သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၄)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။
==========================================================

“ညွှန်ကြားလွှာအမှတ်(၈၁) ဖြည့်စွက်လျှောက်ထားချက်ပါဘုရား”

ညွှန်ကြားလွှာများစာအုပ် စာမျက်နှာ ၃၂၂-၃၂၃ ပါ ညွှန်ကြားလွှာ အမှတ်(၈၁)၌ စာပိုဒ်တစ်ခု (ပုဒ်မတစ်ခု) ထပ်မံ ဖြည့်စွက်သင့်ပါသည်။

စာပိုဒ်(၄) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ သြဝါဒကိုခံယူ၍ ဒေသဆိုင်ရာ သံဃနာယကအဖွဲ့များ၏ လက်အောက်ခံ သာ။ထိန်း- အဖွဲ့များ ဖွဲ့စည်းခွင့်ရှိသကဲ့သို့ သာသနာတော်သုံးရပ်အား အထောက်အပံ့ဖြစ်စေသော သံဃနာယက၏ လုပ်ငန်းစဉ်များနှင့် မဆန့်ကျင်သော အမျိုး ဘာသာ သာသနာ အတွက် ရည်ရွယ်ဖွဲ့စည်းထားသော ၉၆၉ အဖွဲ့၊ မ.ဘ.သ အဖွဲ့၊ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့ စသည်တို့အား တရားဝင် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုနိုင်အောင် ဆောင်ရွက်ပေးရမည်။

သို့မှသာ သာသနာတော် ထွန်းကားရေးအတွက် သံဃနာယကအဖွဲ့က ဆောင်ရွက်နေစဉ် သာသနာတော် လုံခြုံရေး အဓွန့်ရှည် တည်တံ့ရေးအတွက် အဆိုပါ အဖွဲ့ငယ်လေးများက ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

“ညွှန်ကြားလွှာ အမှတ်(၈၃) ဖြည့်စွက်လျှောက်ထားချက်ပါဘုရား”
ညွှန်ကြားလွှာများစာအုပ် စာမျက်နှာ ၃၂၈-၃၃၀ ပါ
ညွှန်ကြားလွှာအမှတ်(၈၃) ၌
စာပိုဒ်တစ်ခု(ပုဒ်မတစ်ခု) ထပ်မံဖြည့်စွက်သင့်ပါသည်။

ဘုရားတပည့်တော်တို့သည် ဘုရားသားတော်များဖြစ်သည်အားလျော်စွာ မြတ်စွာဘုရား လျှောက်လှမ်းတော် မူခဲ့သော ဥာတတ္ထစရိယ၊ လောကတ္ထစရိယ လမ်းစဉ်များကို မျက်ကွယ်ပြု၍ မထားသင့်ပါ။
ရဟန်းတော်များသည် ပါတီနိုင်ငံရေး ကင်းရှင်းသင့်သော်လည်း အမျိုးသား နိုင်ငံရေးကိုကား လုံးဝ မပစ်ပယ်သင့်ပါ။

စွမ်းနိုင်လျှင် စွမ်းနိုင်သလောက် အဖွဲ့အစည်းများဖွဲ့၍ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ပါးချင်းဆီဖြစ်စေ မြန်မာ့နိုင်ငံရေး မတိမ်းစောင်းအောင် ထိန်းကျောင်းနေရမည်ဖြစ်ပါသည်။

အစိုးရပင်ဖြစ်စေ၊ ပါတီများပင်ဖြစ်စေ၊ ပုထုဇဉ်လူသားများဖြစ်၍ အမှားကင်းကြမည်မဟုတ်ပါ။

ဥှုဃ ကိစ္စ၌ အစိုးရ( ဟောင်း ) ခြေလွန် လက်လွန်ဖြစ်ခဲ့သလို၊ ရိုဟင်ဂျာအရေး၌ နိုင်ငံရေးသမားများ ဘက်လိုက်မှုရှိသည်ကို တွေ့ခဲ့ ရပါသည်။

ထို့ကြောင့် ပါတီနိုင်ငံရေး၊ ပါဝါနိုင်ငံရေး၊ မဟုတ်လျှင်၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများသည် ဝိနည်းသိက္ခာပုဒ် တော်ကြီး။ငယ် များကို မထိခိုက်သော၊ သမဏသာရုပ္ပ- ကြည်ညိုဖွယ်ဂုဏ် မပျက်စီးအောင် ဆောင်ရွက်သူ ဖြစ်လျှင် လွတ်လပ်စွာ ရပ်တည်ခွင့်၊ ဆောင်ရွက်ခွင့်ပေးရမည်ဖြစ်ပါသည်။

သို့မှသာ အထိန်းအကွပ်မဲ့သော ရှပ်နီ၊ ရှပ်ဝါများ ပဋိပက္ခကြောင့် ထိုင်းတောင်ပိုင်းရှိ ဗုဒ္ဓဘာသာဝင်များကဲ့သို့ အသက် အိုးအိမ် စည်းစိမ် အန္တရာယ် ကျရောက်မှုမျိုးကို ကာကွယ်တားဆီးထားရာ ရောက်မည်ဖြစ်ပါသည်။

ဝီရသူ(မစိုးရိမ်)
21.2.2014