သတင်း

ဒီမိုကရေစီခေတ်ကျမှ ဆွမ်းစားပင့်တဲ့သူ အစစ်ဆေးခံနေရပါပကော

ဝါဆိုလဆန်း ၉ ရက် 2.7.2017 ရက်နေ့ မနက် ၁၀း၀၀ နာရီ မန္တလေး အမရပူရမြို့နယ် အမှတ် ၅ ရပ်ကွက် ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း(MK ကျောက်မျက်ရတနာ)မိသားစုနေအိမ်မှာ ကျင်းပတဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲလေးပါ။
မင်္ဂလာရိပ်သာမှ မိုးကုတ်ဝိပဿနာဆရာတော်လေးတစ်ပါးလည်း ကြွရောက်ချီးမြှောက်ပါတယ်။

ပထမဦးဆုံး ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်အပြီးမှာ ဝါဆိုသင်္ကန်းကပ်လှူပါတယ်။ ဝါဆိုသင်္ကန်းနှင့်အတူ မန်း မဟော်သဓာအလှူငွေ သိန်း၅၀ကျပ်လည်း ကပ်လှူပါတယ်။ အနုမောဒနာတရားအဖြစ် ပါရမီနဲ့ပတ်သက်တဲ့တရားလေးတွေဟောပါတယ်။
ဒကာမိုးကိုက မိုးကုတ်ဝိပဿနာယောဂီတစ်ဦးပါ။

အမျိုးသားရေးလည်း အားပေးသူပါ။ သူ၏ ကျောကုန်းမှာ မိုးကုတ်ဆရာတော်ကြီးနှင့် စာရေးသူပုံကို တက်တူးထိုးပြီး ပူဇော်ထားပါတယ်။ အသောကကျောက်တိုင်ကြီးလည်း ပါပါတယ်။ ဒကာမိုးကိုဦးဆောင်ပြီး မန္တလေးမြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းတိုက်များသို့ ကုဋီသန့်ရှင်းရေး သံဃာ့ဝေယျာဝစ္စ ကုသိုလ်ယူနေတာကြောင့် ပါရမီနဲ့ပတ်သက်တဲ့တရားဟောကြားခြင်းပဲဖြစ်ပါတယ်။

ဝမ်းမြောက်ဝမ်းသာနဲ့ ရေစက်ချအမျှဝေအပြီး အပရစေတနာများ ပွားများနေလို့မှမဆုံးသေးပါဘူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာပြီး စစ်လားဆေးလား မေးလားမြန်းလား လုပ်ကြပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက ဒီဘုန်းကြီးကိုဘာလို့ပင့်တာလဲ မဟနက ဖမ်းဖို့စီစဉ်နေတာမသိဘူးလား စသည်ဖြင့် ခြောက်သလိုဟောက်သလိုတွေလည်း လုပ်လာပါတယ်။
အလှူရှင်များက ဘုန်းကြီးက အခုမှကြည်ညိုတာမဟုတ်ဘူး၊ ဟိုအရင်ကတည်းက ကိုးကွယ်ခဲ့တာ၊ ဖမ်းလည်း ထောင်ထဲထိလိုက်ကိုးကွယ်မယ်၊ ကိုယ်ကြည်ညိုလို့ ဆွမ်းပင့်ကပ်တာ စသည်ဖြင့် ပြန်လည်ချေပလိုက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူ စိတ်တိုင်းကျ ခြိမ်းခြောက်ခွင့်မရဘဲ ငြိမ်ကျသွားတာပါ။ ဒီလိုသာ လိုက်အနှောက်အယှက်ပေးနေမယ်ဆိုရင် စစ်အစိုးရထက်တောင် လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်ကုန်ပါလိမ့်မယ်။

အရက်သောက်တဲ့ဘုန်းကြီးပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တဲ့ဘုန်းကြီးပဲဖြစ်ဖြစ် ချဲထိုးတဲ့ဘုန်းကြီးပဲဖြစ်ဖြစ် ဘောလုံးလောင်းတဲ့ဘုန်းကြီးပဲဖြစ်ဖြစ် ဝိပဿနာဘုန်းကြီးပဲဖြစ်ဖြစ် စီးပွားရေးလုပ်တဲ့ဘုန်းကြီးပဲဖြစ်ဖြစ် အမျိုးသားရေးဘုန်းကြီးပဲဖြစ်ဖြစ် ဘယ်ဘုန်းကြီးကိုဖြစ်စေ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါတယ်။

ဒါဟာ သူ့ရဲ့ရွေးချယ်ခွင့်ပါ။ ဘယ်ဘုန်းကြီးမို့ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး လိုက်တားမြစ်နေရင် သူတစ်ပါးကုသိုလ်ကို တားဆီးရာရောက် ပါတယ်။ အင်မတန်အပြစ်ကြီးပါတယ်။ ပြိတ္တာဘဝရောက်ပြီး စားရာမဲ့ သောက်ရာမဲ့ ခိုကိုးရာမဲ့ ဒုက္ခရောက်တတ်ပါတယ်။

ဆင်ခြင်ကြဖို့ပါ။ ဒီဘုန်းကြီးကို ဘယ်သူမှ မလှူစေချင် မကြည်ညိုစေချင်လို့ ပိတ်ပင်တားဆီးတယ်ဆိုရင် ပိုတောင် အပြစ်ကြီးသွားပါပြီ။ ဘာကြောင့်လဲဆိုရင် ဒီဘုန်းကြီးရတဲ့ငွေတွေဟာ ဒီဘုန်းကြီးအတွက်သုံးတာမဟုတ်ဘဲ ဆင်းရဲသားပြည်သူတွေ အတွက်သုံးတာဖြစ်လို့ပါပဲ။

ဆင်းရဲသားပြည်သူတွေ စားမည့် ထမင်းလုပ်ကို ပုတ်မချမိစေဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီခေတ်ကြီးမှာ လွတ်လပ်စွာ ဆွမ်းကပ်ခွင့်ပေးပါ။ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးပါ။ လွတ်လပ်စွာ ဆွမ်းစားကြွခွင့်ပေးပါ။ လွတ်လပ်စွာတရားဟောခွင့်ပေးပါ။ လူ့အခွင့်အရေးကို မချိုးဖောက်ပါနဲ့ လူ့အခွင့်အရေးအစိုးရကြီးရယ်။ ဒီမိုကရေစီကို မကန့်သတ်ပါနဲ့ ဒီမိုကရေစီအစိုးရကြီးရယ်။
ခွဲခြားမဆက်ဆံလိုက်ပါနဲ့ မခွဲခြားအစိုးရကြီးရယ်။


ဝီရသူ(မစိုးရိမ်)
6.7.2017
PM 9:14