ထုတ်ပြန်ကြေညာချက်သတင်း

စဥ့်ကိုင်မြို့ ဘာသာရေးဆုတောင်းပွဲကိုအကြောင်းပြပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေမှုအတွက် မန်း မဘသရဲ့ တိုင်ကြားချက်

ဆက်ကပ်ပါသည်ဘုရား

သို့
ဥက္ကဋ္ဌဆရာတော်
တိုင်းဒေသကြီးသံဃနာယကအဖွဲ့
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။

ရက်စွဲ။ ၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်

အကြောင်းအရာ။ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ညှိုးနွမ်းစေသည့် ပြုလုပ်ကျူးလွန်မှု များနှင့် ပတ်သက်၍ လိုအပ်သလို အရေးယူပေးပါရန် လျှောက်ထားခြင်း။

၁။ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၄)ရက် အင်္ဂါနေ့ ညနေ(၆)နာရီခန့်က စဥ့်ကိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကြီးမှူးကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။

၂။ အဆိုပါ ဆုတောင်းပွဲ၌ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ စိတ်နှလုံးကို ညှိုးနွမ်းကြေကွဲစေသော အခြားဘာသာဝင် လူယောက်ျား၊ လူမိန်းမများကို မြင့်သောမြတ်သော နေရာများတွင် နေရာချထား ပေးပြီး ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ရာဖြစ်သော ရဟန်း၊ သာမဏေနှင့် သာသနာ့နွယ်ဝင် သီလရှင် များကို နိမ့်ကျသော မြေပြင်ပေါ်မှာ နေရာပေးထိုင်စေခဲ့ပါသည်။
(အထောက်အထား ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ပူးတွဲဆက်ကပ်ပါသည်ဘုရား)

၃။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သော မှတ်တမ်းဓာတ်ပုံများ၊ ရုပ်။သံမှတ်တမ်းဖိုင်များသည် လူမှု ကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၏ စိတ်နှလုံးကို ညှိုးနွမ်းထိခိုက်စေခဲ့ပါသည်။

၎။ ၄င်းဖြစ်စဉ်သည် ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတပါဠိ၊ မုနိသုတ်အဖွင့်၊ အနာဂါမီပိ စေ ဘိက္ခဝေ ဂိဟီ ဟောတိ တေန တဒဟုပဗ္ဗဇိတဿာပိ သာမဏေရဿ အဘိဝါဒနာဒီနိ ကတ္တဗ္ဗာနေဝ၊ (သုတ္တနိ၊ ၁။ ၂၆၂)နှင့် (ဝိ၊ ဋ္ဌ။ ၁။ ၃၅)လာ သီရိဓမ္မသောကမင်းကြီးက နိဂြောဓသာမဏေလေးအားမြင့်မြတ်သော ထီးဖြူမိုးအပ်သည့် ရာဇပလ္လင်ထက်၌ နေရာပေးခဲ့သည်များနှင့် ဆန့်ကျင်၍ ပြုလုပ်ခဲ့ပါသည်။

၅။ အဆိုပါဖြစ်စဉ်တွင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အားဖြင့် မြင့်မားသော ထေရ်ကြီးဝါကြီး သံဃာတော်များအား သာသနာပ အယူဝါဒရှိသော အညတိတ္ထိယများနှင့် အဆင့်အတန်းတူညီစွာ သတ်မှတ်နေထိုင်စေခြင်းကလည်း (ခုဒ္ဒကနိကာယ်၊ ဇာတကပါဠိ၊ ဆက္ကနိပါတ်၊ အဝါရိယဝဂ်၊ နေရုဇာတ်တော်လာ) ဘုရားဟော တရားတော်နှင့်မကိုက်ညီ ဖီလာဆန့်ကျင်လျက် ထေရဝါဒဗုဒ္ဓသာသနာတော်ကို ညှိုးမှိန်အောင်ပြုလုပ် ရာ ရောက်ပါသည်။
၆။ သို့ဖြစ်ပါ၍ (၂၄-၁ဝ-၂ဝ၁၇)ရက် အင်္ဂါနေ့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကြီးမှူး ကျင်းပသော စဥ့်ကိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ြီူ ပါတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ပွဲစီစဉ်သူများကို ဓမ္မစက်ဖြင့် အရေးယူဆောင်ရွက်ပေးပါရန်နှင့် ထိုကဲ့သို့ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေသော အလားတူလုပ်ရပ်များ နောက်နောင် မပေါ် ပေါက်စေရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် ဘုရား။

ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)
ဦးထွန်းချိုကျောင်း၊ ဘုရားကြီးတိုက်

ဘဒ္ဒန္တဝိစာရ ဘဒ္ဒန္တပညာသာမိ
မဟာဝိဇယကျောင်းတိုက် သာသနပါလကျောင်း
မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးတိုက်

ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
နိရုတ္တိနယူပဒေသကျောင်း ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက် မစိုးရိမ်တိုက်သစ်

မိတ္တူကို-
– ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန၊ နေပြည်တော်
– ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့
– တိုင်းဦးစီးမှူး၊ သာသနာရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။
– ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့။