သတင်းအင်တာဗျူး

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာ တောင်ပို့ကြီးပါလို့ မပြောဘူဆိုရင် ကိုယ်က သမိုင်းကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့ (အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး မေးခွင့်ပြုပါဘုရား။ ဒီ အရှင်ဘုရားရဲ့ င်္ခေနဘသသု စာမျက်နှာပေါ်မှာ ပေါ့ပေါ့ပါးပါးနေချင်တယ်လို့ ရေးထားတာတွေ့ရပါတယ်ဘုရား၊ ဆိုတော့ လက်ရှိအချိန်မှာ ဘယ်အရာတွေက အရှင်ဘုရားကို လေးလံစေပါသလဲဘုရား။

ဖြေ – တကယ်တမ်းပြောရရင်တော့ ဦးဇင်းက မနက်လင်းတာနဲ့တန်းပြီး အမျိုးသားရေးဆိုတဲ့ တာဝန်ကြီးကို ထမ်းဆောင်ပြီးသားဖြစ်နေတာပေါ့နော်၊ ဒါ ဘယ်သူတစ်ဦးတစ်ယောက်ကမှတာဝန်ပေးတာမဟုတ်ဘဲနဲ့ တာဝန်သိ စိတ်ဓာတ်နဲ့တင် ကိုယ်က မဖြစ်မနေထမ်းဆောင်နေတဲ့သဘောသက်ရောက်နေတာပေါ့။ နောက် ညဆိုလည်း ညဥ့်နက်တဲ့အထိ နေတာတွေကများတယ်လေ။ အဲတော့ အမျိုးသားရေးတာဝန်တွေက ဦးဇင်းအပေါ်မှာ ၀န်ထုပ်ဝန်ပိုးကြီးလို အမြဲတန်းပိနေတာပေါ့။

ဟိုအရင်တုန်းကတော့ ဦးဇင်းတို့ကျောင်းတိုက်ထဲမှာ ပန်းခြံသေးသေးလေးရှိတယ်၊ အဲဒီ ပန်းခြံလေးကို သွားပြီး ပဋ္ဌာန်းတွေဘာတွေရွတ်၊ လေညှင်းလေးဘာလေးခံပြီးဂုဏ်တော်လေးဘာလေးပွားပြီး တရားအာရုံယူပြီး အပန်းဖြေလေ့ရှိတာပေါ့နော်။ အဲဒီကို သွားတဲ့အခါကျတော့လည်း ဖုန်းတွေဘာတွေလည်းအကုန်ထားခဲ့ပြီး ဧရိယာပြင်ပနေရာမျိုးမှာ အနားယူသလိုမျိုးလုပ်တာပေါ့နော်။ ဦးဇင်းမှာက အမျိုးသားရေးတာဝန်တွေပိနေတော့ တစ်ခါတစ်လေကျတော့လည်း သူများတွေတင်ချင်သလို ပေါ့ပေါ့ပါးပါးလေး တင်ချင်တဲ့စိတ်ကလေး ရှိတာပေါ့နော်။

မေး – ဆိုရှယ်မီဒီယာပေါ်မှာ အတိုအစလေးတွေနဲ့ မထိခလုတ် ထိခလုတ်ရေးတာနဲ့ပတ်သက်ပြီး အရှင်ဘုရားကို ဝေဖန်တာတွေလည်း ရှိပါတယ်ဘုရား။ ဆိုလိုတာက အဲဒီရေးတာနဲ့ပတ်သက်ပြီး ဆိုးကျိုးနဲ့ကောင်းကျိုး ဘယ်အရာက ပိုများစေမလဲဘုရား။

ဖြေ – ရေးရခြင်းအကြောင်းအရင်းကတော့ တစ်၊ မဘသအဖွဲ့အစည်းကြီးကိုဖြစ်စေ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကိုဖြစ်စေ နိုင်ငံရေးအသိုင်းအ၀ိုင်းက တအားထိုးနှက်လာတဲ့အခါကျမှ ဦးဇင်းက တုံ့ပြန်ပြီး ရေးတာများပါတယ်။ အဲဒါက တစ်ချက်ပေါ့။ နှစ်အချက်ကတော့ အတိုအထွာလေးတွေ နေ့စဉ် တော်တော်များများရေးတဲ့အခါမှာ နိုင်ငံရေးသင်တန်းတစ်ခုလို
အမြင်တွေရှင်သန်သွားတာတွေ့ရတာပေါ့။ နိုင်ငံရေးသင်တန်းကို တကူးတကပို့ချစရာမလိုတော့ဘဲနဲ့ ဒီအဆိုအမိန့်လေးတွေ၊ ဒဿနအတွေးအခေါ်လေးတွေ ဖတ်ရတာနဲ့တင် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားလာအောင် စွဲဆောင်နိုင်တဲ့ ပုံစံမျိုး ရေးပြတာပေါ့နော်။

ရှိခိုးထိုက်တဲ့စေတီတော်ကို ရှိခိုးနေတာ ပြဿနာမဟုတ်ပေမယ့် တောင်ပို့ကြီးကို ရှိခိုးနေတာကို မြင်ပါလျက် ဒါဟာတောင်ပို့ကြီးပါလို့မပြောဘူးဆိုလို့ရှိရင် ကိုယ်က သမိုင်းကို သစ္စာဖောက်သလို ဖြစ်သွားမှာပေါ့။ အဲတော့ တောင်ပို့ကြီးမှန်းသိအောင်တော့ မကြာမကြာ ပြောပေးနေရတာပေါ့။ ဘာဖြစ်လို့ ဆိုလို့တော့ ကိုးကွယ်မှု မှားရင် သံသရာတစ်လျှောက်လုံး မှောက်မှားမှာလေ။

လယ်တီဆရာတော်ကြီး မိန့်တာလည်း ရှိပါတယ်။  နဖူးစွန်းနဲ့၊ ဒူးပွန်းခံကာ ကိုးကွယ်ပါလဲ၊ ဆရာလွဲက ငရဲအပါယ်၊ အမြစ်တွယ် ၀ဋ်နွယ်ရှည်လျားရာ .. တဲ့။ နဖူးတို့ ဒူးတို့ ဘယ်လောက်အပွန်းခံပြီး ကိုးကွယ်ဆည်းကပ်နေနေ
ဆရာကိုယ်တိုင်က လွဲနေမှတော့ ဆရာတင်တဲ့သူကလည်း လွဲသွားတာပေါ့။ ကိုးကွယ်ရကျိုးမနပ်ဘဲ အချီးအနှီးဖြစ်သွားပြီး
အဲဒီလို ကိုးကွယ်ခြင်းကြောင့် လိုချင်တာကတခြား ရရှိတာက တခြားဖြစ်သွားတာပေါ့။ အဲဒါကတော့ ဘာသာရေးနယ်ပယ်မှာပြောတာပေါ့။

နိုင်ငံရေးမှာလည်း အဲဒီအတိုင်းပဲ၊ ဘုရားလို ကိုးကွယ်တယ်တာတွေရှိတယ်။ တကယ်ကိုးကွယ်ထိုက်တဲ့အရည်အချင်းရှိတယ်ဆိုရင်တော့ သာဓုခေါ်ရမှာ၊ ချီးကျူးရမှာပေါ့နော်။ တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ဘဲ တစ်ကမ္ဘာလုံးက ၀ိုင်းလှော်လို့သာ ဒီနေရာရောက်နေတာ၊ သူ့မှာ ပင်ကိုယ်အရည်အချင်းက ချို့ငဲ့ရှာတယ်။

ပင်ကိုယ်အရည်အချင်းမရှိတဲ့အကြောင်းလည်း နှစ်နှစ်တာကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက စီးပွားရေးလူမှုရေးတွေက သက်သေပြနေတယ်လေ။ အဲဒါမျိုးကို ဦးဇင်းတို့က သတိထားစေချင်တယ်၊ ဂရုစိုက်စေချင်တယ်၊ ပြည်သူရဲ့အကျိုးကို ရှေးရှုပြီးတော့ ဖွတ်အကြိမ်ကြိမ်ဝင်ထွက်နေပါလျက်နဲ့ ဘုရားပါ၊ ဘုရားပါလို့ လော်ဘီမလုပ်သင့်ဘူးလို့ ယူဆတာပေါ့။ ဒါကြောင့်မို့ ပြည်သူတွေကို ငဲ့ညှာပါ။ တောင်ပို့ကြီးကို စွတ်မကိုးကွယ်ပါနဲ့လို့ရေးတာ ခံရတဲ့သူကတော့ မသက်သာဘူးပေါ့နော်။ သူတို့က မသက်သာသလိုကိုယ်လည်း အဆဲခံရတာ မသက်သာဘူးပေါ့နော့။ အဲဒီလိုမသက်သာမှန်း သိသိကြီးနဲ့ ဘာလို့ရေးလဲ၊ အဆဲခံချြင်လို့ရေးတာလားဆိုတော့လည်း မဟုတ်ပြန်ဘူးလေ။ တာဝန်သိသံဃာတစ်ပါးအနေနဲ့ဒီလိုရေးမှ ပြည်သူတွေ သတိထားမိမှာမို့ ဒီလိုရေးရတာပေါ့နော့။

မေး- နောက်တစ်ခုကတော့ မဘသအကြောင်းပေါ့ဘုရား။ မဘသက ရခိုင်၊ ကရင်နဲ့ မန္တလေးတို့မှာဆက်ရှိနေသေးတယ်ဆိုတော့ ခုလက်ရှိ မြန်မာ့နိုင်ငံရေးမှာ မဘသက ဘယ်လိုအခန်းကဏ္ဍမှာရှိနေပါသလဲဘုရား။

ဖြေ – မဘသက မြန်မာ့နိုင်ငံရေးနဲ့တော့ မဆိုင်တော့ဘူးပေါ့လေ။ မဘသက အမျိုးသားရေးဘက်မှာပဲ အမြဲတမ်းရှိနေတာပေါ့။ နိုင်ငံရေးထဲကို ဆွဲသွင်းချင်ရင်တော့ သွင်းကြပေါ့။ တကယ်တမ်းကျတော့ မဘသသမိုင်းတစ်လျှောက်လုံး စတင်တည်ထောင်ချိန်ကနေ အခုအချိန်ထိ မဘသဟာ အမျိုးသားရေးအဖွဲ့အစည်းကြီးသာဖြစ်တယ်။ နိုင်ငံရေးအဖွဲ့အစည်းကြီးမဟုတ်ဘူး။

မဘသကို အတိုက်အခံလို ယူဆနေတဲ့သူတွေကလည်းပဲ အထင်အမြင်လွှဲမှားပြီး ယူဆနေတာလို့ ပြောရမှာ။ အဲဒါဆိုရင် မဘသ အလိုလိုအတိုက်အခံဘာလို့ဖြစ်နေသလဲလို့မေးရင် ဒီအစိုးရက အမျိုးသားရေးနဲ့ပတ်သက်ပြီး အာမခံချက်မပေးတဲ့အတွက်ကြောင့် ဒီအစိုးရထံမှာ အမျိုးသားရေးအာမခံချက်ရအောင် ဝေဖန်ထောက်ပြရင်းနဲ့ပဲ မဘသဟာ နိုင်ငံရေးအဖွဲ့အစည်းကြီးအဖြစ် ကမ္ဘာကြီးက ထင်မြင်ယူဆသွားကြတာပေါ့နော်။

မေး- ဒီတစ်ပတ်အတွက်အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေးမိန့်ပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးသမားတွေကို ပြောချင်တာပေါ့နော်။ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့အချိန်ကို ရောက်နေတာပေါ့နော်။ အဲတော့ ဘယ်ဘက်ကိုယိမ်းလဲ ပြုတ်ကြမှာပဲ၊ ညာဘက်ကိုယိမ်းလည်း ပြုတ်ကြမှာပဲ၊ ဒီ အလည်တည့်တည့်မှာလျှောက်ရင်းနဲ့ ကိုယ်လိုရာပန်းတိုင် ရောက်ဖို့အတွက် ကိုယ့်ကိုကိုယ် ထိန်းကျောင်းဖို့လိုတယ်။ အဲဒီလို ကိုယ့်ကိုကိုယ်ထိန်းကျောင်းတယ်ဆိုတာကတော့ တစ်၊ အနေအထိုင်ပေါ်မှာလည်း မူတည်တာပေါ့နော်။  နှစ်၊ ခံယူချက်တွေ ရပ်တည်ချက်တွေမှာလည်း မူတည်တာပေါ့။ မိမိရဲ့ခံယူချက် မိမိရဲ့ ရပ်တည်ချက်တွေနဲ့အညီ မိမိအနေအထိုင်ကိုစောင့်ထိန်းပြီးတော့ လိုရာပန်းတိုင်ရောက်အောင် သတိဝီရယနဲ့ချီတက်ပါလို့ ပြောချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။