ထုတ်ပြန်ကြေညာချက်သတင်း

ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့်ပတ်သက်သော သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကြီးမှူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပမည့်သတင်းများ ကြားသိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဖိတ်စာများမှာ တွေ့ရပါသည်။

ရည်ရွယ်ချက်လည်း ကောင်းပါသည်။
စိတ်ကူးလည်း ကောင်းပါသည်။
အစီအစဉ်များကိုလည်း သဘောကျပါသည်။

နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ ငြိမ်းချမ်းသာယာဝပြောရေးထက် အခြားနိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်မှာ ငြင်းဆန်၍ မရပါ။

နိုင်ငံတော်အစိုးရ အသက်ရှူချောင်စေဖို့ နိုင်ငံရေးဆေးမီးတိုကုထုံးတစ်ခု ဟုလည်း ရှုမြင်နိုင်ပါသည်။

နိုင်ငံရေးရည်ရွယ်ချက်များ ထမြောက်အောင်မြင်ပါစေဟုလည်း ဆန္ဒပြုမိပါသည်။

သို့သော်ငြားလည်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် ဆုတောင်းပေးရုံဖြင့် မရရှိနိုင်သည်ကိုလည်း သတိပြုဖို့ လိုပါသည်။

အမှန်တကယ် ငြိမ်းချမ်းစေလိုလျှင် နှစ်ဖက်ခေါင်းဆောင်များ အဓိကအခန်းကဏ္ဍမှ ပါဝင်သူများ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းအဖြေရှာရေးကို ပင်မလုပ်ငန်းအဖြစ် အစဉ်တစိုက် လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။

ထို့ကြောင့် ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူများနှင့် အရေးပါအရာရောက်သည့် အဓိကအခန်းကဏ္ဍမှ ပါဝင်သူများကို ပင့်ဖိတ်၍ စေ့စပ်ညှိနှိုင်းပေးပါရန် NLD ပါတီနှင့် နိုင်ငံတော်အစိုးရကို တောင်းဆိုလိုက်ပါသည်။

ဒိုင်းမွန်းရွှေကြည်
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက်
09 73238176