သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင် မဟုတ်ဘူး(၈)

မန္တလေးမြို့၊ ချမ်းမြသာ စည်မြို့နယ်၊ မဟာမုနိဘုရားကြီး၊ သာသနာ ၂၅ဝဝပြည့် သာသနာ့ ဗိမာန်မှာ သပိတ်စခန်း ဖွင့်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ ကြတဲ့ သံဃာတော် ခြောက်ပါးကို ဒီဇင်ဘာ ၂၇ ရက်မှာ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။

နိုင်ငံတော်အစိုးရကို အကြည် ညိုပျက်စေမှု ၅ဝ၅(ခ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲချမှတ် လိုက်တာပါ။ တရားလိုက ခရိုင်သာသနာရေး ဦးစီးမှူး ဦးတင်မောင်အေးဖြစ်ပြီး ပြစ်ဒဏ် အချခံရတဲ့ သံဃာတော် ခြောက်ပါးက သြဂုတ် ၂ရက် ၃ရက် ၄ ရက်နေ့တွေမှာ အစိုးရဖြုတ်ချရေး ထိုင်သပိတ် ဆင်နွှဲခဲ့ကြလို့ပဲဖြစ် ပါတယ်။

ထိုသပိတ်စခန်းကို သြဂုတ်လ ၅ ရက် နံနက် အစော ၂ နာရီ ၁၅ မိနစ်မှာ ရန်သူ့စစ်စခန်းကို ဝင်စီး သလိုမျိုး အကြမ်းဖက်ဖြိုခွင်းပြီး သံဃာတော်များနှင့် အမျိုးသမီး နှစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြတာပါ။

ဖမ်းဆီးတဲ့အဖွဲ့ဟာ အရပ်ဝတ် နဲ့ နှာခေါင်းစည်းများ ဝတ်ဆင်ထား ကြပြီး ယူနီဖောင်းလည်း မပါ၊ ဝရမ်းလည်း မပြ၊ ဘယ်အဖွဲ့အစည်း ကလည်း မပြော၊ တာဝန်အရ လာဖမ်းတာပါလို့တောင် မပြောဘဲ ရပ်ဝေးမှ လာရောက်ပူးပေါင်းတဲ့ အဖွဲ့ဟန်ဆောင်ပြီး အကြမ်းဖက် ရိုက်နှက် ထုထောင်း ထိုးကြိတ် ကန်ကျောက်ပြီး လက်ထိပ်ခတ်ကာ ကားပေါ်ပစ်တင် ဖမ်းဆီးခေါ်ဆောင် သွားကြတာပါ။

အချို့သံဃာတွေကို ကျင်စက်နဲ့ တို့ပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသလို အမျိုးသမီးတစ်ဦးကို လူလေး ငါးယောက်က တံတောင်နှင့် ထောင်းခြင်း၊ ဒူးဖြင့် တိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လည်ပင်း ညှစ်ခြင်း၊ ကားပေါ် ပစ်တင်ခြင်း၊ ပေါင်ပေါ် တက်ခွခြင်း၊ ရင်ဘတ်ပေါ် ဖိထိုင်ခြင်း၊ ဒူးခေါင်းကို တက်နင်း ခြင်း၊ လည်ပင်းနှင့် ကုတ်ပိုးကို သိုင်းဖက်ကာ နပန်းသတ်ခြင်း၊ လက်ထိပ်ခတ် ဖမ်းဆီးခြင်းအထိ ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။

သံဃာတော် ၁၁ ပါးနဲ့ အမျိုးသမီး နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး သံဃာတော် ငါးပါးနဲ့ အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ခဲ့ကြပါတယ်။ လာရောက်ဖမ်းဆီးသူများဟာ အခြေအနေအရ ယူနီဖောင်း မဝတ်တောင်မှ ဒဒဘယ်တပ်ဖွဲ့က ဖြစ်တယ်၊ ဘယ်အမိန့်ပါတယ်၊ တာဝန်အရ လာဖမ်းခြင်းဖြစ်တယ်၊ တရားအစွဲခံထားရသူ စာရင်းထဲမှာ ပါလျှင် အသာတကြည်အဖမ်းခံပါ။ စာရင်းထဲမှာ မပါသူများ အေးအေး ဆေးဆေးနေပါ။ ဥပဒေမဲ့ တုန့်ပြန် တာမျိုးတွေ မလုပ်ပါနဲ့ ဒီလို ရှင်းပြပြီး လူလိုသူလို ဖမ်းဆီးတာမျိုး မပြုလုပ်ခဲ့ကြတဲ့အပြင် သံဃာတော် များနှင့် အမျိုးသမီးတစ်ဦးကို အမဲဖျက်သည့်အလား အုပ်စုဖွဲ့ အင်အားသုံး အနိုင်ကျင့်ခဲ့ကြတာပါ။

တရားရုံးမှာ အမှုဖွင့်တော့လည်း ခရိုင်သာသနာရေး ဦးစီးမှူး အဆင့်လောက်နဲ့ တရားလိုလုပ် တိုင်ကြားထားတာတွေ့ရပြီး အမှုကတော့ နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(ခ)ဖြစ်ပါတယ်။

၅ဝ၅(ခ)နဲ့ တရားစွဲမယ်ဆိုရင် တိုင်းအဆင့် အစိုးရအဖွဲ့အကြီးအကဲ တစ်ဦးက တရားလိုလုပ်တိုင်ကြားရ မှာဖြစ်ပါလျက် ခရိုင်သာသနာရေး မှူး အဆင့်လောက်နဲ့သာ တရားစွဲ ထားတာကြောင့် အမှုကပျက်ပြယ် နေပါပြီ။

နောက်တစ်ခုက တရားရုံး ဝရမ်းမပါဘဲ ဖမ်းတဲ့ ကိစ္စပါ။ လူကြီးလူကောင်းတွေကို ဖမ်းဆီး တာမျိုး မဟုတ်ဘဲ ချက်ချင်း လက်ထိပ်ခတ်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့ကြတာပါ။

နောက်တစ်ခုကတော့ တိုင်ကြား ခံထားရသူ စာရင်းထဲမှာ မပါတဲ့ သံဃာတော်များနှင့် အမျိုးသမီး နှစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီးခြင်း ပါပဲ။

အင်္ဂလိပ် အစိုးရတောင်မှ စည်းသုံးခုခြား ဟန့်တားပြီးမှ နှိမ်နင်း တာပါ။  ပထမစည်း ကျူးကျော် ရုံနဲ့ မတုန့်ပြန်သေးပါဘူး။
ဒုတိယ စည်း ကျူးကျော်ရုံနဲ့လည်း သည်းခံ ပါသေးတယ်။ အတန်တန် သတိ ပေးတဲ့ကြားကနေ တတိယစည်းကို ကျူးကျော်လာမှ နှိမ်နင်းခဲ့ကြတာပါ။

အရင်အစိုးရ လက်ထက်တုန်းက ဆိုရင် မိကျောင်းကန်သပိတ်စခန်းဖွင့် ဆန္ဒပြတာ နှစ်နဲ့ချီပြီးကြာပါတယ်။ အကြမ်းဖက် နှိမ်နင်းတာမျိုး မလုပ်ခဲ့ပါဘူး။ လက်ပံတောင်းတောင် သပိတ် စခန်းဆိုရင်လည်း စာအတန်တန်ပို့ သတိပေးခြင်း၊ အကြိမ်ကြိမ်ခေါ်ယူ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ် ခဲ့တဲ့အပြင် မဖြိုခွင်းမီ မှာလည်း ဟွန်းဖြင့်အော်ပြီး မေတ္တာရပ်ခံ တောင်းပန်ခဲ့ပါသေးတယ်။

လက်ပံတန်း ကျောင်းသား အရေးဆိုရင်လည်း လမ်းတစ်လျှောက် မြို့နယ်အသီးသီးမှ တာဝန်ရှိသူ များက အကြိမ်ကြိမ်တွေ့ဆုံမေတ္တာ ရပ်ခံခဲ့ကြတဲ့အပြင် နေပြည်တော် လွှတ်တော်အဆောက်အဦထဲ အထိ ခေါ်ယူရှင်းပြ နားချခဲ့ပါသေးတယ်။

ရန်ကုန်ကို မချီတက်မီ လက်ပံ တန်းမှာ စုရုံးနေကြတုန်းကလည်း ဘာမှ မလုပ်ခဲ့ကြပါဘူး။ ကျောင်း သားများက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ဆုံနေတုန်း တားထားတဲ့ ကြားကနေ ရဲတပ်ဖွဲ့ကိုထိုးဖောက် ချီတက်ကြတော့မှပဲ နှိမ်နင်း ခဲ့ကြတာပါ။ ဒါတောင် ကျောင်းသား သပိတ်ကို ဦးဆောင်တဲ့ သံဃာ တော်တွေကို အကြမ်းဖက်ဖမ်းဆီး ခြင်း လက်ထိပ်ခတ်ထောင်ချခြင်း တွေ မလုပ်ခဲ့ကြပါဘူး။

NLD အစိုးရ မန်းသပိတ်စခန်း ကို ဖြိုခွင်းတာကတော့ အင်္ဂလိပ် တွေထက်လည်း ဆိုးပါတယ်။ အရင် အစိုးရထက်လည်း ဆိုးပါတယ်။ နဝတ အစိုးရထက်လည်း ဆိုးပါ တယ်။ နဝတအစိုးရ ဘုန်းကြီး ကျောင်းတွေကို ဝင်စီးတုန်းက ဒီလို ရိုက်နှက် နှိပ်စက်တာမျိုး မလုပ်ခဲ့ပါဘူး။

ပိုပြီးဆိုးတာက အရပ်သား အစိုးရက အရပ်သားလို မကျင့် သုံးခြင်း၊ ဒီမိုကရေစီ အစိုးရက ဒီမိုကရေစီ သဘောတရားကို မလိုက်နာခြင်း၊ ပြည်သူ့အစိုးရက ပြည်သူ့အပေါ် မညှာတာခြင်း၊ တရားဥပဒေ စိုးမိုးရေး အစိုးရက တရားဥပဒေကို ကျူးကျော် နင်းခြေခြင်း တို့ပါပဲ။

ဘုရားကြီး ဝတ္တကမြေ၊ သာသနာ့ဗိမာန်ထဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သံဃာတော် များကို ညအချိန်မတော်ကြီး အကြမ်းဖက် ဝင်စီးခဲ့တာ။ ဝရမ်း မပါဘဲ ဖမ်းဆီးခဲ့တာ။ လူလို သူလို ပြောမဖမ်းဘဲ အသာတကြည် လိုက်မယ်ပြောတဲ့ သံဃာတော်တွေ ကို ထုထောင်း ရိုက်နှက်ပြီး လက်ထိပ်ခတ်ဖမ်းဆီးတာ။ ဝေယျာ ဝစ္စ ဆောင်ရွက်သူ အမျိုးသမီး နှစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီးတာ။ ၄င်းနှစ်ဦးအနက် တစ်ဦးကို အုပ်စုဖွဲ့ အကြမ်းဖက်တာ။ တိုင်းအဆင့် အရာရှိက တရားစွဲမှ အမှုမြောက်တဲ့ အမှုကို ခရိုင်အဆင့် သာသနာရေးမှူး လောက်နဲ့ပဲတရားစွဲတာ။ သက်သေ အထောက်အထား မရှိဘဲ တစ်နှစ်ခွဲ ချပစ်တာ။ အလုပ်မဲ့ ထောင်ဒဏ် ချရမှာကို အလုပ်ကြမ်းထောင်ဒဏ် ချလိုက်တာတွေဟာ NLD အစိုးရရဲ့ ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှု တွေပါပဲ။

နဝတအစိုးရ လက်ထက်တုန်း က ရွှေဝါရောင်မှာ နှိမ်နင်းခဲ့တယ် ဆိုတာ လမ်းပေါ်ထွက်ပြီး နိုင်ငံရေး အရ တောင်းဆိုကြလို့ပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ရုံ ပရိတ်ရွတ်ရုံနဲ့ မနှိမ်နင်းခဲ့ပါဘူး။

ဦးသိန်းစိန်အစိုးရ လက်ထက် တုန်းက စက်ရုံအလုပ်ရုံတွေ၊ ဓမ္မာရုံ တွေ၊ ဘုန်းကြီးကျောင်းတွေမှာ စုရုံးတောင်းဆိုရုံနဲ့ မနှိမ်နင်းခဲ့ပါဘူး။

NLD အစိုးရကတော့ ဘုရားဝင်းထဲ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုနေတဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းပြီး အလုပ် ကြမ်းနဲ့ ထောင်ဒဏ် မတန်တဆ ချပစ်လိုက်ကြပါတယ်။

ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ အစိုးရပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ဆန္ဒနဲ့ တခြားစီ ဖြစ်နေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်တော့ပါဘူးဗျာ။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)