သတင်း

မန်း မဘသ ရေဘေးအလှူ

ဝါခေါင်လဆန်း(၇)ရက်၊ 30.7.2017 ရက်နေ့၊ မနက် (၁၀း၃၀)နာရီမှာ ပုဂံမြို့၊ ကျောင်းမှာ နေ့ဆွမ်းစားပါတယ်။ နေ့ဆွမ်းအလှူရှင်ကတော့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)အဖွဲ့နှင့် မိတ္ထီလာမြို့၊ တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇတို့ ဖြစ်ပါတယ်။  နေ့ဆွမ်းစားအပြီးမှာ ပုဂံဆိပ်ကမ်းမှာ ရမည်းသင်းမြို့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း(ရမည်းသင်း မဘသ) လှူဒါန်းမှုအစုစုကို မန်း မဘသအား လွှဲပြောင်းကေပးအပ်ပါတယ်။

ထို့နောက် စက်လှေများဖြင့် အနောက်ဘက်ကမ်းသို့ ကူးကြပါတယ်။ ပခုက္ကူမြို့နယ်၊ ဆည်လံရွာကမ်းစပ် ယာယီမဏ္ဍပ်မှာ ခဏနားပါတယ်။ ၎င်းနောက် ဆည်လံရွာအခြေအနေကို လိုက်လံကြည့်ရှုကြပါတယ်။ ရေဦးထိုးစဉ်က လှိုင်းလုံးကြီးတွေ ထန်းပင်တစ်ရပ်လောက်ရှိကြောင်း တချို့ကြည့်နေရင်း ထိတ်လန့်ပြီး မူးမေ့လဲသွားသူများရှိကြောင်း သိရပါတယ်။ ဆည်လံရွာ ပြောင်းရွှေ့ရတာ နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။

စိုက်ခင်းတွေလည်း ပျက်စီး၊ တောင်သူတွေလည်း အလုပ်လက်မဲ့ဖြစ်ကာ နွားကျောင်းတာကလွဲလို့ ဘာမှမလုပ်နိုင်တော့ပါ။
ဆည်လံရွာနှင့် ငွေသောင်ရွာတို့အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်တို့ လှူဒါန်းခဲ့ပါတယ်။ ရွာသူရွာသားများကိုလည်း ဘုရားတရားမြဲဖို့၊ သတိရတိုင်း နမောတဿရွတ်ဆိုဖို့ သြဝါဒပေးခဲ့ပါတယ်။ ဆည်လံရွာမှာ အိမ်ထောင်စု (၁၄၀)ရှိပြီး ငွေသောင်ယံမှာ အိမ်ထောင်စု (၂၁၀)ရှိပါတယ်။

ဒီကနေ့ မန်း မဘသအဖွဲ့နှင့်အတူ ပါဝင်ဒါနပြုသူတွေကတော့ မြင်းခြံ မဘသ၊ မိတ္ထီလာ မဘသ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)နှင့် မျိုးချစ်ဇာနည်များ ဖြစ်ကြပါတယ်။ လှူဒါန်းပြီးအပြန်မှာ စက်လှေဖြင့် အနောက်သီရိရွာကို လှည့်လည်ကြည့်ရှုကြပါတယ်။

အနောက်သီရိရွာဟာ စေတီတော် အလုံးလိုက်ကြီး ရေထဲပါသွားတဲ့ရွာဖြစ်ပါတယ်။ ရွှေပြည်တော်ဆုံမှတ်အဖွဲ့က တာဝန်ယူ ကူညီနေတယ်လို့ သိရပါတယ်။ အနောက်သီရိရွာ ကမ်းပေါ်တော့ မတက်ဖြစ်တော့ပါ။ အမျိုးတွေ ရေဘေးသင့်နေကြပါပြီ။
ဘေးလွတ်သူများ ကူကြပါ။

ဝီရသူ (မစိုးရိမ်)
1.8.2017
PM- 10:55