သတင်း

ဘ.က ပညာရေး ဖျက်ဆီးချင်နေသော ဒေါက်တာဦးကြွယ်ကြွယ်နှင့် အနီကိုယ်စားလှယ်များသို့

အမျိုးသားပညာရေးအစ ဘုန်းတော်ကြီးကျောင်းတိုက်များက ဆိုတာသိပါရဲ့လား။ မင်းတုန်းမင်းဘုန်းကြီးကျောင်းထွက်၊ သီပေါမင်းဘုန်းကြီးကျောင်းထွက်ဆိုတာရော သိပါရဲ့လား။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဆရာက ဘုန်းတော်ကြီးဦးသောဘိတဆိုတာရော သိပါရဲ့လား။

အင်္ဂလိပ်ခေတ်မှာ တိုင်းပြည်ကျွန်ဖြစ်နေပေမယ့် ပညာရေးမနိမ့်ပါးတာဟာ ဘ.က ပညာရေး ဆရာတော်တွေကြောင့်ဆိုတာရော သိပါရဲ့လား။ အင်္ဂလိပ်ခေတ်မှာ ဘာသာခြားအစိုးရက ဗုဒ္ဓဘာသာကို ထင်သလောက် မထိုးဖောက်နိုင်တာ ဘ.က ပညာရေးဆရာတော်တွေကြောင့်ဆိုတာရော သိပါရဲ့လား။

ဒါတွေအားလုံးလေ့လာပြီးမှ ဒီအဆိုကိုတင်သွင်းတာရော ဟုတ်ရဲ့လား။ ဗုဒ္ဓဘာသာရဲ့ အမာခံ ခံတပ်တွေအကုန်လုံး တစ်စစီ ဖဲ့ခြွေနေပြီး နောက်ဆုံး အလယ်သားကျရင် အမျိုးတွေကို ထိုးကျွေးဖို့ ဆင်ကြံကြံနေတယ်ဆိုတာ သိပါတယ်ဗျာ။ ခင်ဗျားတို့ အနီကောင် အနီမတွေ ဘယ်နှစ်နှစ်သက်တမ်းခံမလဲ။

ခင်ဗျားတို့သက်တမ်းတစ်ခုလေးအတွင်းမှာပဲ သာသနာဟာ ရစရာမရှိတော့ပါဘူး။ ခင်ဗျားတို့အမျိုးတွေကိုပဲ ဦးစားပေး ခင်ဗျားတို့အမျိုးတွေအတွက်ပဲ အလုပ်လုပ် ဗုဒ္ဓဘာသာကိုကျ နည်းမျိုးစုံနှင့်ဖြိုခွင်း………… ဒါတွေလုပ်ရင် ဗုဒ္ဓဘာသာဝင် မဲဆန္ဒရှင်တွေကို စော်ကားရာရောက်တယ်ဆိုတာမျိုးရော တွေးမိဖူးရဲ့လား။

ဗုဒ္ဓဘာသာဝင် မဲဆန္ဒရှင်တွေက ခင်ဗျားတို့ကိုရွေးချယ်ထားတာ ဘ.ကကျောင်းတွေ ဖျက်ဆီးဖို့မဟုတ်ဘူး။ ဗုဒ္ဓသာသနာကို ဖျက်ဆီးဖို့မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်လိုက်ပါ။ ဆရာမှော်ဘီထန်းသီး၏ 5.12.2017 ရက်နေ့ထုတ် Democracy Today သတင်းစာဆောင်းပါးကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။

ဝီရသူ(မစိုးရိမ်)
17.12.2017
PM 4:55
========================================================
“ဘုန်းတော်ကြီးသင်ပညာရေးနှင့် အမျိုးသားပညာရေး”
မှော်ဘီ ထန်းသီး
မြန်မာနိုင်ငံဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဘုန်းတော်ကြီးသင် ပရိယတ္တိစာသင်တိုက်ကြီးများနှင့် ဘုန်းတော်ကြီးသင်ပညာရေး(ဘကဘုန်းတော်ကြီးကျောင်း)များဟူ၍ ဖြစ်သည်။ မြန်မာရှင်ဘုရင်များလက်ထက် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်မင်းလုပ်ခဲ့ကြသည့် အချိန်မှစတင်၍ အနော်ရထားမင်းလက်ထက်အထိ မြန်မာသက္ကရာဇ်၁၂၃၀ပြည့်နှစ် (ခရစ်နှစ် ၁၈၆၈ခုနှစ်)အထိ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသာရှိပြီး အစိုးရစာသင်ကျောင်းများ မရှိသေးကြောင်း သမိုင်းစာမျက်နှာတွင် ဖော်ပြခဲ့ကြပါ၏။
မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းကို အခြေခံကျကျလေ့လာသော် ဗုဒ္ဓဘာသာနှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတူပေါင်းဆုံရာ မြန်မာနိုင်ငံပညာရေးသမိုင်းဆိုသည်မှာ စတင်ဖြစ်ပေါ်လာခဲ့ပါ၏။ အင်္ဂလိပ်မင်းအုပ်ချုပ်သည့်ခေတ်၌ပင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး မဟာဝန်ရှင်တော်မင်းကြီးလက်ထက် ဆာအာသာဖယ်ယာဟာသည် ခရစ်နှစ် ၁၈၆၆ ခု မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးစနစ်တစ်ခုတီထွင်ရန် ကြိုးပမ်းခဲ့ပါ၏။ ထိုအချိန်က မြန်မာသက္ကရာဇ် ၁၂၉၄ခု၊ ခရစ်နှစ် ၁၉၃၈ထိ ဘ.ကကျောင်း ၉၂၈ကျောင်းထိ ဖွင့်လှစ်သင်ကြားခဲ့၏။
၁၉၉၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄၆၁၉ကျောင်းရှိလာခဲ့၏။ တဖြည်းဖြည်း ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် ၁၉၅၂ ခုနှစ်နိုင်ငံတော် ဘ.က ပညာရေးကျောင်းများကို ပညာရေးစီမံကိန်းတစ်ဖန် အကောင်အထည်ဖော်ခဲ့ပြန်ရာ ၁၉၅၂ခုမှ ၁၉၅၈ခုနှစ်အထိ မှတ်ပုံတင် ဘ.က ကျောင်းပေါင်း ၅၅၄၅ကျောင်းတိုးတက်ခဲ့ပါ၏။ ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၇၆ ကျောင်းသာ ကျန်ရှိနေပါ၏။ ထပ်ပြီးလျှော့ချပိတ်သိမ်းမည်ဆိုပါက မြန်မာ့ပညာရေးသမိုင်းအစကို ပယ်ဖျက်ရာရောက်မည်ထင်ပါ၏။
ရှေးခေတ်ဘုန်းတော်ကြီးများသည် (၁)သုတိ(သဒ္ဒါကျမ်းအတတ်)၊ (၂)သမ္မုတိ(ဓမ္မသတ်ကျမ်းအတတ်) (၃)သင်္ချာ(သင်္ချာအတတ်)(၄) နီတိ(နီတိကျမ်းအတတ်)၊ တိကိစ္ဆာ(ဆေးပညာအတတ်)၊ (၅)စတုဝေဒါ(ဗေဒင်လေးပုံအတတ်) ဆန္ဒိသာ(ဆန်းကျမ်းအတတ်)စသည်ဖြင့် သင်ကြားပို့ချခဲ့ပါ၏။ ထိုမှတစ်ဆင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးစနစ်သည် တစ်ချိန်က အရှေ့တောင်အာရှတွင် အဆင့်မြင့်ပညာရေးဖြစ်ခဲ့ကြောင်း ပညာရေးလောကသားများနှင့် သမိုင်းပညာရှင်များရေးသားခဲ့သော စာပေ စာစောင် စာအုပ်များဖတ်ဖူးခဲ့ပါ၏။
ထိုအချိန်က မြန်မာနိုင်ငံပညာရေးကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက အခြေခံယူ၍ အမျိုးသားပညာဖွံ့ဖြိုးတိုးတက်အောင် ဆောင်နှင်းပေးခဲ့ကြပါ၏။ ယနေ့အချိန်ထိလည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို နိုင်ငံတော်က အလေးထားအားကိုးလျက်ရှိနေစဉ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ လျှော့ချပိတ်သိမ်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးဟူသော သတင်းကိုဖတ်ရ၍ စိတ်မချမ်းမြေ့စွာ ခံစားလိုက်ရပါ၏။
အမျိုး၊ ဘာသာ၊ သာသနာဆိုတာ စကားလုံးတို့ယှဉ်တွဲနေထိုင်ပုံကို သတိမေ့နေသလားလို့ တွေးမြင်မိပါ၏။ အမျိုးသားပညာရေးဖွံ့ဖြိုးမှုကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဘုန်းတော်ကြီးများကို ဤသို့လျှောက်ထားခဲ့ပါ၏။
(၁) ကျွန်ုပ်တို့တိုင်းပြည်တွင် သံဃာတော်အရှင်သူမြတ် များသည် ရာဇဝင်တစ်လျှောက်လုံး ကျွန်ုပ်တို့ လူမျိုးရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သော အမှုများကိုသာ ပြုခဲ့ကြပေသည်။
(၂) ရှေးခေတ်များ၌ သံဃာတော်အရှင်သူမြတ်များသည် ကျွန်ုပ်တို့တစ်မျိုးသားလုံးကို ပညာသင်ကြားပေးရန် တာဝန်ကို ထမ်းဆောင်တော်မူခဲ့ကြလေသည်။ ယခုခေတ်၌လည်း တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ သင်ကြားပေးခဲ့သောကြောင့် မြောက်မြားစွာ အမျိုးသား အမျိုးသမီးတို့သည် စာပေတတ်မြောက်ကြပေ၏။
(၃)အချုပ်မှာ သံဃာတော်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မားရေး အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးတိုးတက်ခဲ့ရပေသည်ဟု ၁၉၄၆ ဇန်နဝါရီ ၁၇ ရက် ရွှေတိဂုံအလယ်ပစ္စယာ၌ ဗိုလ်ချုပ်က သံဃာတော်တို့အား လျှောက်ထားခဲ့ပါ၏။
၁၆-၁၁-၂၀၁၇ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတင်ပြဆွေးနွေးတာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ လျှော့ချပိတ်သိမ်းရန်ဆိုပြီး အဆိုတင်သွင်းသွားလေ၏။ ဆွေးနွေးတာကို လက်ခံပါ၏။ ဆုံးဖြတ်ခြင်းကို စဉ်းစားဆင်ခြင်သင့်သည်လို့ မြင်မိပါ၏။ ဗိုလ်ချုပ်ရုပ်တုတွေလည်း ထုလုပ်ကြပါ။ ဗိုလ်ချုပ်ပြောသော သမိုင်းစကားကိုလည်း လေးစားမြတ်နိုးတန်ဖိုးထား၍ ဆောင်ရွက်ကြစေချင်ပါ၏။
ကမ္ဘာ့ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးသန့်၊ နိုင်ငံခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးဘဆွေ၊ သခင်ကိုယ်တော်မှိုင်း၊ ဦးကျော်ငြိမ်း၊ သိပ္ပံမောင်ဝ စသဖြင့် ယခုလက်ရှိလွှတ်တော်ကြီးထဲတွင် တာဝန်ထမ်းဆောင်နေကြသော လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ အခြေခံသင်ယူတတ်မြောက်သူတချို့ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ဒီမိုကရေစီစနစ်အရ ပြောချင်တာတွေပြောခွင့်ရပြီ၊ လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရပြီဆိုပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်မိပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် မည်သို့နည်းဟု ပြည်သူတို့စဉ်းစားလာကြမည်ဖြစ်သည်။
စာရေးဆရာကြီး အမိတ်ဒိန်က ဤသို့ရေးသည်ကို တင်ပြပါရစေ၊ ဘုန်းကြီးသင်ပညာရေးကျောင်းများတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးသုံးသိန်းကျော်ကို စာသင်ယူနေကြကြောင်း၊ ထိုကလေးများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမရှိခဲ့လျှင် လမ်းပေါ်ရောက်သွားမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာလိုအပ်ချက်နှင့် စာရိတ္တခိုင်မာသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ဖြည့်ဆည်းပေးနေတာဖြစ်ကြောင်း ဒီကနေ့ ကျွန်တော်တို့သွားနေသည့် ဒီမိုကရေစီအဆောက်အအုံအတွက် လိုအပ်နေတာက အိုင်ဒီယော်လော်ဂျီ မဟုတ်ဘူး။ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေတာဖြစ်သည်။
ပြောရရင် ကျွန်တော်တို့ဒီကနေ့ဖြစ်နေတာက အိုင်ဒီယော်လော်ဂျီရှော့ခ်မဟုတ်ဘူး ပညာရှော့ခ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရှော့ခ်သုံးကြိမ်ဖြစ်ခဲ့ဖူးပါ၏။ ၁၈၂၄ ခုနှစ်အင်္ဂလိပ် မြန်မာပထမစစ်ပွဲမှာ အင်္ဂလိပ်တွေ၏ လက်နက်နည်းပညာအသီးသီးနှင့် အတိုက်ခံရပြီး စစ်ရှုံးခဲ့ပါ၏။ ထိုအချိန်က မြန်မာတွေ ပထမပညာရှော့ခ်ဖြစ်ခဲ့ပါ၏။
အဲဒီပညာရေးရှော့ခ်အကျိုးဆက်က တိုင်းပြည်ကျွန်ဖြစ်သည်အထိ ဆိုးဆိုးရွားရွားခံခဲ့ရ၏။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှာ ဝန်ကြီးချုပ်ဦးနုက လွတ်လပ်ရေးမိန့်ခွန်းပြော၏။ မြန်မာ့ပညာရေးကို အနောက်နိုင်ငံများ၏ စက်မှုတော်လှန်ရေးနှင့်လိုက်လျောညီထွေဖြစ်အောင် သင်ကြားကြရမည်ဟု ပြောခဲ့သော်လည်း မြန်မာနိုင်ငံ စာတတ်မြောက်မှု ရာခိုင်နှုန်းကို ပြန်ပြီးစစ်တမ်းကောက်သည့်အခါ အရင်ကျွန်မဖြစ်ခင်က ဘုန်းတော်ကြီးသင်ပညာရေးကြောင့် သေစာရှင်စာ စာတတ်မြောက်မှု ၈၀ရာခိုင်နှုန်းကျော်ရှိခဲ့ခြင်းမှ မြန်မာစာတတ်မြောက်မှု ၃၀ရာခိုင်နှုန်းအောက်ရောက်နေတာကို တွေ့ရကြောင်း အဲဒီအချိန်မှာ လက်ဗွေနှင့်ကြက်ခြေတွေများလို့ ဒုတိယအကြိမ်ပညာရေးရှော့ခ်ဖြစ်ခဲ့ပြန်၏။ ထိုအကျိုးဆက်က သက်ကြီးပညာရေးသင်ကြားရေးအသုံးလုံးကို စီမံချက်တွေချလုပ်ခဲ့ရ၏။
အဲဒီဒုတိယပညာရေးရှော့ခ်အကျိုးဆက်ကာ ဒီကနေ့မြန်မာနိုင်ငံပညာရေးအဆင့်နိမ့်ကျမှုနှင့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက် ကွက်လပ်ကြီးဖြစ်သည်။ ယနေ့အချိန်သည်လည်း နိုင်ငံတကာစီးပွားရေးလက်တံတွေမြန်မာပြည်ထဲ ဝင်သင့်သလောက် ဝင်လာချိန်မှာ အဲဒီလက်တံတွေနှင့် ချိတ်ဆက်နိုင်မည့်ပညာတတ်တွေ လိုအပ်နေသော ပညာရှော့ခ်ဖြစ်နေပြီလို့ ပညာရှင်တွေက ထောက်ပြနေပါ၏။ ထို့ကြောင့် ပညာသင်ကြားရေးသည် နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်နေပါ၏။ ထိုတာဝန်ကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက အမြော်အမြင်ကြီးကြီးနှင့် နိုင်ငံအတွက် ပခုံးထမ်းတာယန်ခွဲယူက ကျေးဇူးတင်စရာပါပဲဟု စသည်ဖြင့် ရေးသားထားပါ၏။
ဤသို့ဆိုလျှင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ဗုဒ္ဓဘာသာ၏ သာသနာအရင်းအမြစ်ဖြစ်ထွန်းလာမည့်နေရာ၊ ပညာသင်ကြားရေးနှင့်အတူ မြတ်ဗုဒ္ဓ၏ ကိုယ်ကျင့်တရားများကို စွဲမြဲသွားမည့်နေရာ၊ သာသနာပြုပုဂ္ဂိုလ်ထူးများ၊ နိုင်ငံခေါင်းဆောင်များ ဖြစ်ထွန်းလာမည့်နေရာ၊ ဤအင်္ဂါရပ်များကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ လျှော့ချပိတ်သိမ်းမှုကို အတတ်ပညာဖြင့်သာ မကြည့်ဘဲ အသိပညာနှင့်ပါတွဲပြီး အမျိုးဘာသာ သာသနာ၊ နိုင်ငံ၊ လူမျိုးအတွက် ဆင်ခြင်တုံတရားဖက်၍ စဉ်းစားပေးကြစေလိုကြောင်း စေတနာကောင်းဖြင့် တင်ပြရေးသားလိုက်ရပါသတည်း။