ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ကမ္ဘာမကျော်သောအတွေးအခေါ်များ “ရေချိုးဆွမ်းစားကျင့်စဉ်”

ကမ္ဘာကျော်ဆရာတော်၏ကမ္ဘာမကျော်သောအတွေးအခေါ်များ

“ရေချိုးဆွမ်းစားကျင့်စဉ်”

————————————————-

(31.1.2022 ရက်နေ့ထုတ် အတွဲ(၁) အမှတ်(၁၄) ဂါးဒီးယာန်းသတင်းစာမှ ကူးယူဖော်ပြသည်။)

စာချပြီး၍သဟာယကျောင်းသို့ ပြန်ရောက်သည့်အခါ    ချွေးဒဏ်ခံကိုယ်ပတ်သင်္ကန်းလေးမှာ ချွေးအတော်စိုရွှဲနေပေပြီ။ထိုကိုယ်ပတ်သင်္ကန်းလေးကိုချွတ်ယူကာတစ်ကိုယ်လုံးအနှံ့ ချွေးများကိုသုတ်ပစ်ပါသည်။ ချွေးခြောက်မှ ရေချိုးပါသည်။

စာဝါချသည်ကမနက်၉း၃၀နာရီမှ၁၀း၃၀နာရီထိဖြစ်သဖြင့် နေ့ဆွမ်း၁၁း၀၀နာရီအမီ ရေချိုးရပါသည်။ ရေချိုးနေစဉ်၁၁း၀၀နာရီကျော်သွားတတ်သဖြင့် ရေချိုးခန်းထဲမှာနာရီချိတ်ထားတတ်ပါသည်။မစိုးရိမ်တိုက်သစ်တွင်နာရီစင်ကြီးရှိသော်လည်း ရေပိုက်ဖွင့်ထားချိန် ရေခပ်လောင်းနေချိန်တွင်နာရီစင်မှအချက်ပေးသံမကြားရတတ်ပါ။

ရေချိုးသည့်အခါဒူးခေါင်းမှစလောင်း၍ချိုးပါသည်။ ရေမလောင်းမီ ရေငုံထားပါသည်။ ရေငုံပြီးမှဒူးခေါင်း ရေလောင်းချ၍ ရေချိုးခြင်းဖြစ်ပါသည်။ ရေချိုး၍မပြီးမချင်းနမောတေဂါထာရွတ်ဆိုပါသည်။ ရေချိုးပြီးမှဆီးသွားပါသည်။ထိုသို့ ရေငုံခြင်းမှာသွားကြံ့ခိုင်ရေးအတွက်ဖြစ်ကာ ရေချိုးပြီးမှဆီးသွားခြင်းမှာဆီးရောဂါနှင့် ကျောက်ကပ်ရောဂါမဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ ကျောင်းသားကျောင်းသူများအားသြဝါဒပေးလျှင်လည်း “ရေမချိုးခင် ရေသောက်ပါ၊ ရေချိုးနေစဉ် ရေငုံထားပါ၊ ရေချိုးပြီးမှဆီးသွားပါ”ဟုကျန်းမာရေးနှင့်ပတ်သက်သည့်နည်းလမ်းကောင်းများ ပြောပြလေ့ရှိပါသည်။မှန်ပါသည်။ ရေချိုးပြီးသည့်အခါငုံထားသည့်ရေများမှာအလွန်အမင်းပူပြင်းနေသည်ကို တွေ့ရပါသည်။ခံတွင်းမှထွက်သောအပူဓာတ်များကြောင့်သွားများမထိခိုက်တော့ပါ။သွားများမထိခိုက်အောင် ရေကအကာအကွယ်ပေးသွားခြင်း ဖြစ်ပါသည်။ထို့အတူ ရေချိုးပြီးမှဆီးသွားသည့်အခါဆီးများအလွန်အမင်းပူပြင်းနေသည်ကို တွေ့ရပါသည်။ကိုယ်တွင်းအပူဓာတ်များကဆီးအိမ်ကိုမလောင်ကျွမ်းနိုင်တော့ပါ။ဆီးအိမ်တွင်ဆီးများပြည့်နေသဖြင့်ကိုယ်တွင်းအပူဓာတ်များကြောင့်ဆီးအိမ်မထိခိုက်တော့ခြင်း ဖြစ်ပါသည်။ဆီးအိမ်ရှိဆီးများကဆီးအိမ်ကိုအကာအကွယ်ပေးခြင်းဖြင့် ကျောက်ကပ်သို့အပူဓာတ်မရောက်တော့ခြင်း ကျောက်ကပ်အပူဟပ်မခံရတော့ခြင်း ဖြစ်ပါသည်။

ရေချိုးပြီးလျှင် နွေးထွေးစွာ ပြန်နေတတ်ပါသည်။ နွေရာသီမည်သို့ပင်ပူပြင်းစေကာမူကိုယ်ပတ်သင်္ကန်းကိုခြုံထည်ခြုံသလိုဦးခေါင်းနှင့်အပေါ်ပိုင်းမှာခြုံထားလေ့ရှိပါသည်။ ရေချိုးစဉ်ကဆုံးရှုံးသွားသောအပူဓာတ်များ ပြန်လည်ရရှိစေလို၍ ဖြစ်ပါသည်။ဆွမ်းစားစဉ် ချွေးထွက်လာမှသာဦးခေါင်းပိုင်းခြုံထားသည်ကိုဖွင့်လို့ရပါသည်။ရံဖန်ရံခါမခြုံမိသည့်နေ့များဆိုလျှင်လက်မောင်းက အေးသလိုလိုရင်ဘတ်ကချမ်းသလိုလိုခံစားရတတ်ပါသည်။ ရေချိုးပြီး နွေးထွေးစွာနေခြင်း၊ဆွမ်းစားပြန်မှကိုယ်ပတ်သင်္ကန်းကိုချွတ်ခြင်းတို့ပုံမှန်ပြုလုပ်သည့်နေ့များ၌အပူအအေးဖောက်ပြန်မှုမျိုးလုံးဝမကြုံတွေ့ရပါ။

မစိုးရိမ်တိုက်သစ်နာယကဆွမ်းစားကျောင်း၌ဆွမ်းဝိုင်းသုံးဝိုင်းရှိပါသည်။နာယကကြီးဝိုင်း၊နာယကလတ်ဝိုင်း၊နာယကငယ်ဝိုင်းဟူ၍ ဖြစ်ပါသည်။စာရေးသူတို့ကနာယကလတ်ဝိုင်း ဖြစ်ပါသည်။အလတ်ဝိုင်း၌နာယကဆရာတော်ငါးပါးနှင့်ဆွမ်းစားကျောင်းဘုန်းကြီးတစ်ပါးစုစုပေါင်း ခြောက်ပါးရှိပါသည်။

စားရေးသူသည်ဆွမ်းမစားမီဆင်ခြင်ခြင်း၊ဆွမ်းစားနေစဉ်ရှုမှတ်ပွားများခြင်းများ ပြုလုပ်လေ့မရှိပါ။လွတ်လပ်ပေါ့ပါးစွာဆွမ်းစားလေ့ရှိပါသည်။ခရီးမထွက်ဘဲ ကျောင်းမှာအမြဲရှိလျှင်ဆွမ်းစားကျောင်းသို့သာသွားစားလေ့ရှိပါသည်။နာယကဆရာတော်များနှင့်အမြဲတန်းထိတွေ့နေချင်သောကြောင့် ဖြစ်ပါသည်။စာရေးသူတို့အလတ်ဝိုင်းကအရွှန်းအဖောက်ဆုံးဝိုင်း ဖြစ်ပါသည်။လူစုံလျှင်အမြဲတန်းရယ်ရွှင်စရာများကြားရတတ်ကာတဝါးဝါးတဟားဟားပွဲကျသည်ကများပါသည်။တစ်ပါးနှင့်တစ်ပါးစနောက်ခြင်း၊ပုံပြင်အတိုအထွာများပြောခြင်း၊ရုပ်ပြောင်ကာတွန်းများ ပြောခြင်းနှင့်အခြားစပ်မိစပ်ရာ ပြောကြခြင်း ဖြစ်ပါသည်။လူမစုံလျှင်ရယ်စရာမရှိသဖြင့်ပျင်းရိစရာအတိ ဖြစ်နေတတ်ပါသည်။

စာရေးသူသည်အမျိုးသားရေးလုပ်သည့်အချိန်မှစ၍အမဲသားဆိတ်သား ရှောင်ကြဉ်ပါသည်။စာရေးသူကိုအကြောင်းပြု၍အမဲသားဆိတ်သားဝယ်ယူကပ်လှူခြင်းမျိုးမကြုံစေလိုသောကြောင့် ဖြစ်ပါသည်။ဝတ်သားလည်းမစားပါ။ကျန်းမာရေးကြောင့် ဖြစ်ပါသည်။အထူးသဖြင့် ဟောပြောရမည့်နေ့ရက်များ၌ဝက်သားကိုလုံးဝမစားဖြစ်အောင်သတိဆောင်ထားပါသည်။ဂိုဏ်းဂဏအယုံအကြည်ရှိ၍ ခြေလေးချောင်းရှောင်ကြဉ်ခြင်းမျိုးလုံးဝမဟုတ်ပါ။သို့ဖြစ်၍ကြက်နှင့်ငါးကိုဦးစားပေးစားသုံးပါသည်။ကြက်သားဆိုလျှင်လည်းစီပီကြက်ဖြစ်နေလျှင်လုံးဝမဘုဉ်းပါ။

အများစုကဒညှင်းသီးဆိုအတော်ရှောင်ကြဉ်ပါသည်။စာရေးသူကဒညှင်းသီးဆိုပိုစားပါသည်။ ရှောင်ကြဉ်သူများက ‘ကျန်းမာရေးထိခိုက်စေသည်’ဟုဆိုပါသည်။စာရေးသူက ‘ကျန်းမာရေးနှင့်ညီညွတ်သည်’ဟု ပြန်ဖြေပါသည်။ ‘ကျောက်ကပ်ပျက်စီးစေသည်’ဟုဆိုလာလျှင်လည်း ‘ကျောက်ကပ်သန့်စင်ပေးသည်’ဟု ပြန်ချေပါသည်။ ‘ဒညှင်းသီးစား၍ ဆေးရုံတက်ရသူများ ပေါလွန်းသည်’ဟု ပြောလာလျှင်လည်း ‘စားလို့တက်ရသည်မဟုတ်များလို့တက်ရသည်’ဟု ပြန်ပြောကာဒညှင်းသီးကိုအပုတ်ချသူများအဖြစ်အသရေဖျက်မှုနှင့်တရားစွဲမည်ဟု ပြန်စနောက်တတ်ပါသည်။ထိုအခါဆွမ်းဝိုင်း၌ဒညှင်းသီးပါလာတိုင်းစာရေးသူရှေ့သာတွန်းပို့ကြပါတော့သည်။စာရေးသူလည်းတို့စရာတစ်ပန်းကန်နှစ်ပန်းကန်ကုန်သည်အထိတို့မြှုပ်ဘုဉ်းပေးပြတတ်ပါသည်။ ‘အေး- ဖြစ်ရင်ကိုယ့်ဟာကိုခံနော်၊ဒို့နဲ့မဆိုင်ဘူးနော်’ဟုသတိပေးတာမျိုးကြုံရတတ်ပါသည်။စာရေးသူကားမည်သည့်ဝေဒနာမျှမခံစားရပါ။အရွဲ့တိုက်စားခြင်းလည်းမဟုတ်ပါ။ဆန့်ကျင်ဘက်ပြုမူခြင်းလည်းမဟုတ်ပါ။‘တန်ဆေးလွန်ဘေး’ဆိုသည့်အတိုင်းအလွန်အကျွံစားသုံးမိမှ ပြဿနာတက်တတ်ပြီးတစ်ခါတရံအနည်းအကျဉ်းစားရုံဖြင့် ပြဿနာမဖြစ်တတ်ကြောင်း ပြလိုရင်းသာ ဖြစ်ပါသည်။

“ဒညှင်းသီးစား၍ ဆေးရုံတက်ရပြီဆိုလျှင်သင်ကံကောင်းသည်ဟုမှတ်လိုက်ပါ”ဟူသော ဆောင်ပုဒ်ကိုလည်း ပြောပြတတ်ပါသည်။ဒညှင်းသီးကိုဒဏ်ညှင်းသီးဟု ခေါ်ပါသည်။ကိုယ်တွင်းဒဏ်ကို ပြန်ညှင်းသည့်အသီး ဖြစ်ပါသည်။ဒညှင်းသီးမှအဆိပ်ဓာတ်များကခန္ဓာကိုယ်တွင်းရှိဒဏ်ရာများကို ဆေးကြောပစ်ခြင်း ဖြစ်ပါသည်။အနာနှင့်ဆေး တွေ့ထိမှုအားကြီး၍ ရောဂါပေါ်လာခြင်းကြောင့် ဆေးကုရခြင်း ဖြစ်ပါသည်။ဒညှင်းသီးမစားလျှင် ရောဂါရှိမှန်းမသိနိုင်ပါ။ ရောဂါရင့်မှ ဆေးကုရလျှင်သိန်းရာချီကုန်ကျပါမည်။ဒညှင်းသီးက ဖော်ထုတ်ပေးလိုက်သော ရောဂါများသည်မျိုးစေ့သာသာအပင်ပေါက်အဆင့်မျှသာရှိသဖြင့်လွယ်ကူစွာကုသနိုင်ခြင်း ဖြစ်ပါသည်။ထို့ကြောင့်ဒညှင်းသီးကိုအကြောင်းပြု၍ ဆေးရုံတက်ရပြီဆိုလျှင် ရောဂါကိုရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းကြောင့်ကံကောင်းသည်ဟုဆိုခြင်းဖြစ်ပါသည်။

၎င်းသီအိုရီကိုခရီးသွားရာမှရရှိလာခြင်း ဖြစ်ပါသည်။တိုင်းရင်းဆေးနည်းဖြင့်ကုသပေးနေသောထားဝယ်မြို့မှညီတော်မောင်ပန်းသုံးဝဆရာတော်၏နည်းလမ်းဖြစ်ပါသည်။စာရေးသူကဒညှင်းသီးကိုကြိုက်လွန်း၍စားခြင်းမဟုတ်ပါ။ကိုယ်တွင်းမှာ ရောဂါရှိမရှိသိချင်လွန်း၍စားခြင်းမျိုးသာ ဖြစ်ပါသည်။

ဒညှင်းသီးသီအိုရီကိုရှင်းပြသည့်အခါတိုင်းမှတ်ချက်တစ်ခုအမြဲကြားရလေ့ရှိပါသည်။၎င်းမှာ ‘ဆန့်ကျင်ဘက်အမြင်ရှိသူ’ဟူ၍ ဖြစ်ပါသည်။စာရေးသူသည်အများနှင့်တစ်သားတည်းမကျဘဲအများနှင့်ဆန့်ကျင်ဘက်အတွေးအခေါ်ရှိသူဟုဆိုလိုရင်း ဖြစ်ပါသည်။

ဆွမ်းစားကျောင်းမှ ပြန်လာသည့်အခါလမ်းတစ်လျှောက်လုံး မေတ္တာပို့သလာပါသည်။ဆွမ်းဒကာဒကာမများကိုအာရုံယူ၍ မေတ္တာပို့သခြင်း ဖြစ်ပါသည်။ဆွမ်းအုပ်ဆွမ်းပန်းကန်မှစ၍ဆွမ်းဟင်းတစ်ခွက်စီသို့စိတ်ညွှတ်ကာဆွမ်းပစ္စည်းနှင့်စပ်ဆက်သမျှကုသိုလ်ရှင်ခုနစ်ရက်သားသမီးအားလုံး ‘ချမ်းသာကိုယ်စိတ်မြဲပါစေ၊ဥပဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ’ဟု မေတ္တာစိတ်ပို့လွှတ်ခြင်း ဖြစ်ပါသည်။သဟာယကျောင်းသို့ ပြန်မလာရဘဲအစည်းအဝေးလုပ်လျှင်ဖြစ်စေ၊ဆွမ်းကျောင်းမှအပြန်လမ်းသွားရင်းစကားပြောမိသည့်အခါမျိုး၌ဖြစ်စေပျက်ကွက်တတ်ပါသည်။ထိုအခါမျိုး၌ နေ့ဘက်အနားယူသည့်အခါမှသာ မေတ္တာပို့သတတ်ပါသည်။

ရေချိုးဆွမ်းစားကျင့်စဉ်ပြီးပါပြီ။

အရှင်ဝီရသူ(သုံးထောင်ပြန်)