သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၂)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။
==========================================================
“အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးအတွက် သီးခြားလျှောက်ထားချက်ပါဘုရား”

ရပ်ကျေးသံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃနာယကအဖွဲ့အထိ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် ပါဝင်သော သံဃာတော်များသည် ဘုရားသားတော်ကြီးများဖြစ်ကြသော်လည်း လုပ်ပိုင်ခွင့်အာဏာကို အကြောင်းပြု၍ သတိတရား တိမ်းပါးချွတ်ချော်မှုများ ရှိလာကြသည်ကို တွေ့ရှိရပါသည်။

အောက်ခြေအဖွဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် အထက်သို့ တက်ခွင့်ရှိသော်လည်း အထက် အဖွဲ့အစည်းများ ဆုံးဖြတ်မှုမှားပါက ကြိတ်မှိတ်ခံစားရုံမှတပါး အခြား အားထားရာ မရှိကြတော့ပါ။

ထို့ကြောင့် အဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်းကို ထိန်းကျောင်းဖို့ လိုအပ်လာပြီ ဖြစ်ပါသည်။

ထိုအဖွဲ့အစည်းများကို ထိန်းကျောင်းရန် ဥပဒေများ မှန်စွာလိုအပ်လာပြီ ဖြစ်ပါသည်။

အဂတိတရား လိုက်မိမှားသောကြောင့် ဘုရားသားတော်များ အကြည်ညိုပျက်ခံရခြင်း၊ သာသနာတော် ညှိုးနွမ်းခြင်း၊ သံဃာများ၏ အထင်အမြင်သေးမှုကို ခံယူရခြင်း၊ သံဃာအချင်းချင်း စိတ်ဝမ်းကွဲခြင်း၊ သံဃာ့အဖွဲ့ အစည်းများ သြဇာအာဏာကျဆင်းခြင်း၊ သံဃာထု၏ ယုံကြည်မှုကင်းမဲ့ခြင်း – စသော အနိဋ္ဌာရုံများ တစ်ပုံတစ်ပင်ကြီး ပေါ်ပေါက်လာခဲ့သောကြောင့် တိုင်းသူပြည်သားများပါ အကုသိုလ်တရား တိုးပွားလာခဲ့ရပါသည်။

မောဟာဂတိဖြင့် ဆုံးဖြတ်မိကြခြင်းကို ခွင့်လွှတ်နားလည်နိုင်ကြသော်လည်း အခြားအဂတိများကား မဖြစ်သင့်သော အမှားများသာ ဖြစ်ပါသည်။

ထို့ကြောင့် မတရားဆုံးဖြတ်ခြင်း၊ လာဘ်စားခြင်း စသည့် အမှားများကျူးလွန်ကြသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့ဝင်၊ မည်သည့်အဖွဲ့ကိုမဆို အပြစ်ပေး အရေးယူနိုင်မည့် ဥပဒေများ ရေးစွဲသင့်ပါသည်။

သို့မှသာ တရားမျှတမည် ဖြစ်ပါသည်။

သို့မဟုတ်လျှင် မပြောပလောက်သော ပြစ်မှုအသေးအဖွဲလေးများ ကျူးလွန်မိခြင်းကြောင့် အုပ်ချုပ်ခံ ရှင်ရဟန်းများ ထောင်သွင်းအကျဉ်းချခံကြရသော်လည်း သံဃာထုရော၊ သာသနာတော်ကြီးပါ ထိခိုက်နစ်နာ စေသော အဂတိတရားများ ကျူးလွန်နေကြသော သံဃာ့အဖွဲ့အစည်းကြီးမှာ အထိန်းအကွပ်မဲ့ ဖြစ်နေပါသည်။

ညွှန်ကြားလွှာ အမှတ် (၇၅)လာ အပြစ်များ ကျူးလွန်သော အုပ်ချုပ်ခံ သံဃာများကို သံဃနာယက အဖွဲ့မှ အပြစ်ပေး အရေးယူကြသလို သံဃနာယကများ အပြစ်ကျူးလွန်လျှင်လည်း အပြစ်ပေး အရေးယူ ခံရမည်သာဖြစ်ပါသည်။

အရေးယူခွင့်မရှိပါက တရားမျှတသော အဖွဲ့အစည်းကြီး မဟုတ်ဘဲ အာဏာရှင် အဖွဲ့အစည်းကြီး ဖြစ်သွားမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် အဂတိလိုက်စား၍ မတရားဆုံးဖြတ်ခြင်း၊ ဘာဘ်စားခြင်း၊ တံစိုးလက်ဆောင်ယူ၍ လက်မှတ်ထိုးပေးခြင်း စသော သာသနာတော်နှင့် မလျော်ညီသော အပြစ်များ ကျူးလွန်သည့် သံဃနာယက အဖွဲ့များကို သံဃာထုက အရေးယူ အပြစ်ပေးနိုင်သော ဥပဒေတစ်ခု မဖြစ်မနေ ထုတ်ပြန်သင့်ပါကြောင်း လျှောက်ထားအပ်ပါသည်။

သို့မှသာ သာသနာတော် သန့်ရှင်း၊ တည်တံ့မည် ဖြစ်ပါသည်။

ဝီရသူ(မစိုးရိမ်)
10.2.2014