သတင်း

ကံပေါက်ဆရာတော်ကြီးအား ဖူးမြော်ပူဇော်

တန်ဆောင်မုန်းလပြည့် 3.11.2017 ရက်နေ့ မနက် ၅း၀၀ နာရီ ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းမြို့နယ် ၃၁ ရပ်ကွက် ဇေယျာမြိုင်လမ်း ရွှေစေတီဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဖူးမြော်ခွင့် ရရှိခဲ့တာပါ။ ကံပေါက်ဆရာတော်ကြီးက လာမည့် 12.11.2017 ရက်နေ့ဆိုရင် သက်တော်(၉၀) မွေးနေ့ပွဲကျင်းပမှာပါ။

ဆရာတော်ကြီးသီတင်းသုံးရာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ရွာမှာ ကျင်းပမှာဖြစ်ပါတယ်။ စာရေးသူအား ဆရာတော်ကြီးရဲ့မွေးနေ့အတွက် ဖုန်းဆက်ခေါ်လို့ ရန်ကုန်ထိ လာရောက် ဖူးမြော်ခြင်းပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးနှင့်အတူ အရုဏ်ဆွမ်းဘုဉ်းပေးပြီး အမျိုးဘာသာ သာသနာရေးရာများ ဆွေးနွေးကြပါတယ်။

ဆရာတော်ကြီးက ဆုံးမသြဝါဒပေးပါတယ်။ ဆရာတော်ကြီးကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ထားဝယ်မြို့ မြို့မယဉ်ငေးသာသနာ့ရိပ်သာမှာကျင်းပတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဆင့်မြင့်သင်တန်းကြီးမှာ စတင် ဖူးမြော်ခွင့် ရခဲ့တာပါ။ သက်တော် ရွယ်တော် ကြီးရင့်ပြီဖြစ်သော်လည်း ကံပေါက်ရွာမှ ထားဝယ်မြို့သို့တက်ကာ အမျိုးသားရေးသင်တန်းနှင့်ပတ်သက်ပြီး ဆုံးမသြဝါဒပေးခြင်း အခမ်းအနား တက်ရောက်ချီးမြှောက်ခြင်းများ ဆောင်ရွက်တော်မူပါတယ်။ အဲဒီအချိန်မှစတင်ပြီး သိကျွမ်းခွင့်ရခဲ့ရာမှ အခုလို ရန်ကုန်ရောက်တုန်းရောက်ခိုက် စာရေးသူကို တကူးတက ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါတယ်။

ဆရာတော်ကြီး၏ သက်တော်၉၀ပြည့်မွေးနေ့မှသည် သက်တော်ထင်ရှားရှိသမျှကာလပတ်လုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်အားပေး ကူညီထောက်ပံ့နိုင်စွမ်းသော မြတ်ဗုဒ္ဓ၏သားတော်အစစ်ကြီးဖြစ်ပါစေဘုရား။