သတင်း

ဇွဲကပင်ဆရာတော်ကြီးနှင့်အတူ

နယုန်လပြည့်ကျော်(၂)ရက် 11.6.2017 ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်မှာ ကျင်းပတဲ့ ဇွဲကပင်မဘသ အခမ်းအနား အောင်ပွဲပြီးတဲ့အခါ ဇွဲကပင်ဆရာတော်ကြီးက လုမ္ဗိနီဥယျာဉ်ကို အလည်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်။ ရန်ကုန်အမျိုးသားရေး မောင်နှမတွေ ရောက်တုန်းရောက်ခိုက် စကားလက်ဆုံကျနေလို့ ဇွဲကပင် ဆရာတော်ကြီးနှင့် တစ်ပါတည်း လိုက်မသွားနိုင်ခဲ့ပါ။

တိုင်ပင်ဆွေးနွေးပြီးမှ လိုက်သွားဖြစ်ပါတယ်။ အရင်တုန်းကရောက်ဖူးပေမဲ့ ကေဘယ်လ်ကား မရှိသေးပါဘူး။ အမျိုးသားရေးညီနောင်တွေ ကေဘယ်လ်ကားစီးနေချိန်မှာ ဇွဲကပင်ဆရာတော်ကြီးနှင့် အမျိုး ဘာသာ သာသနာအရေး ဆွေးနွေးတိုင်ပင်ပါတယ်။

ဆရာတော်ကြီးက ကေဘယ်လ်ကားစီးဖို့ ခဏခဏတိုက်တွန်းတာနဲ့ စီးဖြစ်သွားပါတယ်။ ဇိမ်ကျပါတယ်။ လေကလေးတဖြူးဖြူးနဲ့ တောတောင်ရေမြေသဘာဝ ရှုခင်းအလှတွေကို ခံစားရင်း အပန်းဖြေမိပါတယ်။

ကေဘယ်လ်ကားလုပ်ငန်းကို မန္တလေး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်မှ ဦးကျော်ကျော်က တာဝန်ယူ လုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။ အိန္ဒိယထက်တောင် သာပါတယ်။ အိန္ဒိယမှာ တစ်ယောက်စီးတွေသာ တီထွင်နိုင်သေးတယ်။

ဓာတ်တိုင်တွေဖြတ်တဲ့အခါ စလိုးဒေါင်းလိုပုံစံမျိုး ထစ်ထစ်သွားပါတယ်။ ဒီမှာတော့ နှစ်ယောက် သုံးယောက်စီးလို့ရပါတယ်။
စလိုးဒေါင်းလို အဖုအထစ်တွေလဲ မရှိပါဘူး။ စိန်ပန်းဦးကျော်ကျော်ကို ဇွဲကပင်ဆရာတော်ကြီးက ချီးကျူးလို့ကိုမဆုံးနိုင်ပါဘူး။
တစ်နေကုန်ပင်ပန်းခဲ့သမျှ ဇွဲကပင်လေကိုရှူရှိုက်ရင်း ရှေ့ဆက်ရမည့်ခရီးကြမ်းကြီးအတွက် စွမ်းအားတွေ မွေးမြူနေမိပါတယ်။
ဇွဲကပင်ဆရာတော်ကြီးက သက်တော် ၇၉ နှစ်ရှိပါပြီ။ ကျန်းမာရေးအင်မတန်ကောင်းပါတယ်။

အရင်တုန်းက ဇွဲကပင်တောင်ကြီးကို အသွားအပြန် အတက်အဆင်း နှစ်နာရီအတွင်း လမ်းလျှောက်သွားတဲ့ ကျေးဇူးဖြစ်မှာပါ။
ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သက်တော်ရာကျော်ရှည်တော်မူပါစေဘုရား။


ဝီရသူ(မစိုးရိမ်)
15.6.2017
PM 8:00