သတင်း

မဘသနှင့် မသက်ဆိုင်ပါ

ယမန့်နေ့ညက ကျောက်ပန်းတောင်းမြို့လေးမှာ ဗလီလို့ ယူဆရတဲ့အဆောက်အဦးတစ်ခုကို ဘက်ဟိုး (backhole) တစ်စင်းနှင့် ဖြိုချလိုက်တဲ့ဗွီဒီယိုတစ်ခု ကြည့်လိုက်ရပါတယ်။ အဆိုပါသတင်းနှင့်ပတ်သက်လို့ ဒီနေ့မနက်အထိကတော့ နိုင်ငံတကာသတင်းတွေမှာ ပါရှိလာခြင်း မရှိသေးပါဘူး။

ထုံးစံအားဖြင့်ကတော့ ထိုသို့သော ဘာသာရေးနွှယ်လူအုပ်စုဖွဲ့မှု ဖြစ်လာတိုင်း ပြည်ပသတင်းစာများနှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသား ပြည်တွင်းမီဒီယာအချို့မှာ မဘသ၏ ပယောဂ၊ မဘသ၏စနစ်၊ မဘသပါဝင်ပါတ်သက်မှု မကင်းသယောင် အခြေအမြစ်မရှိ စွပ်စွဲလေ့ရှိကြပါတယ်။

အရှင်ဝီရသူ၊ အရှင်သောပါက၊ သီတဂူကြယ်တစ်ပွင့်စတဲ့ မဘသမှ ဆရာတော်များမှ မဘသပါဝင်ပါတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ကြပေမယ့် မီဒီယာကို အသုံးချပြီး ဘာသာရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ လူစုစုရှိတိုင်း မဘသက နောက်ကွယ်က သွေးထိုးပေးနေတယ်လို့ ဝါဒဖြန့်လာကြပါတယ်။

Wira Thu ဖေ့စ်ဘုတ်ကောင့်တု ဖန်တီးပြီး အကောင့်အတုက ရေးသားမှုတွေကို မီဒီယာများက ကိုးကားမှုတွေပြုလုပ်ကာ ဘုန်းကြီးဦးဝီရသူ နှင့် မဘသက လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်စေအောင် ပြုလုပ်ခဲ့တယ်လို့ အထင်ရစေအောင် လုပ်ဆောင်မှုများတောင် ရှိခဲ့ပါတယ်။

မဘသဟူသည် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရန် ဖွဲ့စည်းထားသော အဖွဲ့သာဖြစ်ပါတယ်။ ဘယ်သောအခါကမှ လူမျိုးရေး ဘာသာရေး နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်ပေးမှုမျိုး၊ ကိုယ်တိုင်ပါဝင်ပါတ်သက်ခဲ့မှုမျိုး မရှိခဲ့ဖူးပါဘူး။ ဖြစ်ပွားခဲ့ပြီးသမျှသော အဖြစ်အပျက်တွေမှာဆိုရင် မဘသက တည်ငြိမ်အောင် ကြားဝင်ကြိုးပမ်းပေးတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကိုယ်သာ ဓားခုတ်ရာလက်လျှိုသလို ဖြစ်ပြီး နာမည်ဆိုးတွင်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ယခု ကျောက်ပန်းတောင်း အဖြစ်အပျက်မှာ မဘသ ပါဝင်ပါတ်သက်ခြင်းမရှိပါ၊ မဘသ နှင့် သက်ဆိုင်ခြင်းမရှိပါ၊ မဘသစနစ် တစ်စိုးတစ်စိမျှ ပါဝင်ခြင်းမရှိပါလို့ ခိုင်ခိုင်မာမာ ပြောကြားအပ်ပါတယ်။ ဒီလို ဆိုရတာကတော့ အထက်ကဆိုခဲ့သလို အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနှင့် မဘသလို့ တံဆိပ်ကပ်ပြီး မဘသက ထိုးကြွေးခံရတဲ့ ဓားစာခံ (scapegoat) ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာမေးခွန်းတစ်ခုက ယခင်အဖြစ်အပျက်တွေတုန်းကရော ဘာဖြစ်လို့ ခင်ဗျား ငြင်းချက်မထုတ်ခဲ့သလဲလို့ ဖြစ်ပါတယ်။ မဟုတ်ပါဘူး။ စာရေးသူ ငြင်းချက်ထုတ်ပါတယ်။ သို့ပေမယ့် ထုတ်တဲ့အချိန်မှာ ပြည်တွင်း/ပြည်ပ မီဒီယာတစ်ချို့က မဘသပါဝင်ပါတ်သက်သယောင် ရေးသားထားမှုရှိနေပြီး မဘသက ဖြေရှင်းချိန်မှာ ပိုမိုရှုပ်ထွေးသွား၊ မဘသအပေါ်ပိုပြီး ချောက်တွန်းခံရတဲ့ အနေအထား ဖြစ်သွားတာတွေကြောင့် စာရေသူအနေနဲ့ မဘသမပါဝင်ပါဘူးဆိုတာကို ပြောဖို့ အခွင့်မသာတာတွေ ရှိခဲ့ပါတယ်။ ယခုတစ်ကြိမ်ကတော့ ပြည်တွင်းပြည်ပ မီဒီယာတွေက ဒီအဖြစ်အပျက်နှင့်ပတ်သက်လို့ သတင်းတွေ တက်မလာသေးတာကြောင့် အချိန်မီ ရေးသားလိုက်တာဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ ယခုဖြစ်စဉ်မှာ မဘသ ပါဝတ်ပါတ်သက်ခြင်းမရှိတာကို သက်သေ ဝါ အလီဘိုင် ခိုင်ခိုင်မာမာ ပြနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ ပထမဆုံးအချက်အနေနှင့် ယခုဖြစ်စဉ်ကို သက်ဆိုင်ရာကလည်း လုံးဝသိရှိထားဟန်တူပြီး အဆောက်အဦးဖြိုချရန် ဆုံးဖြတ်ချက်ချမှတ်သူသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ The Ladies News မှ ဖော်ပြသော သတင်းကို ဖော်ပြအပ်ပါတယ်။

“ကျောက်ပန်းတောင်းတွင် စည်ပင်ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထားသည့် အဆောက်အဦးတစ်လုံးအားဖြိုချ

ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် တွင် စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အလုံအပိတ်အဆောက်အဦးတစ်ခုအား ဇူလိုင် ၂၇ရက် ည၈နာရီဝန်းကျင်ခန့်က စတင်ဖြိုဖျက် နေကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က The Ladies သို့အတည်ပြုပြောသည်။

“အခြေအနေက တော့ အမှန်က ဗလီဆိုပြီးလူတွေဝိုင်းလာကြတာပေါ့ တဖြေးဖြေးနဲ့လူတွေကများလာတာ များလာတော့ တာဝန်ရှိသူတွေ အားလုံးက အဲ့ဒီအဆောက်အဦးက စည်ပင်ကိုတင်ထားတာမရှိဘူး ဖြစ်နေတယ် စည်ပင်တင်ထားတာမရှိဘူးတစ်ချက် ၊နောက် ဒီမှာ ဆူပူအုံကြွမှုကဖြစ်လာပြီ အော်ကြဟစ်ကြဖြစ်လာတော့ ကျွန်တော်တို့ နောက်ဆုံး ဗလီဟုတ်ချင်း မဟုတ်ချင်းထက် ဒီနှစ်ချက် နဲ့ပဲ ကျွန်တော်တို့ကဖျက်လိုက်တယ်”ဟု ဦးအေးခိုင်ကပြောသည်။

အဆိုပါအဆောက်အဦးဆောက်လုပ်မှုနှင့်ပတ်သက်၍ စည်ပင်သာယာရေးကော်မတီက တားမြစ်ခဲ့သော်လည်း ဆက်လက်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စည်ပင်ကို အဆောက်အဦးဆောက်ခွင့်မတင်မထားဘူး စည်ပင်က တားတယ် တားတာကို ထပ်ဆောက်တယ် အဲ့ဒီအချက်ကို သူဖျက်ထားတယ် နောက်တစ်ချက်က လူတွေကများလာပြီ ဆူပူအုံကြွမှုက ပိုပြီးဆိုးလာပြီ ဆိုးလာတော့ ကျွန်တော်တို့က မြို့အတွက် အေးချမ်းသာယာအောင် ဆူပူအုံကြွမှုမဖြစ်အောင် မဖျက်မခြင်းမပြန်ဘူးဆိုတော့ အားလုံး ကျွန်တော်တို့ အဲ့ဒီနှစ်ချက်နဲ့ ဖျက်လိုက်ရတယ် အခုတော့ဖျက်နေပြီ အဓိကကတော့ စည်ပင်ဥပဒေနဲ့မညီညွတ်တာ အဆောက်အဦးဆောက်တလည်း မပြောဘူး စည်ပင်တားတဲ့အချိန်လည်းထပ်ဆောက်တယ် နောက်ပြီး အလုံပိတ်ကြီးဆောက်ထားတယ်ဆိုတော့ အရပ်က တစ်မျိုးမြင်တာပေါ့ လူထုကိုလည်းဖျက်မခိုင်းဘူး ကျွန်တော်တို့ ဒီက ကော်မတီတွေ တာဝန်ရှိသူတွေအစည်းအဝေးထိုင်တယ် အစည်းအဝေးထိုင်ပြီး ကျွန်တော်တို့က ပြည်သူလူထုက မဖျက်ရင်မပြန်ဘူးဆိုတော့ ကျွန်တော်တို့ဖျက်လိုက်ရပါတယ်” ဟု ဦးအေးခိုင်ကဆက်လက်ပြောကြားခဲ့သည်။

– ဇော်မင်းထွန်းThe Ladies News”

နောက်တစ်ချက်က ကျောက်ပန်းတောင်း နှင့် မဘသ တို့ကြား ဆက်ဆံရေး ဖြစ်ပါတယ်။ ကျောက်ပန်းတောင်းသည် လက်ရှိအာဏာရပါတီ NLD ကို မြို့လုံးကျွတ်နီးပါး ထောက်ခံသောမြို့ဖြစ်ပါတယ်။ မဘသဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူ ကို ကြံ့ခိုင်ရေးပါတီကို အားပေးတယ် (အမှန်တော့ စွပ်စွဲချက်မျှသာ ဖြစ်သည်) ဆိုပြီး ဦးဝီရသူ တရားပွဲကို သည်းသည်းမည်းမည်း ကန့်ကွက်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ တစ်ခါ အရှင်ဝီရသူ တရားဟောကြားမယ့်ကျောင်းကိုတောင်မှ ကထိန်ခင်းဖို့ လျှောက်ထားပြီးသားကို အရှင်ဝီရသူတရားဟောမှာကို စိတ်ကွက်ပြီး ကထိန်ရုပ်သိမ်းသွားတဲ့မြို့ဖြစ်ပါတယ်။ ကျောက်ပန်းတောင်းကို ပရဟိတအဖွဲ့တွေ ရေအလှူလာတာကိုတောင်မှ မဘသ သီချင်းဖွင့်လို့ ရေအလှူမခံဘူးလို့ ဆိုခဲ့တဲ့မြို့ပါ။ ဒါတွေက ယခု ဖြစ်စဉ်မှာ မဘသအဖွဲ့ ပါဝင်ပါတ်သက်ခြင်း မရှိတာထင်ရှားအောင် မဘသ နှင့် ကျောက်ပန်းတောင်းမြို့ အနေအထားကို တစ်စွန်းတစ်စ လှစ်ဟပြတာပါ။ တိတိကျကျဆိုရရင် ကျောက်ပန်းတောင်းမှာ မဘသအဖွဲ့ဝင် တစ်ယောက်မှ မရှိပါဘူး။

မဘသ အဖွဲ့ကြီးသည် ယခုလက်ရှိမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မဟန) နှင့် ပဋိပက္ခ ဖြစ်ပွားလျက် ရှိနေပါတယ်။ ပဋိပက္ခ၏ အခြေခံအကြောင်းရင်းသည် ပြည်တွင်း ပြည်ပ မီဒီယာအချို့ မဟုတ်မမှန် ရေးသားချက်များ၊ ဂုန်းချောသူအချို့၏ လုပ်ကြံပြောစကားများကို ယုံစားပြီး မဟန ဆရာတော်ကြီးများက မဘသ၏ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို လူမှုရေး ဘာသာရေး နိုင်ငံရေး မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ လွဲမှားမြင်နေသောကြောင့် ဖြစ်ပါတယ်။ ယခုလက်ရှိဖြစ်စဉ်မှာပါ အထင်လွဲသွားရင် မဟန နှင့် မဘသ ကြား ညှိနှိုင်းဖို့ အလွန်တရာ ခက်ခဲသွားပါမယ်။ ဒါ့ကြောင့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်ပန်းတောင်းမြို့၊ အေးသာယာရပ်မှ ဗလီဟု ယူဆရသော အဆောက်အဦးအား ဘက်ဟိုးယန္တရားဖြင့် အင်အားသုံးဖြိုဖျက်သည့်ဖြစ်စဉ်၌ မဘသအဖွဲ့ တစ်စုံတစ်ရာ ပါဝင်ခြင်း၊ ပါတ်သက်ခြင်း၊ သက်ဆိုင်ခြင်း အလျဉ်းမရှိပါကြောင်း ခိုင်ခိုင်မာမာ ဆိုလိုက်ရကြောင်းပါ။

ဆရာသန့်