ့ပတ်သက်ပြီး စွပ်စွဲပြောဆိုမှုတွေ ရှိ ကြတယ်ပေါ့ဘုရား။ မေလ ၂၈ ရက် နေ့ မဘသညီလာခံကြီးမှာတုန်းက အရှင်ဘုရားအနေနဲ့ အဲဒီလိုမျိုးပြော ဆိုချက်တွေအပေါ် ရှင်းလင်းပြောဆိုခဲ့ တာကိုလည်း တွေ့ရပါတယ်ဘုရား။ အ ခုအချိန်မှာကော ဘာများဖြည့်စွက်ပြော စရာရှိမလဲဘုရား။

ဖြေ – ဦးဇင်းတို့ကျောက်ဆည်မှာ စကား ပုံတစ်ခုရှိတယ်၊ ဒနာမည်ကြီးတော့ ဖိုး စိန်ကြီး၊ ကောင်းစားတော့ ငချယ်ဒတဲ့။ အထင်ခံရသူကတစ်ဦး၊ တကယ်ကျူး လွန်သူကတစ်ဦးဆိုတာ ရည်ရွယ်ပုံရပါ တယ်။ အဲဒီလိုပဲ မဘသကို ဘယ်သူ တွေ ဘယ်ဝါတွေက သန်းပေါင်းဘယ် ရွေ့ဘယ်မျှ အပ်ပေးထားတယ်ဆိုပြီး အ ထင်ကြီးခံရတာက မဘသ။ တကယ် ကောင်းစားနေသူတွေက သူတို့တွေပါ။ ဥပမာ-ထင်းစိုက်လို့တောင်မရတဲ့ တံ ခါးကြီးကို သိန်းပေါင်း ဘယ်နှထောင် ပေးပြီး ဘယ်ချောင်ထိုးထားတာ၊ အင်္ကျီ လေးတစ်ထည်ကို သိန်းပေါင်း ဘယ်နှ ရာပေးပြီး ဝယ်ယူသွားတာ။ စတာတွေ ရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက် ရှိ တယ်။
နောက်တစ်ခုက ရိုဟင်ဂျာခေါင်း ဆောင်တွေနဲ့ တိုက်ရိုက်အဆက်အသွယ် ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကိုလည်း ပေါ့ပေါ့ဆဆတွေး နေလို့ မရဘူး။ သံဃာဆည်းကပ်တော့ ငွေကုန်တယ်၊ အိုအိုင်စီနဲ့ပေါင်းမှ ချမ်း သာတယ်ဆိုတဲ့အတွေးနဲ့ လူမသိအောင် အကူအညီတွေ အများကြီး ရယူထားတဲ့ သူတွေ ရှိတယ်။ ဘာဖောင်ဒေးရှင်း၊ ညာ ဖောင်ဒေးရှင်းဆိုတာလည်း ရုပ်ပြပဲ။ တကယ်တော့ ဖောင်ဒေးရှင်းရဲ့နောက် ကွယ်မှာ အန္တရာယ်ကြီးတဲ့ အဆက်အ သွယ်နဲ့ အခြားအကြံအစည်တွေ ရှိမနေ ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။
ဆိုလိုတာက နာမည်ကြီးတော့ မဘသ၊ တကယ်ချမ်းသာတော့ သူတို့ တစ်တွေဖြစ်နေတာပေါ့။

မေး – ဇွန်လ ၃ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ ဘာသာရေးစာပေတွေကို သာသနာ ရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရမှသာ ထုတ်ဝေခွင့်ပြုမယ်ဆိုတဲ့ မဟနရဲ့ ဆုံးဖြတ်ချက်တစ်ခုတွေ့ရပါတယ်။ အဲဒါဟာ ဒီမိုကရေစီခေတ်နဲ့ ဘယ်လောက် အံချော်နေသလဲဆိုတာ အရှင်ဘုရားသုံးသပ်ပေးပါဦးဘုရား။

ဖြေ – အချက်နှစ်ချက်ရှိပါတယ်။ တစ်အချက်ကတော့ လွတ်လပ်စွာ ရေးသားခွင့်ပေးထားတယ်။ လွတ်လပ်စွာ ရေးသားတဲ့အပေါ်မှာမှ ဓမ္မဝိနယနဲ့ မညီဘူးဆိုရင် အရေးယူလို့ရတယ်။
နှစ်အချက်ကျတော့ ကမ္ဘာအေးကို ခွင့်ပြုချက်တင်ရမယ်၊ မူဝါဒတွေနဲ့ညီရင် ချပေးမယ်ပေါ့။ အဲဒီ နှစ်ဆင့်ရှိတာပေါ့။ မိုးပြာလို အဓမ္မဝါဒ ထူထောင်သူတွေကျတော့ ဒုတိယအဆင့်နဲ့သင့်တော်မယ်။ ဒါပေမဲ့ ဓမ္မဝိနယလမ်းကြောင်းထဲကပဲ သွားတယ်၊ ဥပဒေဘောင်ထဲကပဲ သွားတယ်၊ တရားဥဒေနဲ့လည်း ညီတယ်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း ညီတယ်ဆိုတဲ့ ဘာသာရေးစာပေတွေကျတော့ မကန့်သတ်သင့်ဘူးပေါ့။
ဒါကို နိုင်ငံတော်သံဃာမဟာနာယကဆရာတော်ကြီးတွေ သတိမူရမှာလေ။ အဲဒီလိုမဟုတ်ဘဲ ဝန်ကြီးဖြစ်ချင်တာကို အကောင်အထည်ဖော်တဲ့ သဘောမျိုးဆိုရင် လွတ်လပ်မှုတွေ အကုန်ဆုံးရှုံးကုန်မှာပေါ့။ လွတ်လပ်မှု ဆုံးရှုံးရုံတင်မကဘဲ နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ကြီးတွေကိုယ်တိုင်က ကိုယ့်ဘာသာ ကိုယ့်သာသနာ ပြန့်ပွားရေးအတွက် ကိုယ်ကိုယ်တိုင်မလုပ်တဲ့အပြင် လုပ်နေတဲ့သူတွေကို တားဆီးပိတ်ပင်တဲ့ ပုံစုံမျိုးဖြစ်တဲ့အတွက် သာသနာကို ပြုရာမရောက်ဘဲ ဖျက်ရာရောက်သွားနိုင်တာပေါ့လေ။ အဲဒါတွေ ကိုသတိမူသင့်တယ်။

(ဆက်လက်ဖော်ပြပါမည်။)