သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၃)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။ စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

“ခေတ်မီသာသနာပြု”
“အနေရိုးသလောက် ခေတ်မီသောဆရာတော်ကြီး”
ဆဋ္ဌသင်္ဂါယနာခေါင်းဆောင် မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသမထေရ်မြတ်ကြီးသည် အနေအထိုင်ရိုးသားသော်လည်း ခေတ်ကို ကြိုတင်မြော်မြင်နိုင်သည့် ဒီဃဒဿီ ခေတ်မီဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီးသည် သူနှင့်လက်တွဲဖော် မူရင်းမစိုးရိမ်တိုက်ကြီးရှိ နာယကဆရာတော်များအပေါ် အားမရတော်မူဟန်ရှိသည်။ လက်ရှိအတိုင်း ဆက်သွားလျှင် တိုးတက်သင့်သလောက် မတိုးတက်ဘဲ လက်ရှိအနေအထားအောက် ယုတ်လျော့ဖို့သာရှိသည်ဟု စဉ်းစားမိဟန်ရှိသည်၊ ထို့ကြောင့် ဆရာတော်ကြီးသည် ခေတ်မီပရိယတ္တိသာသနာပြုလုပ်ငန်း မလွဲမသွေ လုပ်ဖို့လိုသည်ဟု တွေးတော ဆင်ခြင်နေစဉ် ယခုမစိုးရိမ်တိုက်သစ် တည်ထောင်ဖို့ မြေနေရာရရှိသောအခါ မိမိ၏ အိမ်မက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လိုက်သည်။
ဆရာတော်ကြီးသည် ရရှိသည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံဘဲ လက်တွေ့ အကောင်အထည်ဖော်သောအခါ ခေတ်မီသာသနာပြုနိုင်မည့် လက်တွဲဖော် နာယကများကို ရွေးထုတ်လိုက်သည်။ ထိုရွေးထုတ်ရမည့် နာယကမှာလည်း-
၁။ ဗျတ္တ-ခေါ် လိုအပ်သည့်ပညာအရည်အချင်း ပြည့်စုံဖို့လည်း လိုသည်၊
၂။ ပဋိဗလ-ခေါ် ပင်ကိုယ်အရည်အချင်း ပြည့်စုံရုံမျှမက လက်တွေ့အကောင်အထည်ပေါ်အောင် စွမ်းဆောင်နိုင်သူဖြစ်ဖို့လည်း လိုသည်။
အဆိုပါ အင်္ဂါရပ် ၂-မျိုးသည် မရှိမဖြစ်သော အချက်များဖြစ်သည်၊ သတ္တိ၊ ဗျတ္တဟုလည်းခေါ်သည်။ သတ္တိနှင့် ပဋိဗလတူသည်၊ ဗျတ္တိနှင့် ဗျတ္တတူသည်၊ အချို့ပုဂ္ဂိုလ်များသည် ပင်ကိုယ်အရည်အချင်းရှိသော်လည်း အသက်အရွယ်ရသော်လည်းကောင်း၊ ကျန်းမာရေးအရသော်လည်းကောင်း စွမ်းဆောင်နိုင်မှု အရည်အချင်း မရှိကြတော့၊ ဆရာတော်ကြီးသည် ခေတ်မီပရိယတ္တိသာသနာပြု လက်တွဲဖော် နာယကများကို ရွေးထုတ်သောအခါ အဆိုပါ ဗျတ္တ၊ ပဋိဗလ အင်္ဂါရပ်နှင့် ပြည့်စုံသည့်-
၁။ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊
၂။ ဘဒ္ဒန္တရာဇာဓမ္မာဘိဝံသ
၃။ ဘဒ္ဒန္တနာယကာဘိဝံသ
ဟူသော နာယကငယ် ၃-ပါးကို လက်ရွေးစင်ရွေးချယ်လိုက်သည်၊ ဆရာတော်ကြီး၏ ရွေးချယ်မှု မှန်ကန်သည်ဟု ဆိုရပေမည်၊ ယင်းသို့ လူမှန် နေရာမှန် စနစ်တကျ စီမံလိုက်ခြင်းကြောင့် မစိုးရိမ်တိုက်သစ် ကြီးသည် ယနေ့တိုင်အောင် ခေတ်မီနေသည်၊ တိုးတက်ရှင်သန်နေသည်၊ မြန်မာတစ်ပြည်လုံး သံဃာ အများဆုံးစာသင်တိုက်ကြီးဖြစ်နေသည်။ နေစရာပင်မရှိလောက်အောင် ပြည့်ကြပ်နေသည်၊ ဤသို့ အောင်မြင်တိုးတက်နေသည်မှာ ခေတ်မီသာသနာပြုခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်၊ သက်သေလည်း ဖြစ်သည်၊ ခေတ်မီစရာမလိုဟု ဆိုကြသူများ သူတို့ကိုယ်တိုင် ခေတ်နောက်ကျန်နေသည်ကို သတိမူနိုင်ကြ ပါစေ။
စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး စသည် မည်သည့် အရေးအရာမဆို ခေတ်မီဖို့လိုသည်၊ ခေတ်ကိုမီအောင်မလိုက်နိုင်လျှင် ခေတ်က သူ့ကို ချန်ထားခဲ့မည်သာ ဖြစ်သည်။ မူရင်းယဉ်ကျေးမှုကို ပျက်စီးစေသည့် ဖျက်ဆီးသည့် ခေတ်ဆန်မှုကား မလိုအပ်ပါ။ ကာလ ဒေသ ပုဂ္ဂလ စသည်တို့နှင့် လျော်ညီသည့် ခေတ်မီမှုကား မလွဲမသွေ လိုအပ်သည်။ သပ္ပုရိသဒါန၅-မျိုးတွင် ကာလဒါနဆိုသည်မှာ မှတ်လွယ်ရုံ ဥပလက္ခဏနည်းသာဖြစ်သည်။ ကာလသီလ၊ ကာလဘာဝနာ၊ ကာလပရိယတ္တိစသည် အားလုံးဆိုင်သည်၊ ဒါကိုပင် ခေတ်မီဖို့ လိုအပ်ပုံကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် မူချခဲ့ကြောင်း တင်ပြရင်း ခေတ်မီသာသနာပြုဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
အရှင်တိလောကာဘိဝံသ(အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်