သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။)

ကျနုပ်တို့သာသနာ၌ သာသနာသန့်ရှင်းရေးကို ဆောင်ရွက်မှုသည် မြတ်ဘုရားလက်ထက်ကပင် စတင်ခဲ့လေသည်။ ပြာသိုလပြည့်နေ့မှာ ဥပုသ်အိမ်အတွင်း၌ ဒုဿီလပါဝင်နေ၍ မြတ်စွာဘုရား ပါတိမောက် မပြပါ၊ ရဟန်းသံဃာတို့တစ်ညလုံး ထိုင်နေရပါသည်။ ရှင်အာနန္ဒာက ညဥ့်ဦးယံလွန် ပါပြီဘုရား၊ သန့်ခေါင်းယံလွန်ပါပြီဘုရား၊ မိုးသောက်ယံရောက်ပါပြီဘုရား ဟု သတိပေးလျှောက်ထားသော်လည်း မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူ ပါ။ နောက်ဆုံးရောက်မှ ”ချစ်သားအာနန္ဒာ ငါဘုရားပရိသတ်မစင်ကြယ်”ဟု မိန့်တော်မူ၏။ ရှင်မောဂ္ဂလာန်က ဒုဿီလကို သိမ်ထဲကထွက်သွားဖို့ သုံးကြိမ်သုံးခါ တောင်းပန်သော်လည်း မရ၍ ရှင်မောဂ္ဂလာန်ကိုယ်တိုင် ဒုဿီလကို လက်မောင်းကကိုင်ကာ ဆွဲထုတ်ခဲ့ရလေသည်။ ထိုအချိန်မှစ၍ လပြည့်လကွယ်ဥပုသ်နေ့များ၌ မြတ်စွာဘုရားကိုယ်တိုင် ပါတိမောက် ပြတော်မမူတော့ဘဲ ရဟန်းတို့ကိုသာ ပြတော်မူခိုင်းလေသည်။ ဤကား ရှင်မောဂ္ဂလာန်ကိုယ်တိုင် သာသနာသန့်ရှင်းရေးလုပ်ပုံ၊ မြတ်စွာဘုရားကိုယ် တော်မြတ်က သာသနာသန့်ရှင်းရေးကို လိုလားတော်မူပုံ ဖြစ်ပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းများစွာ ခြံရံလျက် ဒေသစာရီကြွတော်မူ၏။ လမ်းခရီး၌ အရှိန်ပြင်းစွာ တောက်လောင်နေသော မီးပုံကြီးကိုတွေ့၍ ရဟန်းတို့အား ”ရဟန်းတို့ ဤမီးပုံကြီးကို ပွေ့ဖက်ရခြင်းနှင့် အမျိုးသမီးခန္ဓာကိုယ်ကို ပွေ့ဖက်ရခြင်းတွင် ဘယ်အရာကကောင်းသနည်း” ဟု မေးတော်မူ၏။ ရဟန်းများကလည်း အမျိုးသမီးခန္ဓာကိုယ်အား ပွေ့ဖက်ရခြင်းက ကောင်းမွန်ကြောင်း ပြန်လည်လျှောက်ထားကြရာ မြတ်စွာဘုရားက ”ရဟန်းတို့ သည်မီးပုံကြီးကို ပွေ့ဖက်ခြင်းဖြင့် သေလျှင် လည်း သေမည်၊ မသေသော်လည်း ဒဏ်ရာကြီးမားစွာရမည်။ ဤမျှသာဖြစ်သည်။ သည်မီးပုံကြီးကို ပွေ့ဖက်ရုံမျှဖြင့် အပါယ်ငရဲမကျနိုင်၊ အမျိုးသမီးခန္ဓကိုယ်ကို ပွေ့ဖက်ခြင်းကြောင့်ကား အပါယ်ငရဲကျရောက်မည်” ဟု မိန့်တော်မူပြီး အဂ္ဂိက္ခန္ဓောပမသုတ္တန်ကို ဆက်လက်ဟောတော်မူလေရာ ဒုဿီလရဟန်းများ သွေးအန်သေကြလေသည်။ မသေသောရဟန်းများ လူထွက်ကုန်ကြလေသည်။ သီလဝန္တရဟန်းများ မဂ်ဥာဏ်ဖိုဥာဏ်ရကြကုန် လေသည်။ ဤကား မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် သာသနာသန့်ရှင်းရေး လုပ်ခဲ့ပုံဖြစ်လေသည်။(အဂုင်္တ္တိုရ်၊ အဂ္ဂိက္ခန္ဓောပမသုတ်။)

မျက်မှောက်သာသနာတော်၌လည်း သူတော်ကောင်းတို့ ဂုဏ်သိက္ခာ ထိခိုက်အောင်၊ သာသနာတော်ညှိုးနွမ်းအောင်၊ ဘာသာခြား လူမျိုးခြား နိုင်ငံခြားသားတို့ အထင်အမြင်သေးအောင် နှောက်ယှက်ဖျက်ဆီးသူများ ပေါလှပေသည်။ ထိုအဖျက်သမား၊ လူရမ်းကား၊ လူမွှေများကို မြတ်စွာဘုရား ကျင့်ထုံး၊ ရှင်မောဂ္ဂလာန်ကျင့်ထုံးကို ကျင့်သုံးကာ သာသနာတော်ဖြူစင်ဝင်းပ သန့်ရှင်းရအောင်၊ သူတော်ကောင်းများ ဂုဏ်သိက္ခာမြင့်မားအောင်၊ ဘာသာခြား လူမျိုးခြား နိုင်ငံခြားသားတို့ အထင်ကြီးလေးစားကြည်ညိုအောင် ဆောင်ရွက်သင့်လှပေပြီ။

ကျောင်းမြေသစ်များ
ယခုခေတ် ဆယ်စုနှစ် နှစ်ခုအတွင်း၌ ရပ်ကွက်သစ်များ ပေါ်ပေါက်လာရာ ထိုရပ်ကွက်များ၌ ဘုန်းကြီးကျောင်းများလည်း လူနေအိမ်များနှင့်အတူ ပါဝင်လာလေသည်။ ထိုဘုန်းကြီးကျောင်းများ တွင် လူနေအိမ်ခြေများကို ဝယ်ထားပြီး ဘုန်းကြီးကျောင်းလုပ်ထားသည့် ကျောင်းများပါဝင်လေသည်။ ထိုရပ်ကွက်သစ်များ၌ တည်ရှိသော သာသနာ့ နယ်မြေမကျသေးသည့် ကျောင်းတိုက်များကို စုံစမ်းရာတွင်(က) တောထွက်ဦးဇင်းကြီးများ(ခ)အရည်အချင်း မရှိသူများ(ဂ) အရည်အချင်းရှိပြီး ပျက်စီးနေသူများ(ဃ) အရည်အချင်းရှိ အလုပ်လုပ်၊ အကျိုးရှိသူများ ကျောင်းထိုင်နေကြသည်ကို တွေ့ရလေသည်။ (က) တောထွက်ဦးဇင်းကြီး များ ကျောင်းထိုင်နေကြရာတွင် ကျောင်းထိုင်အင်္ဂါရပ်နှင့် မညီညွတ်ခြင်း၊ ဝါနှင့်သိက္ခာနုနယ်ခြင်း၊ စာပေပရိယတ္တိအဆင့်မရှိခြင်း၊ ကျောင်းအင်္ဂါမစုံခြင်း၊ မိသားစုများတင်ထားပြီး အိမ်ထောင်သားမွေးနေခြင်းများ ပြုလုပ်နေသည်ကို တွေ့ရလေသည်။ သာသနာကို ဖျက်ဆီးနေခြင်းသက်သက်ပင်။ ထိုကျောင်းများ၊ ကျောင်းထိုင်များကို ဖယ်ရှားသင့်/မသင့် တာဝန်ရှိသူများ အချိန်မီ ဆောင်ရွက်ဖို့လိုလေပြီ။

(ခ) အရည်အချင်းမရှိသူများ ကျောင်းထိုင်ကြရာတွင် ငယ်ဖြူပင် ဖြစ်သော်လည်း အကျင့်သိက္ခာမဖြူစင်တော့ဘဲ၊ ချဲရောင်း၊ ဆိုက္ကားထောင်၊ မြင်းလှည်းထောင်၊ စီးပွားရေးလုပ်၊ အလှူခံစားနေရုံသာရှိပြီး သာသနာ အတွက် လုံးဝအကျိုးမရှိဘဲ သာသနာကို ခိုစီးနေကြသူများဖြစ်သည်ကို တွေ့ရလေသည်။ ထိုကျောင်းများ၊ ကျောင်းထိုင်များအတွက်ကော တာဝန်ရှိ သံဃာ့အစိုးရသည် အဘယ်သို့ စီမံထားပါသနည်း။

(ဂ) အကြီးတန်းအဆင့် စာချတန်းအဆင့်ရှိ ရဟန်းတော်များ ကျောင်းထိုင်နေသော်လည်း ၄င်းတို့၏ ရပ်တည်မှုမှာ သာသနာအတွက် မဟုတ်ပါ၊ ပရိယတ္တိ၊ ပဋိပတ္တိဟူ၍ လုံးဝမလုပ်ကြဘဲ အလုပ်လက်မဲ့ နေထိုင် ကြသည့် ဓုရဝိမုတ် ကိုယ်တော်များကြပါသည်။ သိက္ခာသမာဓိအနေဖြင့် လည်း ယုံကြည်ရလောက်အောင် မဖြူစင်တော့ဘဲ၊ ဂရုကအာပတ်ကြီးများကို ခြေပုန်းခုတ် လွန်ကျူးနေသူများဖြစ်ပါသည်။

ဤ(က)(ခ)(ဂ) အမျိုးအစားဖြစ်သော ကျောင်းများ၊ ကျောင်းထိုင်များ သည် မဟာယာနအသွင်ကူးနေသော အိမ်ထောင်သားမွေးသာသနာ ထူနေ သူများဖြစ်ကြလေသည်။ ၄င်းတို့ကို သာသနာ့နယ်မြေစာရင်းဝင်အောင် ဆောင်ရွက်ပေးသင့်သည်လော၊ ၄င်းတို့ကို ဖယ်ရှားကာ အရည်အချင်းရှိသူ၊ အလုပ်လုပ်သူ၊ သိက္ခာသမာဓိနှင့်ပြည့်စုံသူများကို တင်မြှောက်သင့်သည် လော၊ သို့မဟုတ် ၄င်းတို့နေရာများကို တိုင်းပြည်အကျိုးရှိမည့် စာသင် ကျောင်းများ၊ သင်တန်းကျောင်းများ၊ မီးသတ်ရုံများ၊ ဆေးရုံဆေးခန်းများ စသည်ဖြင့် အစားထိုးသင့်သည်လော ဤအပိုင်းမှာ တာဝန်ရှိသံဃာ့အစိုးရ ၏ အခန်းကဏ္ဍဖြစ်လေသည်။

(ဃ) ထိုသို့သော တိုးချဲ့ကွက်များ၌ ကိုယ်ကျင့်သိက္ခာလည်းဖြူစင်၊ အရည်အချင်းလည်းရှိ၊ သာသနာကိုလည်းချစ်မြတ်နိုး၍၊ သာသနာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ စွမ်းနိုင်ရာဘက်မှ ပါဝင်ထမ်းဆောင်နေသော ရိပ်သာများ၊ စာသင်တိုက်များလည်းရှိသည်ကိုတွေ့ရလေသည်။ ထိုကျောင်းများကို လိုအပ်ရာထောက်ပံ့ခြင်း၊ သာသနာ့နယ်မြေ စာရင်းဝင်အောင် ကူညီခြင်းများပြုလုပ်၍ သာသနာပြုသင့်လှပါသည်။ သို့မှသာ အညစ်အကြေးများ လမ်းဘေးရောက်သွားပြီး သာသနာသန့်ရှင်း ကြည်လင်မှာဖြစ်လေသည်။
(ဆက်လက်ဖော်ပြပါမည်)
(မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅)

ဝီရသူ (မစိုးရိမ်)