သတင်း

မဘသမဟုတ်သော မဘသ

စာရေးသူ အိုးဘိုတောရမှာ သီတင်းသုံးနေစဉ်ကဖြစ်သည်။ သတင်းစာ ဂျာနယ် မဂ္ဂဇင်းများ၌ ရွှေဆံနွယ်ဆရာတော်အကြောင်း ဖတ်ရလေ့ရှိ၏။ ထိုအခါ စာရေးသူနှင့်အတူ စိန်ပန်းမဟာစည် ရိပ်သာမှာ တရားအားထုတ်ခဲ့ဖူးသော ဆရာတော်ဦးဝါယာမိန္ဒဖြစ်လိမ့်မည်ဟု မှတ်ယူထားမိ၏။

၂၀၁၂ ခုနှစ် မြစ်ဆုံတောရမှ ပြန်ကြွလာသည့်အခါ ရွှေဆံနွယ်ဆရာတော်၏ ရတနာဖြိုးဝေကျောင်းတိုက်၌ နိုင်ငံကျော်ဓမ္မကထိကများ အခမ်းအနားရှိသည် စာရေးသူကိုလည်း ပင့်ဖိတ်သည်ဟုဆိုသောကြောင့် ရွှေဆံနွယ်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပေသည်။ နိုင်ငံကျော်ဓမ္မကထိကများ စုံလင်ပါသည်။ အထူးသဖြင့် ပရိယတ္တိသာသနာ့တက္ကသိုလ်ကျောင်းဆင်း ဓမ္မကထိကများ စုံလင်ပါသည်။ ထိုပွဲရောက်မှ ရွှေဆံနွယ် ဆရာတော်ကို မြင်ဖူးခြင်းဖြစ်ပါသည်။ စာရေးသူထံ စာဝါလိုက်ဖူးသည်ဟု ဆိုလာမှ စာရေးသူ၏ ဓမ္မမိတ်ဆွေ ဦးဝါယာမိန္ဒမဟုတ်ဘဲ စာရေးသူ၏ တပည့်တစ်ပါးဖြစ်နေလေတော့၏။

ယ္ခုအခါ သက်တော် ၄၄နှစ်ရှိပြီဖြစ်သော ၄င်းသည် စာရေးသူနှင့် ခြောက်နှစ်နီးပါးမျှသာ ကွာရကား စာရေးသူက ဓမ္မကထိက ညီနောင်၊ ပရဟိတညီနောင်၊ အမျိုးသားရေးညီနောင်အဖြစ် သဘောထားကာ ညီတော်မောင်ဟုပင် ခေါ်ဆိုပါသည်။

စာရေးသူတို့ ညီနောင်နှစ်ဦး ထိုသို့အားဖြင့် တူညီကြသော်လည်း ဘုန်းကံချင်းကား အလွန်တရာ ကွာခြားလှပေသည်။ စာရေးသူက အမုန်းခံသမားဖြစ်သောကြောင့် ဒါယကာ ဒါယိကာမ အသိုင်းအဝိုင်း အင်အားနည်းသလို လာဘ်လာဘအင်အားလည်း နည်းပါးလှပါသည်။ အွန်လိုင်းမှာ မည်သူက မည်သည့်ဘဏ်မှာ ဒေါ်လာသန်းပေါင်းမည်မျှ အပ်ထားပေးသည်ဟူ၍လည်းကောင်း၊ ငွေကျပ်ဘီလီယံမည်မျှ လှူဒါန်းသွားသည်ဟူ၍လည်းကောင်း သတင်းကြီးနေတတ်သော်လည်း တကယ့်ဘဝမှာမူ လစဉ်ပုံမှန် သုံးသိန်းကျပ်လှူသူ နှစ်ဦးမှလွဲ၍ သိန်းပေါင်း သန်းပေါင်းများစွာ မည်သူတစ်ဦးတစ်ယောက်မျှ လှူဖူးသူမရှိပါ။ ထို့ကြောင့် နာမည်ကြီး ထမင်းငတ်ဘဝမျိုးဟုသာ တင်စားလိုက်ချင်ပေသည်။

စာရေးသူ၏ အခြေအနေမှန်ကို သိသူများတွင် သံဃာတော်များက ထိပ်ဆုံးမှာ ရှိပါသည်။ ထိုတွင် ရဟန်းပျိုများက ပို၍ သိကြပါသည်။ ထိုအထဲတွင် ရွှေဆံနွယ်ဆရာတော်လည်း တစ်ပါးအပါအဝင်ဖြစ်ပေသည်။
ဤသို့ဖြင့် မဘသအဖွဲ့ကြီး၏ ပထမဦးဆုံး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တော်ကြီး ပေါ်ပေါက်လာခဲ့ပေသည်။ ပညာဝေဖြာ မဟော်သဓာဟူသော ဆောင်ပုဒ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်မဟော်သဓာသည် မဘသအဖွဲ့ကြီး၏ ပွဲဦးထွက်အောင်ပွဲပင် ဖြစ်ပါသည်။ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးသည် ပြင်ဦးလွင် DSA ဗိုလ်လောင်သင်တန်းကျောင်းတော်ကြီးလို မျိုးချစ်စိတ်ဓာတ်အရင်းခံသည့် ထူးချွန်ထက်မြက် ယဉ်ကျေးလိမ္မာသော လူသူတော်ကောင်းလေးများကို မွေးထုတ်ပေးနိုင်ရေးအလေးထားသော ကျောင်းတော်ကြီးဖြစ်ပါသည်။
ရန်ကုန်မဟော်သဓာ အောင်မြင်သွားသောအခါ အခြားတိုင်းနှင့်ပြည်နယ်များကလည်း မဟော်သဓာကျောင်းတော်ကြီးကို စိတ်ဝင်စားလာကြပါသည်။ အချို့ကား စိတ်ဝင်စားရုံသာမဟုတ်ဘဲ စိတ်အားထက်သန်သည့်အဆင့်သို့ပင် ရောက်ရှိလာခဲ့ပေသည်။ စာရေးသူနှင့် တွေ့သည့်အခါတိုင်း မန္တလေးမဟော်သဓာ ဘယ်တော့စမလဲဟု မေးတတ်သည်က များပါသည်။ မန်း မဘသအဖွဲ့ကို အထင်ကြီး၍လော စာရေးသူကို အထင်ကြီး၍လော မပြောတတ်ပေ။ ထိုသို့ အမေးခံရသည်ကား အမှန်ပင်။ စာရေးသူ ပြန်ဖြေလေ့ရှိသည်ကား မြေလည်းမရှိ၊ ငွေလည်းမရှိဟူ၍ ဖြစ်သတည်း။ မှန်ပါသည်။ ရန်ကုန်မဟော်သဓာ၌ မြေအလှူရှင်ရှိသည်။ ကျောင်းဒါယကာရှိသည်။ ရံပုံငွေအဖြစ် ဘဏ်မှာ အပ်ပေးထားသည့် ငွေပဒေသာပင် အလှူရှင်များ ရှိသည်။ စာရေးသူတို့မှာကား ဘာဆိုဘာမျှ မရှိ။

စာရေးသူတို့ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မန်းမဘသ)အဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)ကလည်း မဟော်သဓာကို အတော်စိတ်ဝင်စား၏။ ဆရာတော်ကြီးက စာရေးသူကို တိုက်တွန်းလျှင်လည်း ထိုသို့ပင် ဖြေတတ်ပါသည်။ မြေရှိ၊ ငွေမရှိဟူ၍ပင်။
တစ်နေ့ ညီတော်မောင် ရွှေဆံနွယ်ရောက်လာ၏။ သူက စာရေးသူထက်ပင် မဟော်သဓာကို စိတ်ဝင်စားနေ၏။ မဘသရှိလျှင် မဟော်သဓာရှိရမည်ဟု လျှောက်ထားလာ၏။ မဘသအဖွဲ့ရှိသည့်မြို့နယ် တိုင်း၌ မဟော်သဓာကျောင်းများ ရှိရမည်ဟု ဆိုလိုပေသည်။ အနိမ့်ဆုံးအားဖြင့် မဟော်သဓာကိုယ်ပိုင်မူလတန်းကျောင်းလောက်တော့ ရှိသင့်သည်ဟု လျှောက်ထားခြင်းဖြစ်၏။ ထုံးစံအတိုင်းပင် စာရေးသူ၏ အဖြေက မြေမရှိ၊ ငွေမရှိ၊ ကျောင်းဒကာမရှိဟူ၍ပင်။ အခြားသူများကား ထိုအဖြေဖြင့်ပင် စကားပြတ်သွားတတ်သော်လည်း ရွှေဆံနွယ်ကား မရပ်သေးပေ။ ပြင်ဦးလွင်မှာ ၁၅ဧကရှိသည်ဟု ဆိုလာ၏။ ဝေးလွန်းသည်ဟု ငြင်းလိုက်၏။ ရွှေဆံနွယ်ကား ဇွဲမလျှော့ ပုသိမ်ကြီး ကျောက်ချောမှာရှိသည်။ နေရာကောင်းသည်။ ရဲရွာလမ်းကြီးဘေးတွင်ရှိသည်ဆို၍ လိုက်ကြည့်မိ၏။ ကားပေါ်မှဆင်းမိသည်နှင့်ပင် ကြိုက်သွားခဲ့ပေသည်။ မြို့နှင့်လည်း မဝေး၊ တောင်တန်းကြီးကလည်း နောက်ခံနေ။ ခုနစ်မိုင် အပန်းဖြေစခန်းနှင့်လည်းနီး၊ ကားလမ်းဘေးလည်းကျ။ ဆိတ်ငြိမ်မှုလည်းရှိ။ လေပြေလေညှင်းလေးများကလည်းပေါ၊ စမ်းချောင်းလေးကလည်း စီးဆင်းနေသောကြောင့် မစဉ်းစားဘဲ ဆုံးဖြတ်လိုက်တော့၏။

ရွှေဆံနွယ်ဆရာတော်ကလည်း ယတိပြတ်ဖြင့် မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ဆုံးဖြတ်ထားသည့်အတိုင်း ထိုနေရာမှာပင် လှူဒါန်းလိုက်ပေသည်။
မြေမရှိ ငွေမရှိဘဝမှ မြေရှိ ငွေမရှိဘဝသို့ တိုးတက်လာပြီဖြစ်သောကြောင့် မဟော်သဓာကျောင်းတော်ကြီး တည်ဆောက်နိုင်ရေးအတွက် မြေခိုင်မာအောင် ကြိုးစားကြရာ လာမည့် ၂၀၁၈ နှစ်ဆန်းအခါ၌ ပန္နက်ချပွဲကျင်းပတော့မည်ဖြစ်ပါသည်။

လေးထပ်ဆောင်တစ်ဆောင်လျှင် သိန်းပေါင်းရှစ်ထောင်ကုန်ကျမည်ဖြစ်သော်လည်း လက်ထဲတွင် တစ်ထောင်စွန်းစွန်းသာ ရှိပေသည်။ ထိုတစ်ထောင်စွန်းစွန်းတွင်လည်း ဆရာတော်သံဃာတော်များ လှူဒါန်းသည်က များပါသည်။

မန်းမဟော်သဓာကျောင်းတော်ကြီး တည်ဆောက်ပါတော့မည်။
မန်းမဟော်သဓာကျောင်းတော်ကြီး၏ မြေကွက်အလှူရှင်သည် ရွှေဆံနွယ်ဆရာတော်လေး ဓမ္မဓရဒေါက်တာအရှင်ဝါယာမာနန္ဒပင်ဖြစ်ပါသည်။
ရွှေဆံနွယ်ဆရာတော်သည် မန်းမဟော်သဓာအတွက် ပထမဦးဆုံးအလှူရှင် ဖြစ်သလို မန်းမဟော်သဓာဖြစ်မြောက်ရေးအတွက် ပထမဦးဆုံး တွန်းအားရှင်လည်းဖြစ်ပါသည်။

ရွှေဆံနွယ်ဆရာတော်သည် မဘသအဖွဲ့ဝင်မဟုတ်ပါ။ သို့သော် မဘသသွေး အပြည့်ရှိပါသည်။ ထို့ကြောင့် မဘသမဟုတ်သော မဘသဟု ဆိုလိုက်ရခြင်း ဖြစ်ပါ၏။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။