သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၉)”

အောက်တိုဘာလ ၁၄ ရက် မွန်းလွဲပိုင်းမှာ မင်းခမောင်းရွာမှ ဗန္ဓုလရွာသို့ ဆက်လက်သွားကြရန် စီစဉ်ထားသော်လည်း လုံခြုံရေး အခက်အခဲ လမ်းပန်းအခက်အခဲကြောင့် ဆက်လက်ထွက်ခွါခွင့် မရတော့ပါ။

ဘင်္ဂလီဆယ်ယောက် ဓားကိုယ်စီနှင့်တက်လာပြီး တစ်ယောက်က လုံခြုံရေးဂိတ်ကို ဓားဖြင့် ဝင်ခုတ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လမ်းတစ်လျှောက်လုံး လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ ရှေ့ဆက်လုံးဝသွားခွင့်မပေးတော့ဘဲ ခမောင်းဆိပ်ရွာမှာပဲ လူစုပေးမယ် ခမောင်းဆိပ်ရွာမှာပဲ လှူပါဆိုလို့ ခမောင်းဆိပ်ရွာမှာပဲ စုပေါင်းလှူဒါန်းကြရပါတယ်။

မူလအစီအစဉ်ထဲမှာ ဗန္ဓုလ၊ အောင်သပြေ၊ အောင်ချမ်းသာ၊ ခမောင်းဆိပ်၊ မင်းခမောင်း၊ မင်္ဂလာညွန့်၊ တမန်းသား၊ ပဒက်ကားရွာသစ်အားဖြင့် စုစုပေါင်း ၈ ရွာစာ ရိက္ခာကွက်တိ ယူလာခဲ့တာပါ။

ခမောင်းဆိပ်ရောက်မှ သုပဏ္ဏကမြိုရွာ၊ ကြောင်နဖေရွာ၊ အောင်ဇံရွာ၊ ရေချမ်းချောင်းရွာ၊ ရွှေတိုင်းရွာ၊ ဒုံးညိုရွာ၊ ရံဂါစေတီရွာ၊ တက်ချောင်းရွာ၊ ကျောက်လုံးရွာ၊ ခရုချောင်းရွာ၊ ကုန်းရွာ၊ ဗန်းတိုက်ရွာ၊ ပျားရည်ရွာ၊ အန်ချောင်းရွာ၊ ပန်းချောင်းရွာ၊ မြောက်ကောင်းတောင်ရွာ၊ ကျောက်လုံးရွာတို့ တိုးပွားလာကြတာပါ။

အိမ်ခြေ ၁၃/၁၄/၁၈ရှိသော ရွာငယ်လေးမှစပြီး ၁၅၀ ရှိသော ရွာကြီးများအထိ ပါလာတဲ့ရိက္ခာပစ္စည်းနှင့် ငွေကြေးတွေ ဝေခြမ်းလှူဒါန်းကြရတာပါ။ အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။ ရိက္ခာတွေကတော့ ဆယ်ရွာစာလောက်ပဲ ရရှိပြီး နောက်ဆုံးရွာတွေမှာ ရိက္ခာလုံးဝမပေးနိုင်ဘဲ ငွေသာ လှူဒါန်းနိုင်ခဲ့တာပါ။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားရွာတွေဟာ ဒုက္ခသည်စာရင်း မဝင်တဲ့ ဒုက္ခသည်ရွာတွေဖြစ်ပါတယ်။

မောင်တောမြို့နှင့်လည်း တစ်ညအိပ်ခရီးဝေးကွာတာကြောင့်၎င်း၊ တောင်ပြိုလက်ဝဲအပါအဝင် ဈေးတွေ မဖွင့်တော့တာကြောင့်၎င်း၊ ဘင်္ဂလီအန္တရာယ်ရှိသဖြင့် တောင်ယာမဆင်းဝံ့တာကြောင့်၎င်း၊ ရိက္ခာတွေ ပြတ်လပ်နေကြတာပါ။

တစ်အိမ်နှစ်သောင်းကျပ်စီ လှူဒါန်းခဲ့သော်လည်း ဈေးမဖွင့်မချင်းတော့ ဝယ်လို့ရမှာမဟုတ်ပါဘူး။ နေရပ်ကိုလည်း မစွန့်ခွါ၊ လမ်းပန်းကလည်းခက်ခဲ၊ ဒုက္ခသည်စခန်းမဟုတ်လို့လည်း လှူဒါန်းမည့်သူ မရှိလို့ အငတ်ငတ်အပြတ်ပြတ်နှင့် ရပ်တည်နေကြရတဲ့ တိုင်းရင်းသားရွာတွေဖြစ်ပါတယ်။

နောက်ကျတဲ့ရွာတွေကတော့ ဒီအထိလာသတင်းပို့ဖို့ ဆိုင်းကယ်ဆီဖိုးတတ်နိုင်သော်လည်း လမ်းမှာစားစရာမရှိတာကြောင့် ဘာမှမစားခဲ့ရသေးတဲ့သူတွေ ရှိပါတယ်။
ရွာအတွက်မပါရင်နေပါ လမ်းမှာစားဖို့လောက်တော့ ပေးလိုက်ပါဟု တောင်းပန်ကြတဲ့သူတွေလည်း ရှိပါတယ်။ ရှိတာလေးပဲ ပေးခဲ့ပါ လေးငါးရွာ မျှစားပါမယ်ဟု လျှောက်ထားတဲ့ရွာတွေလည်းရှိပါတယ်။ စိတ်မကောင်းရုံမှလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ပါ။

အမှန်တကယ်လည်း ရှားပါးပုံရပါတယ်။ မြိုရွာနှင့် ဒိုင်းနက် သက်လူမျိုးရွာတွေများပါတယ်။ အိတ်ထဲမှ ထွက်ကျသွားတဲ့ အာလူးလေး နှစ်လုံးသုံးလုံးကို အလွတ်မခံဘဲ တစ်လုံးမကျန် ကောက်ယူထည့်သွားတာကိုလည်း တွေ့ရပါတယ်။

ခေါက်ဆွဲခြောက်လေးတစ်ထုပ်ကို ခါးပိုက်ထဲထည့်ပြီး နည်းနည်းချင်းဝါးစားနေတာလည်း တွေ့ရပါတယ်။
သူတို့ကိုဝေခြမ်းနေတဲ့အချိန်မှာပဲ လုံခြုံရေးစိတ်မချရလို့ အမြန်ပြန်ခိုင်းတာကြောင့် သူတို့ရဲ့ ဒုက္ခအဝဝကို မျှဝေခံစားခွင့်မရရှိခဲ့ပါဘူး။

ဒီကနေ့ မွန်းလွဲပိုင်း ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကတော့ အလှူငွေ တစ်ရာရှစ်ဆယ့်လေးသိန်း နှစ်သောင်းကျပ် ဖြစ်ပါတယ်။

ရိက္ခာတွေကတော့ ပါသမျှ အကုန်ပြောင်သွားပါတယ်။ မန်း မဘသရဲ့ အလှူတော်ဖြစ်ပါတယ်။ မန်းမဘသသို့ ရခိုင်ပြည်သူများအတွက် လှူဒါန်းကြတဲ့ ပြည်တွင်းပြည်ပ ကုသိုလ်ရှင်အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပါစေသော်ဝ်……..။