သတင်းအင်တာဗျူး

ချန်ပီယံကို အလဲထိုးဖို့အတွက်တော့ သာမန်ဝီရိယနဲ့ မရနိုင်ဘူး(၂)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)

မေး – အရှင်ဘုရား စောစောက ဖြေသွားတဲ့အထဲမှာလည်းပဲ ပါပါတယ်ဘုရား။ မဃဒေဝကျမ်းကြီးအကြောင်း ပေါ့ဘုရား။ အဲဒီကျမ်းကြီးကို အရှင်ဘုရားက သင်တန်းတွေ ပို့ချတာလည်းတွေ့ရပါတယ်ဘုရား။ အရှင်ဘုရားဟောတဲ့ တရားတွေထဲမှာလည်း မဃဒေဝအလင်္ကာထဲက အဆုံးအမလေးတွေကို ဟော လေ့ရှိတာကိုတွေ့ရပါတယ်ဘုရား။ အဲဒီ မဃဒေဝလင်္ကာအကြောင်း အနှစ်ချုပ်လေးသုံးသပ်ပေးပါဦးဘုရား။

ဖြေ – ဦးဇင်းတို့ သကျသီဟက စာသင်တန်းနဲ့ စာချတန်းလို့ ရှိတာပေါ့။ စာချတန်းသုံးကျမ်းလုံးအောင်မှ ဘိဝံသ ဘွဲ့ရတာ။
စာသင်တန်းအောင်ပြီး စာချတန်းတက်နေတဲ့အချိန်မှာ မဃဒေဝစာအုပ်ကို စလေ့လာဖြစ်တာပေါ့။ လေ့လာခြင်းအကြောင်းကတော့ ကိုယ်က ကဗျာစပ်တာဝါသနာပါလို့ပါ။
နောက်ပြီးတော့ ဟိုကျမ်းမှာ မဃဒေဝအပိုဒ်လေးတွေ့၊ ဒီစာစောင်မှာ မဃဒေဝအပိုဒ်လေး တွေ့ပေါ့လေ။ မဃဒေဝက တအားကောင်းတဲ့အခါကျတော့ မဃဒေဝကို ရူးသွပ်နေတာပေါ့လေ။
ဒါပေမဲ့ ဦးဇင်းရဲ့ အရည်အချင်းနဲ့ မဃဒေဝကို လိုက်မမီခဲ့ဘူး။ အဲဒီအချိန်မှာ ဦးဇင်း မဃဒေဝစာအုပ်ကြီးဖတ်ပြီး စိတ်ဓာတ်ကျသွားတယ်။ အဲဒီကျသွားတဲ့စိတ်ဓာတ်လေး ဘယ်ကပြန် ရှင်သန်လာသလဲဆိုတော့ ဆရာတော်ဦးရာဇပေါ့နော်။
သူက တရားဟောတဲ့အခါကျတော့ မဃဒေဝလင်္ကာတွေ ရွတ်ရွတ်ပြီးဟောတာပေါ့။ ဟောပြီးရင်လည်း သူက ပြောသေးတယ်။ ဒါ ကျုပ်ထောင်ထဲမှာ ကျက်ခဲ့တာလို့။ အဲဒီအချိန်ကတည်းက ငါလည်း ထောင်ကျရင် မဃဒေဝအလွတ်ကျက်မယ်ကွလို့ စိတ်ထဲမှတ်ထားတာပေါ့။ ဆရာတော်ထောင်ထဲမှာ မဃဒေဝကျက်ခဲ့တာကို သွားအားကျခဲ့တာပေါ့။ အဲဒါနဲ့ ဦးဇင်းလည်း ထောင်ကျတာနဲ့ မဃဒေဝစာအုပ်သွင်းပေးဖို့ တန်းပြီးမှာလိုက်တော့တာပေါ့။
ပြောရမယ်ဆိုရင်တော့ မဃဒေဝကျမ်းကြီးက အင်မတန်အနှစ်သာရ ပြည့်ဝတဲ့ကျမ်းကြီးပေါ့။ ဘယ်လောက်အထိ အနှစ်သာရပြည့်ဝသလဲဆိုရင် ပိဋကတ်သုံးပုံ အားလုံးကို ခြုံငုံမိတာပေါ့။
အားလုံးကို ခြုံငုံမိတဲ့အတွက် လောကီပိုင်းတွေလည်းပါတယ်။ လောကုတ္တရာပိုင်းတွေလည်းပါတယ်။ မဃဒေဝလေ့လာရုံနဲ့တင် စွယ်စုံရပုဂ္ဂိုလ်တစ်ပါး ဖြစ်သွားနိုင်တယ်။
ဓာတ်တို့၊ နတ်တို့ ဝိဇ္ဇာတို့ ဗေဒင်တို့ကအစ မဃဒေဝမှာပါတာလေ။ ဗေဒင်နက္ခတ်ဆိုရင် ဂြိုဟ်စီး ဂြိုဟ်နင်းတို့ကအစပါတာပေါ့။ နောက်ပြီးတော့ တရားဥပဒေပိုင်းမှာဆိုရင် မနုကျယ်ဓမ္မသတ်တို့ဘာတို့ အဲဒါ တွေကအစ အကုန်ပါတယ်။
သူ့အခန်းကဏ္ဍအလိုက်ကြည့် မယ်ဆိုရင်လည်း နိုင်ငံတော်တည်ဆောက် တဲ့အခန်းမှာ နိုင်ငံရေးတွေ၊ သံဝေဂါကာရခန်းဆိုရင်လည်း တောထွက်ပြီး တရားကျင့်နိုင်လောက်စေတဲ့ သံဝေဂတရားစာတွေပေါ့၊ နောက်ပြီးတော့ သာသနာပြုမယ်ဆိုရင်လည်း ရှင်ကောင်း၊ ရဟန်းကောင်းတွေအတွက် လိုအပ်ချက်တွေပေါ့၊ နောက် သာသနာ့ဘောင်မှာ နေတဲ့အခါမှာလည်းပဲ အပြစ်မရောက်အောင် ဝိနည်းနဲ့ပတ်သက်လို့ အာပတ်တွေအပြစ်တွေနဲ့ပတ်သက်ပြီးလည်း ရဟန်းရိုးတို့၊ ရဟန်းယုတ်တို့၊ ရဟန်းဆိုးတို့ အဲဒါတွေကို ခွဲခြားပြသထားတဲ့အတွက်ကြောင့် ဓမ္မာစရိယအောင်ပြီးတဲ့ သံဃာတိုင်း ဒီမဃဒေဝကျမ်းကြီးကို ဘယ်သွားသွား ဆောင်ထားသင့်တာပေါ့။

မေး – မဃဒေဝအဖွင့်ကျမ်းဆိုပြီး ရေးကြတဲ့စာအုပ်တွေလည်း တွေ့ဖူးပါတယ်ဘုရား။ အရှင်ဘုရားအနေနဲ့ရော အဲဒီလိုမျိုးရေးဖို့ အစီအစဉ်ရှိပါသလားဘုရား။

ဖြေ – အရင်တုန်းကရှိတယ်။ မဃဒေဝကြီး လေ့လာပြီးတဲ့နောက်ပိုင်းမှာ ဦးဇင်းက စာအုပ်တစ်အုပ်ထုတ်ဖို့ကို ထောင်ထဲမှာ စိတ်ကူးခဲ့တာပေါ့နော်။
“လောကရှေ့ဆောင် မြတ်ဗုဒ္ဓ”တဲ့။ အဲဒီအကြောင်းကို ဦးဇင်း တအားရေးချင်တာ။ ဗုဒ္ဓအကြောင်း(ဗုဒ္ဓဝင်)ကို ရေးသွားမှာ မဟုတ်ဘဲနဲ့ ပိဋကတ်ထဲမှာပါတဲ့ဇာတ်တော်တွေ၊ မဃဒေဝမှာပါတဲ့ ဇာတ်တော်တွေကိုရှင်းပြရင်း မဃဒေဝက ဒီလိုဆိုတယ်ဆိုပြီး အနှစ်ချုပ်ရေးပြဖို့ အစီအစဉ် ရှိတာပေါ့။

မေး- နောက် အရှင်ဘုရား အားရကျေနပ်မှုရှိတယ်ဆိုတဲ့ “ထေရဝါဒတိုက်ပွဲ” စာအုပ်မှာ ပိဋကတ်ကျမ်းရင်း ၂ဝ ကျော်၊ အခြားစာအုပ်နဲ့ တိပ်ခွေက ၁၁ ခုကျော် ကိုးကားရေးသားခဲ့တာတွေ့ရပါတယ်ဘုရား။ အချိန်ကလည်း မဟာစည်ရိပ်သာက ထွက်ခါစအချိန်ဆိုတော့ အဲဒီစာအုပ်မှာ စာတွေ့နဲ့လက်တွေ့ ဘယ်ဟာက ပိုများလဲဘုရား။ နောက် ပြီးတော့ အဲဒီစာအုပ်မှာပဲ ဘာကြောင့် ကျမ်းတွေအများကြီးသုံးပြီး ရေးသားထားတာပါလဲဘုရား။

ဖြေ – လက်တွေ့က လအနည်းငယ်လေးဆိုပေမယ့်လို့ အများကြီး အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဗုဒ္ဓက ဝိပဿနာအတွက် ပွင့်လာတာကိုး။ ဝိပဿနာနဲ့ပတ်သက်တဲ့ အဘိဓမ္မာနေရာတွေကျတော့ စာတွေ့နဲ့ နားလည်တယ်ဆိုတာဟာ အပေါ်ယံပဲ။ လက်တွေ့လေ့လာမှ ဥာဏ်ထဲမှာ ထင်းခနဲ၊ ရှင်းခနဲ လင်းသွားတာ။
ဝိပဿနာကို များများအားထုတ်လေ မြတ်စွာဘုရားရဲ့တရားတော်တွေကို နက်နက်နဲနဲ နားလည်လေ၊ မြတ်စွာဘုရားကို နက်နက်ရှိုင်းရှိုင်း တိုးပြီးကြည်ညိုလေ၊ မြတ်စွာဘုရားရဲ့ သာသနာတော်ကို အသက်သွေးတွေနဲ့ ပေးဆပ်ပြီး ကာကွယ်ချင်စိတ်တွေ တိုးလေပေါ့။
ကျမ်းတွေကိုးရတာကတော့ ချန်ပီယံကို အလဲထိုးဖို့အတွက်တော့ သာမန်ဝီရိယနဲ့ မရနိုင်ဘူးလေ။ အဲဒီတုန်းက ဦးဇင်းက ၁၂ ဝါပဲရသေးတယ်။ ရဟန်းပေါက်စကိုး။ ကိုယ်ကိုင်တွယ်ရမည့်နေရာကျတော့ တကယ့်အဓိပတိ ဒိတ်ဒိတ်ကျဲကြီးဖြစ်နေတာပေါ့။ အဲဒီအတွက်ဦးဇင်းက ၇နှစ်လောက်အချိန်ယူပြီးတော့ စာလည်းလုပ်၊ လေ့လည်းလေ့လာ အားထုတ်ခဲ့ရတာပေါ့။

မေး – စာရေးဆရာဘဝကို ဒီလောက်ဆိုရင်နည်း နည်းနည်းခြုံငုံမိပါပြီဘုရား။ လတ်တလောဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး နည်းနည်းမေးခွင့်ပြုပါဘုရား။
ဖြေ – အေး၊ မေးပါ။

မေး – ဇွန်လ ၂၇ ရက်နေ့က အီးဒ်နေ့ မေတ္တာသဝဏ်လွှာဆိုပြီး အရှင်ဘုရား ထုတ်ပြန်ခဲ့တာတွေ့ရပါတယ် ဘုရား။
အဲဒီမှာ မွတ်ဆလင်တွေကို သုံးမျိုး အမျိုးအစားခွဲပြထားပါတယ်ဘုရား။ မြန်မာ့မြေကိုချစ်တဲ့မွတ်ဆလင်၊ ချစ်ပုံမရတဲ့ မွတ်ဆလင်နဲ့ ဂျီဟတ်ဝါဒီတွေရယ်လို့ အနှစ်ချုပ်ပြောလို့ရမယ်ထင်ပါတယ်ဘုရား။ အဲဒီထဲက အမှတ်တစ် မွတ်ဆင်ဖြစ်ဖို့ မွတ်ဆလင်တွေကိုယ်တိုင် ဘယ်လိုအားထုတ်မှုလုပ်သင့်လဲ။
ဖြေ – အမှတ်တစ်မွတ်ဆလင်တွေဖြစ်ဖို့က မိမိမှီတင်းနေထိုင်တဲ့ဒေသက ဌာနေတိုင်းရင်းသားတွေနဲ့ သဟဇာတဖြစ်ဖို့အရေးကြီးတာပေါ့။ သူတို့နဲ့သဟဇာတဖြစ်ဖို့ဆိုရင် သူတို့ယဉ်ကျေးမှုတွေ ကိုလေးစားဖို့ လိုတာပေါ။ အဲဒီလို လူမှုရေးမှာ အလိုက်တသိနဲ့ သူတစ်ပါးရဲ့ ဘာသာတရားကို လေးစားမှုရှိတယ်ဆိုရင်ကို အဲဒီမွတ်ဆလင်တွေကို မိတ်ဆွေကောင်းလို့ သတ်မှတ်လို့ရပါပြီ။
အဲဒီအဆင့်ရောက်အောင် အားထုတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး – မန်းမဘသက မဘသအမည် ဆက်သုံးဖို့နဲ့ပတ်သက်ပြီး ပြည်ထဲရေးကို စာတင်ထားတာတွေ့ပါတယ်ဘုရား။ အဲဒီအခြေအနေကရော ထူးခြားမှုရှိပါသလားဘုရား။ ဘယ်လိုအခြေ အနေမျိုးမှာ ရှိပါသလဲဘုရား။
ဖြေ – ပြည်ထဲရေးကတော့ ဒီစာနဲ့ ပတ်သက်လို့ ခေါ်ယူတွေ့ဆုံမေးမြန်းတာလည်းမရှိဘူး။ စာရောက်ရှိတဲ့အ ကြောင်း အကြောင်းပြန်တာလည်း မရှိသေးပါဘူး။
ဒါပေမဲ့ ဒီစာ ပြည်ထဲရေးကိုရောက်တယ်။ ပြည်ထဲရေးနဲ့တွဲပြီး မိတ္တူအပို့ခံရတဲ့ ဌာနတွေကတော့ ပြည်ထဲရေးကိုပို့ထားတဲ့ ဥပဒေကြောင်းတွေကို ပြန်ဆန်းစစ်မိသွားတာပေါ့။ ဆန်းစစ်မိသွားတော့ ၂ဝ/၉ဝ တစ်ခုတည်းနဲ့ တစ်နည်းအားဖြင့်ပြောရရင် သံဃာ့လုပ်ထုံးလုပ်နည်းဥပဒေတစ်ခုတည်းနဲ့ ကိုင်တွယ်လို့ မရနိုင်ဘူးဆိုတဲ့ အသိတွေတော့ တော်တော်လေး ဝင်သွားတာပေါ့။
ပြောရမယ်ဆိုရင်တော့ အရမ်းကာရောတော့ သူတို့လုပ်လို့မရတော့ဘူးပေါ့လေ။

မေး – သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက သာသနာတော်သန့်ရှင်းရေးလုပ်မယ်လို့ ပြောထားတာတွေ့ရ ပါတယ်ဘုရား။ ဆိုတော့ သာသနာတော်ဟာ တကယ်ပဲ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေသလားဘုရား။ လုပ်မယ် ဆိုရင် ဘယ်ကစလုပ်ရမလဲဘုရား။

ဖြေ – တကယ်တမ်းပြောမယ်ဆိုရင် နောက်ကျနေတာပေါ့။ မြတ်စွာဘုရား
လက်ထက်မှာကတည်းကိုက မြတ်စွာ ဘုရားကိုယ်တော်တိုင် သာသနာတော် သန့်ရှင်းရေးလုပ်ခဲ့တာတွေ ရှိတယ်ပေါ့။ အဲဒီအကြောင်းတွေလည်း ဦးဇင်းစာတွေအများကြီး ရေးထားတာရှိပါတယ်။
မဟာဝီရကိုပို့ထားတဲ့ သဂီရွှေခွက်နဲ့ ခြင်္သေ့ဆီဆိုတာ အဲဒါလေး ရေးထားတာပါ။
သာသနာသန့်ရှင်းရေးကို ခေတ်အဆက်ဆက်လုပ်ခဲ့ကြတယ်။ သာသနာသန့်ရှင်းရေးကို တကယ်လုပ်မယ်ဆိုရင် ဦးဇင်းတို့ လှိုက်လှိုက်လှဲလှဲကို ကြိုဆိုတာပေါ့။ ဒါပေမယ့် ဒီဝန်ကြီးလုပ်မယ့် သာသနာသန့်ရှင်းရေးဟာ ဗုဒ္ဓအလိုကျ သာသနာသန့်ရှင်းရေးမဖြစ်နိုင်ဘူး။ သာသနာသန့်ရှင်းရေး ခေါင်းစဉ်တပ်ပြီး သာသနာသန့်ရှင်းအောင် မလုပ်ဘဲနဲ့ သူတို့ လုပ်ချင်တဲ့သူတွေလောက်ပဲ ဒီခေါင်းစဉ်နဲ့လုပ်သွားမယ်လို့ စိတ်ထဲမှာအောက်မေ့နေတာပေါ့။ အဲဒါကြီးကတော့ မသင့်တော်ဘူးပေါ့လေ။
တကယ်သန့်ရှင်းမယ်ဆိုရင်တော့ ကိုယ့်အနီးနားကလူကို အရင်ဆုံးသန့်ရှင်းဖို့ လိုတာပေါ့။ ဒါမှ သူများတွေက အကုန်လက်ခံမှာလေ။
နို့မဟုတ်ရင် ငါတို့သာ လာသန့်ရှင်းနေတာ သူတို့နားက ဆရာတော်ကြီးတွေကတော့ ဘယ်လို၊ ဘယ့်နှယ်ဆိုရင် သူလည်း ဘာမှမတတ်နိုင်ဘူးလေ။ အဲဒါကြောင့် ကိုယ့်နားကလူတွေကို အရင်သန့်ရှင်းပါ။
ခေါင်က မိုးလုံမှ တစ်အိမ်လုံး လုံခြုံမှာလေ။ ခေါင်ကို အရင်ဆုံး မိုးလုံအောင်လုပ်ပါလို့ တိုက်တွန်းချင်ပါ တယ်။

မေး – အမျိုးသားရေးသမားတွေအတွက် သြဝါဒစကားကို နိဂုံးချုပ်အနေနဲ့ မိန့်ပေးပါဦးဘုရား။

ဖြေ -အမျိုးသားရေးညီနောင်တွေ၊ ညီအစ်ကိုမောင်နှမတွေ သိဒ္ဓတ္ထလို ရည်မှန်းချက် ကြီးကြီးမားမားထားကြပါ။
သိဒ္ဓတ္ထလိုရည်မှန်းချက် ကြီးကြီးမားမားထားမှ သိဒ္ဓတ္ထလို အရာရာစွန့်လွှတ်နိုင်မှာ။ ဒီခေတ်ဒီအခါက သိဒ္ဓတ္ထလို ကြီးကြီးမားမားစွန့်လွှတ်မည့်သူတွေ အများကြီးလိုအပ်နေပြီ။

ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။