သတင်း

ဉေယျဓမ်တောရသို့ … (၁၉-က)

ဉေယျဓမ်တောရသို့ … (၁၉-က)
===============

စာရေးသူနှင့် ဆရာတော်ကြီး တွေ့ဆုံပုံတွေလည်း ပျံ့နှံ့သွားပါပြီ။ ဗီဒီယိုဖိုင်လည်း အတော်များများ ကြည့်ပြီးကုန်ကြပါပြီ။ စာရေးသူမှာတော့ ဉေယျဓမ်အတွေးက မပြီးပြတ်သေးပါ။ ဆရာတော်ကြီးထံမှ ပြန်လာကတည်းက ပဟေဠိကို အဖြေရှာနေမိပါတော့တယ်။

စာရေးသူတို့ရောက်တာက ည ၇း၀၀နာရီကျော်၊ မော်တော်ကားထအော်တာက ည ၈း၀၀နာရီ၊ တစ်တောင်လုံး ဆူညံသွားလို့ အားလုံးကို အားနာမိ။ အထူးသဖြင့် တောထဲတောင်ထဲမှာ တစ်ပါးတည်း တရားကျင့်နေတဲ့ ဧကစာရီဆရာတော်ကြီးကို ပိုပြီး အားနာမိသွားတာပါ။

ဒါပေမဲ့ ဆရာတော်ကြီးက စာရေးသူတို့ ညကတည်းကရောက်တာ မသိပါဘူးတဲ့။
ည ၉း၀၀နာရီကျော်လောက်မှာ ပဉှာဝါရပါဠိတော် ရွတ်ဆိုတာလည်း မကြားပါဘူးတဲ့။ အတော့်ကို ဆန်းနေပါတော့တယ်။ ပရိတ်ရွတ်တာက ကျိန်းစက်ချိန်ဖြစ်လို့ မကြားမိဘူးပဲထား။ ကားအော်တာက အစောကြီး၊ အော်သံကလည်း အကျယ်ကြီး။ ဘာကြောင့်များ ကြားတော်မမူတာပါလိမ့် … ။

ညီတော်မောင် နတ်တလူဆရာတော်လေးကို ပြောကြည့်တော့ ညီတော်မောင်က “ကျိန်းတာတော့ မဟုတ်လောက်သေးဘူး။ အခြားတစ်နေရာ ကြွသွားလို့နေမှာ”လို့ ပြောမှ အင်း … ဖြစ်နိုင်တာပဲလေလို့ မှတ်ချက်ပြုလိုက်ရပါတော့တယ်။

ကန့်သတ်နယ်မြေအတွင်းထဲ သံဃာတွေလည်း မဝင်ကြ၊ လူတွေလည်း မဝင်ကြ၊ ဆရာတော်ကြီးတစ်ပါးတည်းမို့ ညအခါ ကြွလိုရာ ကြွတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား … ။

နောက်တစ်ခုကတော့ စာရေးသူရောက်ကာစ ညက မနက် ၃း၀၀နာရီလောက်မှာ လန့်နိုးတဲ့ကိစ္စပါ။ တံခါးလော့ချ ပိတ်ထားပါလျက် ပွင့်လာတဲ့ကိစ္စပါ။ ဂလောက်ဆိုတဲ့ အသံကြီးကြားလို့ လန့်နိုးသွားတာပါ။ နာရီကြည့်လိုက်တော့ ၃း၀၀နာရီ ထိုးကာစပဲ ရှိပါသေးတယ်။ ဆရာတော်ကြီးများ ကြွလာသလားထင်ပြီး ခန်းဆီးဖွင့်ကြည့်လိုက်တော့ တစ်တောင်လုံး လင်းထိန်နေတာပဲ တွေ့ပါတယ်။ လရောင်နှင့်မတူတဲ့ အလင်းဓာတ်ပါ။

ဒီပဟေဠိလည်း ဆရာတော်ကြီးဆီးရောက်မှ အဖြေရတာပါ။ “၂း၀၀နာရီကတည်းက နိုးနေတာဗျာ။ ၂း၃၀နာရီကတည်းက မျှော်နေတာဗျာ”လို့ မိန့်တော်မူမှ ဆရာတော်ကြီးလည်း ဆန္ဒစောနေပုံရပါတယ်။ သမာဓိအားကောင်းတဲ့သူဖြစ်လေတော့ ဆရာတော်ကြီးရဲ့ ဆန္ဒတော်ကြောင့် တံခါးတော်က ဂလောက်ဆိုပြီး ပွင့်သွားရတာ ဖြစ်နိုင်ပါတယ်။ အလင်းတန်းတွေကတော့ ဆရာတော်ကြီးရဲ့ ကရုဏာအလင်းဓာတ်တွေ ဖြစ်မှာပါ။ စာရေးသူအပေါ် ရင်ဝယ်သားလို ကြင်နာတော်မူတဲ့ ကရုဏာဓာတ်တွေက အလင်းတန်းတွေအဖြစ် စာရေးသူအပေါ် ဖြန့်ကျက်ပေးထားတာ ဖြစ်နိုင်ပါတယ်။

ဆရာတော်ကြီးက အရှိန်အဝါကြီးမားပါတယ်။ အနေရိုးပြီး ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ပေမယ့် သီလ၊ သမာဓိ၊ ပညာတွေကြောင့် အရှိန်အဝါ ကြီးမားတာပါ။

ဆရာတော်ကြီးရှေ့မှောက်မှာ စာရေးသူ နှစ်ကြိမ်နှစ်ခါ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ပါတယ်။ တစ်ခါက ရေနွေးဓာတ်ဘူးငှဲ့ရာမှာ ထိပ်ကဘုသီးကိုမနှိပ်ဘဲ ရေနွေးငှဲ့မိတာပါ။ ဆရာတော်ကြီး သတိပေးမှ သတိပြန်ရတာပါ။ ဆရာတော်ကြီးကို ဖူးမြော်ရလို့ ဝမ်းသာစိတ်ကြောင့် သမာဓိတွေ ပျက်ပြယ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ပိုဆိုးပါတယ်။ သြကာသကန်တော့ချိုးတောင် တန်းအောင်မဆိုနိုင်လိုက်တာပါ။ “ဂုဏဝိသိဋ္ဌဖြစ်သော ဆရာသမားတို့အား”နောက်ပိုင်း မဆက်နိုင်ဘဲ ရပ်နေလို့ ဆရာတော်ကြီးက ထောက်ပေးမှ သတိရလိုက်တာပါ။
ကမ္ဘာကျော်ကြီးလည်း သြကာသကန်တော့ချိုးတောင် မရရှာပါဘူးလို့ အပြောခံရတော့မှာပါပဲနော်။

ဆရာတော်ကြီးက ဝိပဿနာသမားအစစ်ကြီးပါ။ ဝိပဿနာတည်းဟူသော ဓမ္မောသဓ(တရားဆေး) မှီဝဲနေရင် အရာရာပြည့်စုံပြီလို့လည်း ယုံကြည်ထားပုံ ရပါတယ်။ သမားဆေးဆိုလို့ တိုင်းရင်းဆေး တိုင်းခြားဆေး ဘယ်ဆေးကိုမှ မမှီဝဲလို့ပါပဲ။ ရေတောင် တစ်နေ့လေးခါပဲ သောက်တော်မူပါတယ်။ ဘုရားကပ်လှူထားတဲ့ သောက်တော်ရေကို (စွန့်တဲ့အခါမှ) သောက်တော်မူတာပါ။ ဘုရားသောက်တော်ရေကျမဟုတ်ဘဲ သောက်ရေသက်သက်ကို သောက်တော်မမူပါဘူး။ တစ်ခါသောက်ရင်တော့ အဝသောက်တယ်လို့ မိန့်ပါတယ်။

ရေဓာတ်လိုအပ်သေးကြောင်း၊ ရေများများဘုဉ်းပေးသင့်ကြောင်း လျှောက်တော့ “အရှင်ဘုရားက လူကို ရေဖောဖောတာ မြင်ချင်လို့လား၊ ရေသောက်များရင် ရေဖောဖောတတ်တယ်ဗျ၊ ရေသောက်ရမှာလည်း ပျင်းတယ်ဗျ”လို့ မိန့်တော်မူပါတယ်။

ကပ္ပိယကိုခင်မောင်ဝင်းထံမှ ကြားရသည်မှာ ဆရာတော်ကြီး ဝမ်းသွားတဲ့အခါ စမြင်းပါကြောင်းပါပဲ။ ဒါဟာ ရေသောက်နည်းတဲ့ လက္ခဏာပါ။ အထိုင်များတယ်၊ ရာသီဥတုပူပြင်းတယ်၊ ရေသောက်နည်းတယ်၊ အစာမကြဘူး၊ ဝမ်းချုပ်တယ်၊ စမြင်းပါတယ်၊ ဒါတွေဟာ အကြောင်းနှင့်အကျိုး ဆက်စပ်နေပုံတွေပါပဲ။

ဆရာတော်ကြီးက မနက်စာ အရုဏ်ဆွမ်းလည်း မဘုဉ်းပါ။ နေ့ဆွမ်းတစ်ထပ်သာ ဘုဉ်းပေးတော်မူပါတယ်။
ဆွမ်းဘုဉ်းပေးတော့လည်း များများစားစား မဟုတ်ပါဘူး။ ဆယ်လုတ်ခန့်ပဲ ဘုဉ်းပေးတော်မူတာပါ။
ဒီလို အစားနည်းပါးလျက် စမြင်းပါတာဟာ ရေဓာတ်နည်းခြင်း အထိုင်များခြင်းကြောင့်ဆိုတာ သိသာပါတယ်။

ဆရာတော်ကြီးရဲ့ ညာဘက်မျက်စိမှာလည်း မျက်ရည်လေးတွေ အုနေတာ တွေ့ရပါတယ်။ မျက်ရည်ယိုတဲ့ ရောဂါပါ။ မျက်စဉ်းလှူတာလည်း မရောက်၊ ရောက်လည်း ခတ်မှာမဟုတ်၊ အခုလည်း မျက်စဉ်းပါမလာသဖြင့် မျက်စဉ်းခတ်ဖို့ မလျှောက်ဖြစ်တော့ပါ။

တပေါင်းလဆန်း ၁၂ရက်နေ့က ဉေယျဓမ်ပရိသတ်ကို မျက်စဉ်းဘူးတစ်ထောင် လှူလိုက်တာ ကုန်သွားလို့ တစ်ဘူးမှ မကျန်တော့တာပါ။ တစ်ဘူးစ နှစ်ဘူးစတော့ ပိုလိမ့်မယ်ထင်လို့ မန္တလေမှ ယူမလာခဲ့ပါ။ အခုတော့ ဆရာတော်ကြီးကို သေချာလျှောက်ထားပြီး ကပ်လှူဖို့တောင် မျက်စဉ်းမကျန်တော့ပါ။
(ဆက်လက်ဖော်ပြပါမည်။)