သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၃)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။
==========================================================

“အကြည်ညိုပျက်စေမှုများကို ထိန်းချုပ်ခြင်းဆိုင်ရာ ဖြည့်စွက် လျှောက်ထားချက်ပါဘုရား”

၁။ တရားပွဲ ယဉ်ကျေးမှု

ဓမ္မကထိကသာသနာထွန်းကားကျယ်ပြန့်လာသည်နှင့်အမျှ ဓမ္မကထိက ဆရာတော် များ၏ ဘုန်းကံများ ကြီးမားလာကြပါသည်။
ပိုင်ဆိုင်မှုများလည်း တိုးပွားလာကြပါသည်။

မင်းကွန်းဆရာတော်ဘုရားကြီး သီတဂူဆရာတော်ကြီးကဲ့သို့ သာသနာပြုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ အတွက်သာ သုံးစွဲကြသော ဓမ္မကထိက ဆရာတော်များကား အမျိုး ဘာသာ သာသနာအတွက် အားထားရာအစစ် ဘုရားသားတော်မြတ်ကြီးများဖြစ်ကြပေသည်။
ဘဏ်အပ်၍ သိမ်းထားခြင်း၊ အခြားနည်းဖြင့် အတိုးအပွားလုပ်ခြင်း၊ သာသနာရေးရာ လုပ်ငန်းများမှာ မသုံးစွဲဘဲ၊ မအပ်စပ်သောနေရာများမှာ သုံးစွဲခြင်းများ ပြုလာကြလျှင် သာသနာတော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက် နစ်နာစေပါသည်။

ပုတ်ပေါ်ဟုတ်ကျော်ဆိုသည့်အတိုင်း တိဏဝတ္ထာရကသမထ ပေးထိုက်သော အနံ့ထွက်ဓမ္မကထိကများ များပြားလာလျှင် ဓမ္မကထိက အစစ်အမှန် သာသနာပြုအစစ်အမှန်များကိုပါ အကြည်ညိုပျက်လာနိုင် ပါသည်။

ထို့ကြောင့် ဓမ္မကထိက ပိုင်ဆိုင်မှုများကို စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖွဲ့စည်း၍ မပျက်စီးအောင် ထိန်းကျောင်းဖို့ လိုပါသည်။

ရဟန်းသိက္ခာပျက်စီးသွားလျှင်၊ လူဝတ်လဲသွားလျှင် ထိုသူ၏ ပိုင်ဆိုင်မှုများကို သံဃာပိုင် သိမ်းနိုင်သော ဥပဒေမျိုး ထုတ်ပြန်ဖို့ လိုပါသည်။

၂။ ထို့အပြင် မူးယဇ်သောက်စား လောင်းကစားအလုပ်ဖြင့် ရပ်တည်နေသော ကျောင်းတိုက်များ၊ မာတုဂါမများ မွေး၍ ကိလေသာတိုးပွားရာ ပြည့်တန်းဆာ ဂေဟာသဖွယ် မဖွယ်မရာ လုပ်ငန်းများ ထူထောင်ထားသော ကျောင်းတိုက်များ၊ ရာဇဝတ်မှု မကင်းကော မူးယဇ်ဆေးဝါး အရောင်းအဝယ်လုပ်ခြင်း စသည်များဖြင့် ရပ်တည်နေသော ကျောင်းတိုက်များ၊ နာမည်ဆိုးထွက်ခြင်း၊ လုယက်မှုဖြစ်ခြင်း၊ ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင် မုဒိမ်းမှုကျူးလွန်ခြင်းစသည့် ကျော်မကောင်း ကြားမကောင်း အမြင်မတော်သော ရာဇဝတ်မှုများနှင့် ပထမ ပါရာဇိက သိက္ခာပုဒ်ကို ကျူးလွန်မိခြင်း စသည်များ ထင်ရှား မှန်ကန်ပါလျှင် ထိုကျောင်းများကို သံဃိကအဖြစ် သံဃာပိုင်သိမ်းကာ ဘကကျောင်းဖွင့်ခြင်း၊ စာသင်တိုက်ဖွင့်ခြင်း၊ ရိပ်သာဖွင့်ခြင်း၊ ကျူရှင်ကျောင်းဖွင့်ခြင်း စသည့် သာသနဟိတ ပရဟိတ လုပ်ငန်းများဆောင်ရွက်နိုင်စေမည့် ဥပဒေများ ထုတ်ပြန်သင့်ပါသည်။

သို့မှသာ ဘာသာခြားများ အထင်အမြင် အသေးမခံရမည်ဖြစ်ပါသည်။

ရဟန်းသံဃာများ အထင်အမြင် အလွဲ မခံရမည်ဖြစ်ပါသည်။ ရဟန်းငယ် ရဟန်းပျိုများ စောင့်စည်းနိုင်အား ပြည့်ဝလာမည်ဖြစ်ပါသည်။

၃။ ပရိယတ္တိလည်းမလုပ်၊ ပဋိပတ္တိလည်းမဟုတ်သော ဓုရဝိမုတ်( အလုပ်လက်မဲ့ကျောင်းများ)မှ ကျောင်းထိုင် ကျောင်းပိုင် ပျံလွန်လျှင်(သို့) လူဝတ်လဲလျှင် ထိုကျောင်းကို သံဃိက(သံဃာပိုင်) သိမ်းသင့်ပါသည်။

ဓုရနှစ်ဖြာဖြင့် အမျိုး ဘာသာ အကျိုးရှိရာ ရှိကြောင်း ဆောင်ရွက်မည့် ရဟန်းတော်များကို ခန့်အပ်သင့်ပါသည်။

အကယ်၍ မပျံလွန်ခင်၊ လူဝတ်မလဲခင် သာသနာအတွက် အမှန်တကယ် အလုပ်လုပ်မည့် ဓမ္မာစရိယဘွဲ့ရ တစ်ပါးပါးကို လွှဲအပ်သွားခဲ့လျှင်လည်း ထိုကျောင်းကို စောင့်ကြည့် လေ့လာ၍ ယုံကြည်စိတ်ချရမှသာ အသိအမှတ်ပြုသင့်ပါသည်။

သို့မှသာ သာသနာတော် သန့်ရှင်းတည်တံ့ အရှည်ခန့်မည် ဖြစ်ပါသည်။

၎။ ဘုရားကျောင်းကန်များနှင့် ယဉ်ကျေးမှု ပြယုဂ်နေရာများမှာ သရုပ်ပျက် အ၀တ်အစားများ၊ မလုံမခြုံဝတ်စား လာသူများကို အပြစ်ပေး အရေးယူမည့် အစီအစဉ်တစ်ရပ် သတ်မှတ်ထားသင့်ပါသည်။

ဘာသာရေး ရဲမေများ၊ ဘာသာရေးရဲများ ဖွဲ့စည်းထားပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီမှုများ အမြင်မတော်သော အတွဲများကို သုတ်သင်ရှင်းလင်းသင့်ပါသည်။

သို့မှသာ အဆင့်အတန်းမြင့်မားပြီး အစဉ်အလာကြီးမားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုကြီးကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။

ဝီရသူ(မစိုးရိမ်)
16.2.2014