သတင်း

ချန်ပီယံကို အလဲထိုးဖို့အတွက်တော့ သာမန်ဝီရိယနဲ့ မရနိုင်ဘူး(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်များကို ဆရာတော်နဲ့ အမေးအဖြေပြု လုပ်ပြီး အောင်ဇေယျတုဂျာနယ်မှာ တင်ဆက်ပေးနေတာ ငါးပတ်မြောက်ခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူရဲ့ ဘဝအစိတ်အပိုင်းထဲကတစ်ခုဖြစ်တဲ့ စာရေးဆရာဘဝကို ကြိုးစားမေးမြန်း တင်ဆက်ပေးထားပါတယ်။ အမျိုးသားရေးဝါဒီဆရာတော်တစ်ပါးရဲ့ စာရေးဆရာဘဝ ဒါမှမဟုတ် စာရေးဆရာဘဝနဲ့လည်းပဲ သာသနာတော်အတွက် အလုပ်လုပ်နေတဲ့ ဆရာတော်ဦးဝီရသူရဲ့ ရှင် သန်အားထုတ်မှုကို သိမြင်နားလည်ကြစေဖို့ အထူးရည်ရွယ်ပါကြောင်း …။

မေး – မင်္ဂလာပါဘုရား။ ဒီတစ်ပတ်မှာတော့ အရှင်ဘုရားရဲ့ စာရေးဆရာဘဝနဲ့ ပတ်သက်ပြီး နည်းနည်းသိချင်ပါတယ် ဘုရား။
ဖြေ – အေး၊ မေးပါ။

မေး – ရဟန်းအိုနှင့် ယဉ်အို ဆိုတဲ့ ဆောင်းပါးထဲမှာ
၁။ ကျောင်းထိုင်အင်္ဂါနဲ့ မညီတဲ့ သံဃာတွေတွေကိုဖယ်ရှားသင့်တယ်၊
၂။ စာေးမပွဲဝင် ရဟန်းသံဃာမရှိတဲ့ ကျောင်းတွေကို စီမံချက်နဲ့ ကိုင်သင့်တယ်
၃။ ဒုစရိုက်ကျူးလွန်တဲ့ ကျောင်းတွေကို ချိပ်ပိတ်ပြီး အတန်းကျောင်းတွေဖွင့်သင့်တယ်
၎။ အရည်အချင်းရှိတဲ့ စာချဆရာတော်တွေကို ကျောင်းထိုင်နိုင်အောင်လုပ်ပေးသင့်တယ်လို့ ရေးထား တာတွေ့ရပါတယ်ဘုရား။ ဆိုတော့ သာသနာတော် တိုးတက်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲဘုရား။ ဓမ္မာစရိယအောင်ပြီးသား သံဃာတော်တွေကို ဘယ်လိုများ အလုပ်ပေးသင့်ပါသလဲ။

ဖြေ – ဓမ္မာစရိယဘွဲ့ရပြီးမှ ထိုင်စရာလည်းကျောင်းမရှိ၊ လုပ်စရာလည်းအလုပ်မရှိတဲ့ သံဃာတော်တွေ အများကြီး ရှိတာပေါ့နော်။ သူတို့လေးတွေက သင်တန်းတွေတက်တာတို့၊ တက္ကသိုလ်တွေ တက်တာတို့ ဘီအေ၊ အမ်အေ၊ ပီအိတ်ဒီတက်တာတို့ရှိတာပေါ့။
ဒါပေမဲ့ သင်တန်းတွေလည်း ဆုံးအောင်မတက်ဖြစ်၊ ဘီအေဘွဲ့လည်း တို့လို့တန်းလန်း ဒါမျိုးတွေလည်းရှိတာပေါ့။ ပြီးဆုံးအောင်သင်ယူတဲ့ သံဃာတွေကျတော့ သူ့လိုင်းနဲ့သူ သွားတာဆိုတော့ ကိစ္စမရှိဘူး။ ဓမ္မစရိယဘွဲ့ရပြီးမှ စာလည်းချစရာသံဃာမရှိ၊ ကျောင်းထိုင်စရာလည်း နေရာမရှိတဲ့အတွက် သူတို့လေးတွေရဲ့ အစွမ်းအစလည်း ပြသခွင့်မရတော့လို့ သူတို့လေးတွေရဲ့ အရည်အချင်းတွေလည်း အလဟသဖြစ်နေတာပေါ့။
အဲဒါကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်တွေအနေနဲ့ ဒီသံဃာတွေအတွက် ကဏ္ဍတစ်ခုခု စဉ်းစားသင့်ပြီ။ အဲတော့ သူတို့လေးတွေ ကျောင်းထိုင်လို့ရအောင်ရယ်၊ သူတို့လေးတွေ ဘက၊ ပရဟိတအစရှိသည် အဲဒီလိုအလုပ်လေးတွေလုပ်နိုင်ဖို့ သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီးဆောင်ရွက် ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ဦးဇင်းတို့ကျတော့ ကိုယ့်အမြင်အတွေကို ပရိသတ်ကို ပေးနိုင်ရုံလောက်ပဲ၊ အကြံပြုနိုင်ရုံလောက်ပဲ ရမှာလေ။

မေး – ဗုဒ္ဓအလိုကျသာသနာပြုနည်းဆိုတဲ့ ဆောင်းပါးကို အိုးဘိုထောင်ထဲမှာရေးခဲ့ရတယ်လို့ သိရပါတယ်ဘုရား။ သာသနာပြုပုံကို ငါးဖမ်းနည်းနဲ့ ဥပမာပေး ရေးထားတဲ့ဆောင်းပါးပါဘုရား။ အဲဒီထဲမှာ ဇာတ်တော် (၈)ခုအထိ ပါတာကိုတွေ့ရပါတယ်ဘုရား။ ထောင်ထဲမှာဆိုတော့ အကိုးအကားမရှိဘဲ ဘာကြောင့် ဇာတ်တော်တွေ အများကြီးသုံးပြီး ရေးနိုင်တာလဲဘုရား။

ဖြေ – မဃဒေဝကျမ်းကြီးရှိတယ်။ ဦးဇင်းက မဃဒေဝကျမ်းကြီးကို ဇာတ်တော်တွေနဲ့ တိုက်ထားတာပေါ့။ မဃဒေ ဝ ဘယ်အပိုဒ်ဘယ်အပိုဒ်ကဖြင့် ဘယ်ဇာတ်တော် ဘယ်ဇာတ်တော်ဆိုတာတွေကို ညွှန်းထားတာလေးတွေ ရှိတာပေါ့။ ကိုယ့်ဟာကိုယ်ဘောပင်နဲ့ လိုက်မှတ်ထားတာပေါ့နော်။
အဲဒီတစ်အုပ်ရှိတာနဲ့တင် ဦးဇင်းက ကျမ်းပေါင်းများစွာ ညွှန်းနိုင်သွားတာပါ။

မေး – နေရာမှန် အတ္တထဲမှာ အရှင်ဘုရားရေးထားတာလေးတစ်ခု ရှိပါတယ်ဘုရား။
အတ္တကြီးလျှင် အမြင်ကျဉ်းမြောင်းတတ်ပါသည်။ အသိဥာဏ်သည် အတ္တလွှမ်းမိုးခြင်းခံရသောကြောင့် သူ၏အစွမ်းပြခွင့်မရှိတော့ပါ။ အမြင်ကျယ်လျှင် အတ္တကျဉ်းပြီး သဘောထားကြီးတတ်ပါသည်ဆိုတဲ့ ဒဿနလေးကို သဘောကျပါတယ်ဘုရား။
သိချင်တာက အရှင်ဘုရားစာရေးတဲ့အခါ ပိဋကတ်တော်တွေကို ဆင့်ပွားပြီး ရေးတာများလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကြုံတဲ့ ဘဝအတွေ့အကြုံတွေကို ဆင့်ပွားပြီးရေးတာများလား။

ဖြေ – ဦးဇင်းအိုင်ဒီယာတွေကတော့ များသောအားဖြင့် ဇာတ်တော်တို့ ဓမ္မပဒဝတ္ထုတို့ အဲဒီ ပိဋကတ်တော်က များပါတယ်။ နောက် ဘာသာပြန်စာပေတို့၊ တခြားရသဝတ္ထုတို့ အဲဒီထဲကရတဲ့ အိုင်ဒီယာတွေလည်း ရှိပါတယ်။ အဲဒီနှစ်ခု ယှဉ်လိုက်ရင်တော့ ပိဋကတ်တော်ကလာတဲ့ အိုင်ဒီယာတွေက များပါတယ်။

မေး – နေရာမှန်အတ္တဆောင်းပါးထဲမှာပဲ အရှင်ဘုရားရေးထားတာတစ်ခု တွေ့ရပါသေးတယ်ဘုရား။ မြန်မာတွေက ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ဘယ်တော့မှမတုံ့ပြန် မတိုက်ခိုက်တဲ့ဆန္ဒ ရင်မှာ ပိုက်ထားတယ်ဆိုတာပါဘုရား။ မြန်မာအချင်းချင်းဆိုရင် အရှင်ဘုရား ဘယ်လောက်ထိ သည်းခံနိုင်သလဲ၊ ဘယ်လိုသည်းခံခဲ့ရတာတွေရှိသလဲ သိချင်ပါတယ်ဘုရား။

ဖြေ – ဦးဇင်းငယ်ငယ်ဘဝကတည်းကိုက သူတစ်ပါးကို ကာယကံဝစီကံနဲ့ စော် ကားတာ အတော်နည်းပါတယ်။ ကိုယ်သာအစော်ကားခံ၊ အနိုင်ကျင့်ခံခဲ့ရတာပါ။ အဲဒါလည်း ဦးဇင်းက ဦးဇင်းအတ္တတွေကို နေရာမှန်မှာပဲ အသုံးချမယ်ဆိုတဲ့ ခံယူချက်ကြောင့်ပေါ့။
ဒါကြောင့် ဦးဇင်းအပေါ်ကျေးဇူးရှိတဲ့ ဦးဇင်းရဲ့ဆရာသမားလို ပုဂ္ဂိုလ်တွေကတောင် ဦးဇင်းကို ဘဝပျက်အောင် လုပ်ခဲ့ကြတာတွေ ရှိခဲ့ဖူးပါတယ်။ အဲဒါတွေလည်း ဦးဇင်းထောင်ကလွတ်လာတဲ့အခါ ဖအေလိုပဲ မေတ္တာမပျက်နေနိုင်တယ်၊ ဆရာသမားလိုပဲ ဆက်ဆံနိုင်ခဲ့တာပေါ့နော်။
အဓိကကတော့ ဦးဇင်းတို့ရွှေမြန်မာတွေက ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တလွဲဆံပင်ကောင်းနေတယ်။
Discovery ရုပ်သံမှာလာတဲ့ အဖြစ်အပျက်လေးနဲ့ပြောရရင် နွားပေါင်း များစွာသော နွားအုပ်ကြီးက တစ်ကောင် တည်းသောကျားကို ကြောက်ပြီးတော့ ကျားစားတာပဲခံနေရတယ်။
တကယ်တမ်းကျတော့ ဒီချို(ဂျို)ကြီးတွေက ကိုယ့်အချင်းချင်း သတ်ဖို့ ဖြတ်ဖို့ ခွေ့ဖို့လောက်ပဲ အသုံးချတတ် ပြီးတော့ ရန်သူကျားကို ဒီချို(ဂျို)ကြီးတွေနဲ့ တိုက်ခိုက်ရင် ရတယ်ဆိုတဲ့အသိ သူတို့မှာ မရှိဘူးပေါ့နော်။ အဲဒါတွေကိုလည်း အခြေခံပါတယ်။
ရွှေမြန်မာတွေ အဲဒီလိုဖြစ်နေတာကိုလည်းပဲ ဦးဇင်းတို့က ပြုပြင်ချင်တာပေါ့လေ။

မေး – ၂ဝဝ၆ လောက်တုန်းက ရေးခဲ့တဲ့စာမူတစ်ခုပေါ့ဘုရား။ ချိန်ခွင်လျှာ မညီမျှသော သာသနာဆိုတဲ့ဆောင်းပါးမှာ အရှင်ဘုရားရေးခဲ့တာက ရဟန်းသုံးဝါနဲ့ ကိုယ်တော်လေး သာသနာပြု နေတာလည်း အန္တရာယ်ကြီးသလို ဘွဲ့တံဆိပ်တွေအများကြီးနဲ့ ဆရာတော်ကြီးတစ်ပါးကလည်း အတွေးခေါင်လွန်းရင် ပိန်တတ်တယ်ဆိုတဲ့ ဒဿနနဲ့ ရှင်သန်နေတာဟာ သာသနာအတွက် ချိန်ခွင်လျှာ မညီစေဘူးပေါ့ဘုရား။ အဲဒီစာကို ရေးခဲ့တဲ့အချိန်တုန်းက ၂ဝဝ၆လောက်တုန်းကဆိုတော့ အခုရော သာသနာ တော်ရဲ့ ချိန်ခွင်လျှာက ညီပြီလားဘုရား။ အရှင်ဘုရား ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – အများကြီးတော့ တိုးတက်လာတာတွေ့ရပါတယ်။ အမြင်ကျယ်လာကြတယ်။ အလုပ်လုပ်တဲ့ အပိုင်းတွေလည်း တော်တော်တိုးတက်လာကြတယ်။ ဒါပေမယ့် ရှေးရိုးစွဲတွေကတော့ အများကြီး ကျန်နေသေးတယ်။
အခု ဘီအေ၊ အမ်အေကိုယ်တော်လေးတွေ လောကီဘွဲ့ရော လောကုတ္တရာဘွဲ့ရောရတဲ့ ဓမ္မာစရိယ ဘီအေတို့၊ ဓမ္မာစရိယ အမ်အေတို့၊Ph.Dတို့ အဲဒီ ကိုယ်တော်လေးတွေ တက်လာတဲ့အခါကျတော့ အားရစရာရှိတာပေါ့။

မေး – ၂ဝဝ၆ ခုနှစ်ကာလပိုင်းမှာ ထိသောအိုးနှင့် ငြိသောကြိုး၊ ရဟန်းတော်များနှင့် ဆေးဝါးဗေဒင် ..စတဲ့ဆောင်း ပါးတော်တော်များများကို ထောင်ထဲမှာ ရေးနိုင်ခဲ့တာကိုတွေ့ရပါတယ်ဘုရား။ ဆိုတော့ ၂ဝဝ၆ ခုနှစ်ဟာ ထောင်ထဲမှာ အသားကျသွားပြီး စာရေးလို့ကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရနိုင်မလားဘုရား။

ဖြေ – ဦးဇင်းအနေနဲ့ ထောင်ထဲမှာရေးခဲ့တဲ့စာတွေက အများကြီးပါ။ အနည်းဆုံးတစ်ပတ် တစ်စောင်တော့ ရေးတာပေါ့။ တစ်ပတ်တစ်စောင်ဆိုတာကလည်း ဆောင်းပါးရှည်တို့၊ ဝတ္ထုရှည်တို့ အဲဒါမျိုးတွေရေးခဲ့တာပါ။
ခုလောလောဆယ် ပုံနှိပ်မီဒီယာတွေမှာ ဖော်ပြနေတာတွေက ၂ဝဝ၆ကရေးခဲ့တဲ့စာမူတွေကို ဖော်ပြနေတာများတော့ အဲဒီနှစ်မှာ ရေးတာများတယ်လို့ အောက်မေ့ရတာပေါ့။
တကယ်တမ်းကျတော့ ထောင်က စာရေးလို့တော်တော်ကောင်းတဲ့နေရာပဲ။ စက်ပစ္စည်းတွေလည်း မရှိဘူး၊ မိမိရဲ့ အသိုင်းအဝိုင်းလည်းမရှိဘူး။ အခန်းထဲမှာတစ်ပါးတည်းနေရတာဆိုတော့ ပြောရမယ်ဆိုရင် စိတ်နှစ်ပြီး အလုပ်လုပ်လို့ သိပ်ကောင်းတဲ့နေရာပေါ့။ အဲဒါကြောင့် ဦးဇင်းတို့က အမျိုးသားရေး သမားတွေပဲဖြစ်ဖြစ်၊ညီတော်မောင်တွေပဲဖြစ်ဖြစ် ထောင်ကိုမကြောက်ဖို့ အမြဲတန်းတိုက်တွန်းတာပေါ့ဗျာ။
(ဆက်လက်ဖော်ပြပါမည်)