သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၉)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။
ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။
လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။
စာမူများလည်း တောင်းခံထားပါသည်။
ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

“လူနဲ့ တူသူကို ရွေးချယ်ကြပါ”
=================

နိုင်ငံ့အရေးအရာတွေက ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်လှသမို့ ခပ်ခွာခွာ
နေလာခဲ့တယ်၊ အဝေးကြီးတော့လဲ မခွာပါဘူး၊ မလှမ်းမကမ်းကနေတော့ ကြည့်နေဖြစ်ပါတယ် ။ ဘယ်သူ့ကိုမှ အပြစ်မမြင် အပြစ်မတင်မိ အောင်တော့
ယောနိသောစိတ်ထားလေး ကြိုးစားမွေးမြူပြီး နေရတာပလေ။

နိုင်ငံ့အရေးအရာတွေမှာ ကိုယ်တိုင်ပါဝင်နေသူတွေအားလုံးမှာ သူ့အမြင်နဲ့သူ အကုန်မှန်နေကြတာကလား။ မှားနေတယ်လို့ ထင်မိမြင်မိကြမှာ မဟုတ်ပေဘူး၊ အပြစ်ပြောဘို့ ခက်တယ်ဗျ၊ တရားသဘောနဲ့ သုံးသပ်ရင် သညာဝိပလ္လာသ ဒိဋ္ဌိဝိပလ္လာသ မပယ်နိုင်ကြသေးတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်များမှာ ဖြစ်တတ်တဲ့ သဘောဓမ္မတာ လမ်းရိုးကြီးဖြစ်ပေသကိုး။

အဲနှီကဲ့သို့သော လမ်းရိုးကြီးပေါ်မှာ လျှောက်လှမ်းနေကြတဲ့ ပုထုဇဉ်တွေဟာ ရာဇဝင်တွေမှာဆို ရာထူးအာဏာ စည်းစိမ်ချမ်းသာတွေနဲ့ ပတ်သက်လာရင် သားအဖချင်း ညီအကိုချင်း ညီအမချင်း ဆွေးမျိုးအရင်းအချာ အချင်းချင်းတွေသော်မှ သတ်ကြဖြတ်ကြ နှိပ်စက်ညှဉ်းပမ်းတတ်ကြတာမျိုးကလား။
(ဖွဘုတ်မှာ ဆဲတာ မွှေတာ ဖွတာ ဂျင်းထည့်တာလောက်ကား ဘာမျှမပြောပလောက်)

အဲသလို ခပ်ခွာခွာနေလာရာကနေ အခု ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ရွေးတော့မယ် အသံကြားနေရတော့ အနားရောက်လာလို့ နည်းနည်းပြောချင်စိတ်ပေါက်လာတယ်။ ရွာသားဆိုတော့ ရွာနားရောက်လာတော့ တာဝန်လဲရှိပေသကိုး။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဟာ လူထုမှာအခြေခံအကျဆုံး လူတန်းစားတရပ်ကို ထိန်းကျောင်းရတာဖြစ်လို့ အခရာ ကျလှပါတယ်၊ ရွာတွေမှာဆို အုပ်ချုပ်ရေးမှူး တယောက် အချိုးမကျရင် ကျောင်းတွေ ကွဲ၊ ဘုန်းကြီးတွေ ကွဲ၊ ရွာသားတွေ ကွဲ၊ ဆွေမျိုးတွေ ကွဲ ဖြစ်ကုန်ကြတယ်၊ ဒါကြောင့် အခြေခံလူတန်းစားတွေကို ထိန်းကျောင်းအုပ်ချုပ် ပဲ့ပြင်ပေးရမည့် ရပ်/ကျေး ပဲ့ကိုင်ရှင်များဟာ လူနဲ့ တူသူ လူသားစိတ်ရှိသူတွေ ဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။

ကျုပ်အမြင်ပြောရရင် ရပ်/ကျေး ပဲ့ကိုင်ရှင်တစ်ယောက်ဟာ-
ရပ်/ကျေး လူထုအားလုံးအပေါ် ကိုယ်ချင်းစာစိတ် အပြည့်အဝ ရှိရပါမယ်။
အရာရာ စေတနာ မေတ္တာပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်နိုင်စွမ်းရှိရပါမယ်။
စိတ်ရှည် ဇွဲသန် သည်းခံနိုင်စွမ်းလဲ ရှိရပါမယ်။

ကိုယ်ကျင့်သီလအခြေခံထားပြီး သတိ ပညာကြီးစွာနဲ့ လောက, ဓမ္မ၊ အတ္တ, ပရ မျှတအောင် ကျင့်သုံးတတ် ရပါမယ်။
ဒီလောက်ဆို လုံလောက်ပြီလို့ ဆိုချင်ပါတယ်။ ဒီအရည်အချင်းတွေ ကိန်းနေသူဟာ လူနဲ့ တူသူ လူသားစိတ် ရှိသူတစ်ယောက်ဖြစ်ပြီလို့ သတ်မှတ်ရပါမယ်။

မိမိပြောခဲ့တာလေး ဒဠှီကမ္မ = ခိုင်မြဲစိမ့်သောငှာ မစိုးရိမ်တိုက်သစ် အဘိဓဇ ဆရာတော်ကြီးရဲ့ အဆိုအမိန့် တစ်ရပ်နဲ့ ဒဠှီကရဏပြုပါရစေ။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ မြင်းခြံမြို့ ကိုးဆောင်ဆရာတော်ကြီး အလွန်မှာ ဥက္ကဋ္ဌဆရာတော်အသစ် တင်မြှောက်စဉ်ကလို့ ကြားသိရပါတယ်။

အဲဒီလို တင်မြှောက်ကြရာမှာ သင့်လျော်မည့်ဆရာတော်တစ်ပါးကို အဆိုပြုရပါတယ်၊ အဆိုပြုရာမှာ သံဃအဖွဲ့အစည်း ရွေးချယ်ရေး စည်းကမ်းဥပဒေများအရ လုပ်ထုံးလုပ်နည်း အခန်း ဘယ်လောက်၊ ပိုဒ်ရေ ဘယ်လောက် အရ ဘယ်ဆရာတော် ဘယ်ဆရာတော်ဟာဖြင့် သင့်တော်ပါတယ်ဆိုတာ လုပ်ထုံးလုပ်နည်း စည်းမျဉ်း ဥပဒေ တွေ ကိုးကားပြီး အဆိုတင်ရပါတယ်။

မိမိတို့ မစိုးရိမ်တိုက်သစ် အဘိဓဇဆရာတောကြီး (ဘဒ္ဒန္တသိရိန္ဒာဘိဝံသ)က
မကွေးဆရာတော်ကြီး (ဘဒ္ဒန္တကုမာရ) ကို နိုင်ငံတော်ဥက္ကဋ္ဌနေရာအတွက် အဆိုပြု ပါတယ်၊ အဆိုပြုတဲ့နေရာမှာ ရှည်ရှည်ဝေးဝေး လုပ်ထုံးလုပ်နည်း ဥပဒေအပိုဒ်ကြီး ငယ်တွေ ကိုးကားမနေဘဲ
(ဘုန်းကြီးနဲ့ တူတဲ့အတွက် – ဘုန်းကြီးပီသတဲ့အတွက် ဆရာတော် ဦးကုမာရ ဥက္ကဋ္ဌဖြစ်သင့်ပါတယ်လို့) ရှင်းရှင်းဘွင်းဘွင်းကြီး အဆိုပြု တင်ပြပါသတဲ့။

ဆရာတော် ဦးကုမာရ ဥက္ကဋ္ဌဖြစ်သင့်ပါတယ်၊ ဘာလို့ ဖြစ်သင့်လဲဆိုရင် ဘုန်းကြီးနဲ့ တူလို့-လို့ အဘိဓဇဆရာတော်ကြီးက လိုရင်းတိုရှင်း အကြောင်းပြ အဆိုပြုလိုက်တာပါ။

မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး အဆိုပြုတဲ့အတိုင်းပဲ အတည်ပြုပြီး မကွေးဆရာတော်ကြီးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တညီတညွတ်တည်း တင်မြှောက် ခန့်အပ်လိုက်ပါတယ်။

ဆရာတော်ကြီးအကြောင်းပြတဲ့ ” ဘုန်းကြီးနဲ့ တူလို့” ဆိုတဲ့အထဲ လုပ်ထုံးလုပ်နည်း စည်းကမ်းဥပဒေတွေ အကုန်လုံး အကျုံးဝင်သွားပါတယ်။
(ဘုန်းကြီးနဲ့ တူလို့- ဆရာတော် ဦးကုမာရ ဥက္ကဋ္ဌဖြစ်သင့်ပါတယ်ဆိုတော့ ကျန်တဲ့ဆရာတော်တွေက မကျေမနပ်နဲ့ ”တပည့်တော်တို့ကတော့ ဘာနဲ့ တူနေလို့လဲ ကိုယ်တော်”လို့ ဝိုင်းပြောကြသတဲ့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးက အဲလို ဝိုင်းပြီး အပြစ်တင်ကြတာတွေကို ပြုံးပြုံးကြီးနေပြီး တုန့်ပြန်ပါသတဲ့။ ဆရာတော့် အပြုံးထဲမှာ ဘာတွေရှိနေမလဲဆိုတာ ပုံဖော်ကြည့်ကြပေါ့ဗျာ- စကားချပ်)
မိမိတို့ အဘိဓဇဆရာတော်ကြီး မိန့်သလို အစမှာဆိုခဲ့တဲ့ ဂုဏ်ရည်များနဲ့ ပြည့်စုံတဲ့ (လူနဲ့ တူသူ၊ လူသားစိတ် ရှိသူ)များကို ရပ်/ကျေးခေါင်းဆောင်များ အဖြစ် ရွေးချယ်ပေးတတ်ကြစေဘို့ ရွာသားတစ်ယောက်အနေနဲ့ မေတ္တာ စေတနာများစွာဖြင့် တိုက်တွန်းပါရစေ။

မိုးနတ်သား