သတင်း

မန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ကြေညာချက်(၁/၂၀၁၇)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် သနန္တနဓမ္မပါလအဖွဲ့ချုပ် ကြေညာချက်အမှတ် (၁/၂၀၁၇)
ရခိုင်ဒေသတွင် အကြမ်းဖက်အုပ်စု(ARSA)၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းနှင့် ကျန်ရစ်သူမိသားစုများ ပြန်လည်ထူထောင်ရေးနှင့် ဘဝလုံခြုံရေးအစီအံများ ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း သဘောထားကြေညာချက်-
၁။ မကြာသေးမီကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် (ARSA) အကြမ်းဖက်အုပ်စု၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် ဟိန္ဒူလူမျိုးအချို့လည်း သေဆုံးဒဏ်ရာရခဲ့ကြပါသည်။ အဆိုးဝါးဆုံးဖြစ်ရပ်မှာ ဟိန္ဒူလူမျိုးများ ရွာလုံးကျွတ်အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါသည်။ ဟိန္ဒူလူမျိုး အချို့ကိုလည်း တဖက်နိုင်ငံသို့ အလိုမတူဘဲ ခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့ကြပါသည်။ ထိုသို့ ပြုမူခြင်းအတွက် (ARSA)အကြမ်းဖက်အုပ်စုကို ပြင်းထန်စွာရှုံ့ချကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၂။ အဆိုပါလုပ်ရပ်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာဝင်များက သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ကြေညာအပ်ပါသည်။

၃။ မိသားစုဝင်များ လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အနာတရဖြစ်ရသော ကျန်ရစ်သူမိသားစုများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ပူးတွဲလုပ်ကိုင်လိုပါကြောင်း အသိပေးအပ်ပါသည်။

၎။ ဤအကြမ်းဖက်ဖြစ်စဉ်ကို မျက်ကွယ်ပြုကာ ရေးသားပြောဆိုနေကြသော နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် နိုင်ငံခြားသတင်းမီဒီယာအချို့ကိုလည်း ပြတ်ပြတ်သားသား ဝေဖန်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။

၅။ ထို့အပြင် နိုင်ငံခြားမီဒီယာအချို့သည် ဟိန္ဒူလူမျိုးများကို ရိုဟင်ဂျာဟိန္ဒူဟူသော ဝေါဟာရအသစ်အဖြစ် ခေါ်ဆိုနေကြသည်ကို သတိထားမိပါသည်။ ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ၏ သမိုင်းကြောင်းနှင့် ဟိန္ဒူဗဟိုကောင်စီစည်းမျဉ်းပါ လူမျိုး(၁၀)မျိုးတွင် ပါဝင်ခြင်းလည်းမရှိပါ။ လူတချို့က ပြည်ပနိုင်ငံများကို လှည့်ဖြားရန်အတွက် လုပ်ကြံဖန်တီးထားသော စကားဖြစ်သဖြင့် ထိုသို့ခေါ်ညွှန်းသုံးစွဲ ခြင်းမပြုရန် တိုက်တွန်းအပ်ပါသည်။

၆။ မြန်မာနိုင်ငံရှိ ဘာသာပေါင်းစုံနှင့် အမြဲအေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လေ့ရှိသော ဟိန္ဒူလူမျိုးများသည် ယခုဖြစ်စဉ်များကို ဘာသာတစ်ခုမှ နောက်ဘာသာတစ်ခုသို့ ပြုလုပ်သည်ဟု မမြင်ပဲ အကြမ်းဖက်ဝါဒကြောင့် အပြစ်မဲ့ပြည်သူများ သေကြေဒုက္ခရောက်ရသည်ဟု ရှုမြင်ပြီး ဘာသာပေါင်းစုံမှ ညီအစ်ကိုမောင်နှမများနှင့် အမုန်းမပွား မေတ္တာမပျက် ဆက်လက်နေထိုင်ရန် တိုက်တွန်းအပ်ပါသည်။

၇။ မြန်မာနိုင်ငံတဝှမ်းလုံးက ဟိန္ဒူဘာသာဝင်များသည် မိမိတို့နေထိုင်ရာမြို့ရွာများရှိ ဘုရားကျောင်းများ၊ အသင်းအဖွဲ့များတွင် ယခုလို ဆုတောင်းပွဲနည်းတူ ဆုတောင်းပွဲများကို ပြုလုပ်ကြပါရန်နှင့် မိမိတို့ မှီတင်းနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိကာ နိုင်ငံတကာသတင်းဌာနများက မေးမြန်းလာသည့်အခါ အမှန်တရားကိုသာ ရဲရဲဝံ့ဝံ့ ပြောဆိုအသိပေးကြရန် တိုက်တွန်းအပ်ပါသည်။

၈။ သို့ဖြစ်ပါ၍ ယခုနှစ်တွင် ကျင်းပမြဲဖြစ်သော ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီပွဲတော်ကို ယခင်နှစ်များကဲ့သို့ ပျော်ပွဲရွှင်ပွဲများနှင့် တခမ်းတနား မဆောင်ရွက်ဘဲ မိမိတို့၏ ဓလေ့ထုံးစံနှင့်အညီသာ ဘုရားရှိခိုး ပူဇော်ကြရန် တိုက်တွန်းအပ်ပါသည်။