သတင်းအင်တာဗျူး

ရခိုင်ပြည်နယ် ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်(၁)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်တွေအဖြစ် ဆရာတော်ရဲ့ ရခိုင်ခရီးစဉ်အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
-ရခိုင်ပြည်နယ် ကျဆုံးခြင်းဟာ ပြည်ထောင်စုကြီး ကျဆုံးခြင်းဖြစ်သွားနိုင်တယ်-လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သလို
ရခိုင်ပြည်အရေးအတွက်လည်း ပြည်သူများက မိမိစွမ်းနိုင်တဲ့ဘက်က ၀ိုင်းဝန်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဆရာတော်ရဲ့ ရခိုင်အရေးနဲ့ပတ်သက်တဲ့ အမြင်တွေကို သိရှိနားလည်နိုင်စေဖို့အတွက် အောင်ဇေယျတုဂျာနယ်စာဖတ်ပရိသတ်များအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

မေး- ပထမဆုံးသိချင်တာက အရှင်ဘုရားတို့ ရခိုင်ပြည်နယ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခရီးစဉ်အကြောင်းပေါ့ဘုရား၊ ဘယ်တွေကို အဓိကထားပြီး သွားရောက်လှူဒါန်းဖြစ်ခဲ့လဲဘုရား။ ဘယ်လိုအစီအစဉ်တွေကို ချမှတ်နိုင်ခဲ့လဲ။

ဖြေ- ရခိုင်ကိုသွားလှူကြတဲ့အဖွဲ့က နှစ်ဖွဲ့ပေါ့နော်။ တိပိဋကရမ္မာဝတီဆရာတော်နဲ့ ဦးဇင်းတို့အဖွဲ့က ရမ်းဗြဲကိုသွားကြတယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်းပေါ့။ အဲဒီမှာ ဘူးသီးတောင်မောင်တောရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်ပေါ့။
အဲဒီလိုဆွေးနွေးတဲ့နေရာမှာတော့ ဗဟိုကော်မတီဖွဲ့စည်းဖို့ရယ်၊ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့ရယ်၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ဒေသကော်မတီအသီးအသီးဖွဲ့စည်းဖို့ရယ် ဆုံးဖြတ်ချက် ချနိုင်ခဲ့တာပေါ့နော်။ သူတို့လုပ်ဆောင်မှာကတော့ ပြည်သူတွေအင်အားနည်းနေတယ်၊ ဒါကြောင့် အင်အားဖြည့်မယ်၊ နောက် ရွာသစ်တွေ တိုးချဲ့မယ်၊ ကုန်ကျစရိတ်တွေကို အမျိုးသားကြီးပွားတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးစိုးထွန်းရှိန်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မတည် လှူဒါန်းကြမယ်ပေါ့။ အဲဒါကို သုံးနှစ်ကို စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်မယ်၊ အဲဒီလို စီမံကိန်းလေးတွေ ချမှတ်ခဲ့နိုင်ခဲ့တာပေါ့။ နောက် မြနန်းဆရာတော်တို့၊ ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန် မဘသအဖွဲ့တွေသွားတာကတော့ နေရပ်စွန့်ခွာသွားတဲ့ ရသေ့တောင်မြို့နယ်က ရွာသုံးရွာလေ။ အဲဒီကို ဦးစားပေးပြီး ငွေကြေးတွေ ထောက်ပံ့တာပေါ့။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ရသေ့တောင်မြို့နယ်က ၁၁ အုပ်စု ကျေးရွာတွေကိုလည်း ငွေကြေးထောက်ပံ့တာပေါ့။

နောက်တစ်ခါ မောင်တောဒေသမှာရှိတဲ့ အသတ်ခံရတဲ့ မြို ၈ ဦးရဲ့ မိသားစုကိုလည်း ငွေကြေးထောက်ပံ့တာပေါ့။ ကိုင်းကြီးက မြို ၈ ဦး၊ တရိန်ရွာက ရခိုင်နှစ်ဦး အားလုံးပေါင်း ၁၀ ဦးပေါ့။ အဲဒီအတွက် ဦးဇင်းက တစ်သိန်းစီ ၁၀ သိန်းပေါ့။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဗဟိုဘက်က တစ်သိန်းစီ ၁၂ သိန်းပေါ့။ သေဆုံးသူတွေရဲ့မိသားစုအတွက် တစ်ဦးကို နှစ်သိန်းနှစ်သောင်းစီ၊ နောက် ကိုင်းကြီးရွာသူရွာသားတွေအတွက် တစ်အိမ်ထောင်ကို ငွေငါးသောင်းဆီဆိုတာ သီးသန့်ထောက်ပံ့သေးတာပေါ့။
ရခိုင်ခရီးစဉ်အတွက် စုစုပေါင်း ၂၅၅၁၅၀၀၀ အလှူငွေလက်ခံရရှိပြီးတော့ ၂၄,၈၀၀,၈၀၀ ကျပ် လှူဒါန်းပြီးဖြစ်ပါတယ်။

မေး- ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာတင်သွင်းတဲ့နေ့မှာပဲ ရခိုင်ပြည်နယ်မှာ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်ဖြစ်တယ်ပေါ့ဘုရား။ ဂျီဟတ်ဖြစ်လာနိုင်တယ်၊ မြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်တယ်လို့ အရှင်ဘုရားပြောခဲ့ဖူးသလို အောင်ဇေယျတုနဲ့အင်တာဗျူးမှာလည်းပဲ မောင်တောက သိပ်မကြာခင်ကာလမှာပဲ ဘင်္ဂါလီတွေသူပုန်ထတော့မယ့်အခြေအနေရှိနေတယ်လို့ ဇူလိုင် ၂၁ ရက်နေ့ထုတ် အောင်ဇေယျတုမှာ ပြောထားသေးတယ်ဘုရား။  ခု တစ်လကျော်ကျော်ကြာတဲ့အချိန်မှာပဲ အကြမ်းဖက်မှုတွေ တကယ်ပဲ ထပ်ဖြစ်လာတယ်တာကိုလည်းတွေ့ရပါတယ်။ ဆိုတော့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ- အာနန်ကော်မရှင်ရယ်၊ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ရယ်၊ OIC ရယ်၊ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ကြီးရယ် အဲဒါတွေက ဆက်စပ်နေတယ်။ သူတို့တတွေအားလုံးဟာ ဒါကြီးကို ရည်ရွယ်ချက်ရှိရှိ ဆိုင်ရာအခန်းကဏ္ဍတွေက ဖော်ဆောင်နေတယ်လို့ ယူဆရတာပေါ့။ ဘာကြောင့်လဲဆိုတော့ အာနန်ကော်မရှင်က ဒါတွေ ဒါတွေ တောင်းဆိုတယ် အကြမ်းဖက်အဖွဲ့အစည်းက ၀င်ပြီးတော့ တိုက်ခိုက်တယ်။ ဆိုလိုတာက အာနန်ကော်မရှင်တောင်းဆိုတာတွေ မပေးဘူးဆိုရင်အကုန်သတ်မယ်ဆိုတဲ့သဘော သက်ရောက်တာပေါ့။ အခုဟာက ၀န်ထမ်းတွေကိုပဲ ၀င်စီးပြသေးတာကိုး။ ပြည်သူတွေကို ပစ်မှတ်မထားသေးဘူးလေ။ အဲတော့ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း မလိုက်လျောဘူးဆိုရင် ပြည်သူတွေပါ ၀င်စီးမယ်ဆိုတဲ့ပုံစံမျိုး ပဏာမ အကြမ်းဖက်ပြလိုက် တာပေါ့လေ။

မေး- ရခိုင်ရဲ့နောက်ဆုံးရအခြေအနေတွေကိုကြည့်ရင် (၁) တိုက်ခိုက်ခံရသော ကင်းစခန်းပေါင်း ၃၀ ခု (၂) ကျဆုံးတပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦး (တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး) (၃) ဒုလဝကမှူး ၁ ဦး (၄) ဒဏ်ရာရ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦးမှာ ၃ ဦး စိုးရိမ်ရ (၅) ဆုံးရှုံးလက်နက် ၆ လက် (၆) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်း (၇) အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အရှင်ဖမ်းမိ ၁ ဦး ရှိတယ်လို့ သိရပါတယ်။ ရခိုင်ရဲ့ အခြေအနေတွေ တည်ငြိမ်အောင် ဘယ်လောက်ထိ အချိန်ယူဖြေရှင်းရမယ်လို့ သုံးသပ်မိပါသလဲဘုရား။

ဖြေ – အဓိကကတော့ကွာ ဒီကနေ့ လုံခြုံရေးတွေ ဆုတ်ခွာသွားရင် ရခိုင်တွေဒီကနေ့ အသတ်ခံရမှာပဲ။ ရခိုင်ပြည်နယ် တည်ငြိမ်ဖို့အတွက် အရင်အစိုးရလုပ်ခဲ့တဲ့ အစီအမံတွေကောင်းတယ်။ အဲဒီအစီအမံထက် သာအောင်လုပ်ဖို့လိုတယ်။ အဲဒီအစီအမံ ထက်မသာရင်တောင်မှ အဲဒီအစီအမံနဲ့ တန်းတူ နည်းဗျူဟာတွေရေးဆွဲပြီးတော့ ရခိုင်ပြည်သူတွေကို ပိုးမွေးသလို မွေးပြီးစောင့်ရှောက် ရလိမ့်မယ်။စောင့်ရှောက်ဖို့လိုတယ်ပေါ့။

မေး – ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနဲ့ အမေရိကန်သံရုံးတွေကကြေညာချက်တွေထုတ်ပြန်လာတာကိုလည်း တွေ့ရပါတယ်ဘုရား။  သူတို့ရဲ့ကြေညာချက်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို မသုံးစွဲတော့ပေမယ့် ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းတော့ မပါပါဘူးဘုရား။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – အာနန်ကော်မရှင်ကို ဖွဲ့စည်းလိုက်တဲ့အခါ ရိုဟင်ဂျာ-ဘင်္ဂါလီကို အဆုံးအဖြတ်ပေးဖို့ အဓိကလို့ အောက်မေ့လိုက်တာပေါ့နော်။အခုကျတော့ ရခိုင်ပြည်နယ်အတွက် အကြံပေးရုံသက်သက်ကြီးဖြစ်သွားတာပေါ့။ သမိုင်းအထောက်အထားအရ ဘင်္ဂါလီဟာ ဘင်္ဂါလီဖြစ်တယ်လို့ ဆုံးဖြတ်ပေးမယ့် သမိုင်းပညာရှင်ကို ခေါ်ပြီး ဆုံးဖြတ်ခိုင်းရမှာကို အာနန်ကော်မရှင်ကို ခေါ်ပြီး တာဝန်ပေးလိုက်တဲ့အတွက်ကြောင့် တစ်ဖက်သတ်အကြံပေးမှုကြီးတွေ ပေါ်လာတာပေါ့။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သူတို့ သုံးချင်တယ်၊ အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွယ်နေတာဖြစ်တဲ့အတွက်ကြောင့် သူတို့မသုံးရဲဘူး။ ဒါပေမယ့် အခွင့်အရေးတွေ တောင်းဆိုဖို့လိုအပ်လာခဲ့ပြီဆိုရင်တော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလိမ့်မယ်။ အဲတော့ သူတို့တတွေ ကြေညာချက်ကိုတော့ မူအရ ကြိုဆိုပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ ပြည်သူတွေဘက်မှာ ရပ်တည်မည့်သူတွေမဟုတ်ဘူးဆိုတာကိုတော့ ပြည်သူတွေ သိထားရမယ်။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။