သတင်း

ဆွမ်းအနုမောဒနာ တရားတော်

ဝါဆိုလဆန်း(၈)ရက် 1.7.2017 မနက် 8:00 ဓမ္မသဟာယကျောင်းမှာ ဟောကြားပါတယ်။ မနက်အရုဏ်ဆွမ်း ဆွမ်းလောင်းလှူကြတဲ့ ပြည်ကြီးတံခွန်မိသားစုပါ။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နေ ကွယ်လွန်သူ ဖခင်ကြီးဦးဘိုကြီး(၇၂)နှစ်အားရည်စူး၍ ကျန်ရစ်သူမိသားစုက ပြုကြတဲ့အလှူဒါနပါ။

အဘိဓမ္မာအသင်းသူ အသင်းသားတွေလည်း ပါပါတယ်။ မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် တစ်သိန်းကျပ်၊ နဝကမ္မ ငါးသောင်းကျပ်လည်း လှူဒါန်းကြပါတယ်။ အရုဏ်ဆွမ်းလောင်းလှူအပြီးမှာ စာရေးသူထံ လာရောက် တရားနာ ရေစက်ချ အမျှဝေကြတာပါ။

ကွယ်လွန်သူ မိဘနှစ်ပါးလုံးအား အမျှအတန်းပေးဝေကြပါတယ်။ မစိုးရိမ်တိုက်သစ်နေ Y.G.W ယဉ်ကျေးလိမ္မာသင်တန်းပို့ချနေတဲ့ တပည့်လေးတွေရဲ့ ဒကာ ဒကာမတွေ ဖြစ်ပါတယ်။ ပူပူနွေးနွေး ခြောက်ဘာသာဂုဏ်ထူးရှင်လေးလည်း ပါလာပါတယ်။
သူလေးကလည်း ဝီရသူမှ ဝီရသူပါပဲ။

အလှူရှင်တစ်ဦးရဲ့ သားလေးပါ။ နာမည်က မောင်ဟိန်းဇော်။ ဘာသာစုံဂုဏ်ထူးရှင်လေးပါတာကြောင့် လောကအလင်းဆောင်ပုဒ်လေးကို ဟောပြောလိုက်ပါတယ်။ 

သာသနာ၊ ပညာ၊ ယဉ်ကျေးမှု
ကောင်း၊ တော်၊ ယဉ်အောင်ပြု။
ဆောင်ပုဒ်ကလေးကို အကျယ်ရှင်းပြပြီး ဟောကြားလိုက်ပါတယ်။ အဘိဓမ္မာသင်တန်းသူ သင်တန်းသားတွေဖြစ်လို့ ဒေါသရဲ့အဓိပ္ပါယ်ကို စာတွေ့ ဥာဏ်တွေ့ အတွေ့အကြုံကို အကြောင်းပြုပြီး ဟောကြားလိုက်ပါတယ်။

ဒေါသရဲ့ သဘာဝကို မဟာစည်ရိပ်သာမှာ အားထုတ်စဉ် ပီပီပြင်ပြင် မြင်ခဲ့ရတဲ့အတွက်ကြောင့် စာရေးသူဟာ ဒေါသရင်ထဲဝင်လာမှာ အရမ်းကြောက်တဲ့အကြောင်း၊ ဒေါသမဖြစ်အောင် အမြဲတန်းဆင်ခြင်ကြောင်း၊ ကိုယ့်ကိုယ်ကို အမှန်တကယ်ချစ်ရင် ဒေါသစိတ်ကို မမွေးမြူသင့်ကြောင့် ဟောကြားခဲ့တာပါ။