သတင်းအင်တာဗျူး

ဝီရသူကို သူတို့က လူကြမ်းကြီးအဖြစ်၊ လူဆိုးကြီးအဖြစ်ပဲ သူတို့က ကမ္ဘာ့ဇာတ်ခုံမှာ ပုံဖော်ချင်တာ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမျှော်လင့်ချက်)
ဆရာတော်ဦးဝီရသူရဲ့ အမျိုးသား နိုင်ငံရေးရှုမြင်ချက်တွေထဲမှာ ဆရာတော်ရဲ့ ဘဝအစိတ်အပိုင်းတွေကို အားလုံးသိ ရှိစေနိုင်ဖို့ကိုလည်း ရည်ရွယ်တင်ဆက်နေတာဖြစ်ပေမယ့် လတ်တလော ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကိုသာ ဦးစားပေး မေးလျှောက်ဖြစ်ခဲ့တာ ၃ ပတ်လောက်ရှိပါပြီ။ ဒီတစ်ပတ်မှာ တော့ ဆရာတော်ရဲ့ ဘဝအစိတ်အပိုင်းထဲက အရေးကြီးတဲ့ အချက်အလက်တစ်ချို့ကို မေးမြန်းဖြစ်ခဲ့ပြီး အောင်ဇေယျ တုဂျာနယ်စာဖတ်ပရိသတ်များအတွက် ၁၂ ပတ်မြောက်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

မေး- ပထမဆုံးမေးခွန်းအနေနဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် အရှင်ဘုရားကဦးစီးပြီး ထွန်စက်လှူမယ်လို့ သိထားရပါတယ်ဘုရး။အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းလေးပြောပြပေးပါဦးဘုရား။

ဖြေ- မောင်တောကိုရောက်တဲ့အခါကျတော့ တချို့ နတလရွာတွေက လယ်တွေတော့ရထားတယ်။ ထွန်စရာနွားမရှိဘူးပေါ့။
အဲဒီလိုရွာတွေက အများကြီးဆိုတော့ ထွန်စက်စခန်းဖွင့်ပြီးတော့ အဲဒီလိုရွာတွေကို လိုက်ထွန်မယ်ဆိုရင်တော့ ဒါတော်တော်များများ အလုပ်ဖြစ်မှာပေါ့။ တသီးပုဂ္ဂလအနေနဲ့ ထွန်စက်စခန်းဖွင့်ပြီးကုသိုလ်ပြုနေတဲ့ အဖွဲ့တွေလည်းရှိတယ်။
ဒါပေမယ့် ထွန်စက်က မလုံလောက်ဘူး။ အဲတော့ တခြားအဖွဲ့တွေက သူတို့လည်း ထွန်စက်စခန်းဖွင့်ပြီးတော့ အကျိုးပြုချင်ပါတယ်။
ထွန်စက် ၁၀ စီးလောက်ဆိုရင် ရပါတယ်လို့ အလှူခံတာပေါ့နော်။ အလှူခံတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ တချို့ရွာတွေက မိုးတွင်းမှ လယ်မြေရတာ။
အစိုးရက မိုးတွင်းရောက်မှ လယ်တွေချပေးလိုက်တယ်။ ထွန်ယက်စရာဘာမှမရှိဘူးဖြစ်နေတယ်။ အဲဒါဆိုရင်တော့ မထွန်ယက်နိုင်တဲ့ ပုံစံမျိုးကြီးတော့ မဖြစ်သင့်ဘူးဆိုပြီး ဦးဇင်းကနေပြီးတော့ ကမကထပြုပြီး ထွန်စက်တစ်စီးဖိုးမတည်ပြီးတော့ ကျန်တဲ့ဆရာတော်တွေကိုလိုက်အလှူခံတာပေါ့နော်။ ထွန်စက်ဆိုတာ ဒေါင်ဖန်းထွန်စက်ကလေးတွေပါ။
အခုအချိန်ထိတော့ ၆ စီးရပြီပေါ့နော်။
အလိုတော်ပြည့်ဓမ္မစရိယတက္ကသိုလ်က ဆရာတော်ဦးသုစိတ္တာဘိဝံသက တစ်စီး၊ တိပိဋကရမ္မာဝတီဆရာတော်ဦးဣန္ဒပါလက တစ်စီး၊ ရန်ကုန်မှာရှိတဲ့ ရခိုင်သဟာယအသင်းကြီးက နှစ်စီး၊ ဓမ္မဒူတအရှင်ဆေကိန္ဒက တစ်စီး၊ နောက် ဦးဇင်းက တစ်စီးပေါ့နော်။ အားလုံးပေါင်း ၆ စီးပေါ့။

မေး- ထွန်စက်တွေလှူချင်တယ်ဆိုရင် အရှင်ဘုရားဆီကို ဆက်သွယ်ပြီး လှူဒါန်းလို့ကော ရနိုင်ပါသလားဘုရား။

ဖြေ- ရပါတယ်။ ထွန်စက်တွေလည်း လိုအပ်နေတာဆိုတော့ ဆက်သွယ်လှူဒါန်းလို့ ရနိုင်ပါတယ်။

မေး- လောလောဆယ် အရှင်ဘုရားတာဝန်ယူလုပ်ဆောင်နေတဲ့ လောကအလင်းတို့၊ နဂါးနီစုဗူးအသင်းတို့ ရှိတယ်ပေါ့ဘုရား။
နောက် မဟာဝီရတို့၊ အတုမရှိဂျာနယ်တို့ကိုလည်း ထုတ်ဝေနေရတယ်။ ဒါ့အပြင် ရခိုင်လိုဒေသမျိုးတွေကိုလည်း မကြာခဏသွားလှူနေရတာပေါ့။
န၀ကမ္မငွေက လုံလောက်မှုကောရှိပါသလား။ တရားပွဲကလည်း အပိတ်ခံထားရတယ်ဆိုတော့လေ။

ဖြေ- လောကအလင်းအတွက်ကတော့ ဒီတစ်နှစ်စာရှိပါတယ်။ လာမယ့်နှစ်ဆိုရင်တော့ လောကအလင်းအတွက် ငွေမရှိတော့ဘူးပေါ့နော်။
နဂါးနီစုဗူးအသင်းကတော့ အသစ်မတိုးဘူးဆိုရင်တော့ မလိုဘူးပေါ့။ ဒါပေမယ့် စုဗူးအသစ်ဖောက်မယ်ဆိုရင်တော့ ငွေမရှိတော့ဘူးပေါ့နော်။
မဟာဝီရတို့၊ အတုမရှိတို့ လည်ပတ်နေတဲ့ငွေကလည်း များသောအားဖြင့် အရှုံးခံပြီး ထုတ်နေရတာဆိုတော့လေ များများစားစားကြီးမဟုတ်ရင်တောင်မှ လစဉ်လိုလို စိုက်ရတာပေါ့နော်။ အဲဒါတွေ ရှိတယ်။
တကယ်လို့ လာမယ်နှစ်မှာလည်း တရားတွေဘာတွေမဟောရဘူးဆိုရင်တော့ လောကအလင်းတို့ဘာတို့ အကုန်ရပ်သွားမှာပေါ့နော်။
လောလောဆယ်တော့ အရင့်အရင်နှစ်တွေက ဆုဆောင်းထားတဲ့ ငွေတွေတော့ရှိတာပေါ့။

မေး- ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်ခဲ့တဲ့ အညတရသူရဲကောင်းဆု ရရှိခဲ့တဲ့အကြောင်းနဲ့
အဲဒီတုန်းက အဖြစ်အပျက်လေးတွေ နည်းနည်းသိချင်ပါတယ်ဘုရား။

ဖြေ- အဲဒါဆုကိုပေးတာကတော့ ဂျပန်ပြည်ရောက် မြန်မာအင်အားစုကပေးတာပေါ့။ (၂၀၁၁ ခုနှစ်က) သူကတော့ ဆုတံဆိပ်လေးနဲ့ ဆုငွေဆယ်သိန်းနဲ့ပေါ့။ အဲဒီဆုကို ရွေးချယ်တာကတော့ ပြည်တွင်းက အတိုက်အခံပါတီကြီးNLD ပေါ့နော်။
အရွေးခြယ်ခံရတဲ့သူတွေကိုကြည့်လိုက်ရင်တော့ အကျဉ်းသားတွေချည်းပဲလေ။ အကျဉ်းထောင်ထဲရောက်ရှိနေပေမယ့် နိုင်ငံရေးဆက်လုပ်နေတယ် ဆိုကြပါစို့၊ စိတ်ဓာတ်ကျမသွားဘူဆိုတဲ့ ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီးပေးတာပေါ့နော်။ ထောင်ထဲရောက်နေသော်လည်းပဲ နိုင်ငံရေးဆက်လုပ် နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေပေါ့။

ဦးဇင်းဆုရခြင်းရဲ့ အကြောင်းကတော့ မြစ်ကြီးနားထောင်မှာ အကျဉ်းသားတွေစုပြီးတော့ ကဗျာတွေစပ်ကြတာလေ။
အဲဒီကဗျာတွေကို ဦးစီးတာကတော့ ဇာဂနာကြီးပေါ့။ ဇာဂနာကြီးဦးစီးပြီး ကဗျာတွေ ထုတ်တယ်။ အဲဒီကဗျာတွေကို ဒေါ်အောင်ဆန်းစုကြည်တို့
ဘာတို့ လက်ထဲရောက်အောင်ထည့်တာပေါ့လေ။ အဲဒီမှာ ပြောရမယ်ဆိုရင် မြစ်ကြီးနားထောင်က ကဗျာတွေ စာတွေက ပေါက်တယ်ပေါ့။
အဲဒီမှာ ဦးဇင်း အပတ်စဉ်ရေးတာက “အောင်ပွဲဆင်မည့် မေတ္တာရှင်အမေ” ဆိုပြီးတော့လေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်စဉ်ကနေ
ခု နောက်ဆုံး အကျယ်ချုပ်မလွတ်ခင်အထိပေါ့။ အဲဒါကို နိမိတ်ပုံတွေနဲ့ရေးပြီးတော့ နောင်တစ်ချိန်မှာ အောင်ပွဲဆင်ရမယ့်သူဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုရည်ရွယ် စပ်ဆိုထားတာပေါ့။ အဲဒါလေးတွေက ထိလည်းထိမိတယ်၊ အထောက်အထားလည်းခိုင်လုံတယ်၊ ပြည့်စုံတယ်ဆိုပြီးတော့ အဲဒီကဗျာလေးကိုအကြောင်းပြုပြီးတော့
အညတရသူရဲကောင်းဆုဆိုပြီးတော့ NLDကရွေးချယ်လိုက်တာပေါ့။
နောက် NLD ကရွေးချယ်တဲ့ အထဲမှာ မြစ်ကြီးနားထောင်က နှစ်ယောက်ပါတယ်။ ဦးဇင်းရယ်၊ ဇေယျာအောင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ရယ်ပေါ့။

မေး- အကျဉ်းကျနေတဲ့ကာလတွေတုန်းက NLDကိုထောက်ခံခဲ့ပြီးတော့ အခုအချိန်မှာတော့ ဆန့်ကျင်ဘက်ပုံစုံလိုဖြစ်သွားတာ
အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲဘုရား။

ဖြေ- အဓိကကတော့ အားမကိုးထိုက်တဲ့ အဖွဲ့အစည်းကြီးဖြစ်သွားတယ်ဆိုတာ သိသွားတာပေါ့နော်။ ဟိုအရင်တုန်းက ဘက်စုံအားကိုးထိုက်တဲ့ ပါတီကြီးဆိုပြီးတော့ တအားကြီးကို အထင်ကြီး၊ တအားကြီးကို မျှော်လင့်ထားခဲ့တာပေါ့။
အဲဒီလိုမျှော်လင့်ထားခဲ့သလိုပဲ ထောင်ကထွက်လာတဲ့အချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD စင်မြင့်ပေါ်ကနေပြီးတော့
ရွေးကောက်ပွဲအောင်နိုင်ရေးတွေကို အစိုးရတာဝန်ရှိသူတွေ စောင့်ကြည့်နေတဲ့ကြားကနေ ဦးဇင်းတို့က ၀န်းရံပေးခဲ့တာပေါ့။
၂ဝ၁၂ ဇွန်လ ၈ ရက် မောင်တောမြို့သိမ်းတိုက်ပွဲကိုအကြောင်းပြုပြီး NLD ပါတီကြီးက တစ်ခွန်းတစ်ပါဒမှ မဟတဲ့အချိန်ကစပြီးတော့ အမျိုးသားရေးရပ်တည်ချက်မရှိဘူးဆိုတာသိသွားပြီး
အမျိုးသားရေးရပ်တည်ချက်မရှိတဲ့ပါတီကို အားပေးလို့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့သူတွေ၊
ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးလိုလားတဲ့သူတွေက NLD ကိုထောက်ခံကြ၊ အမျိုးသားရေးကို လိုလားတဲ့သူတွေက ဦးသိန်းစိန်ကို ထောက်ခံကြဆိုတဲ့ပုံစံမျိုးနဲ့ လမ်းခွဲထွက်သွားတာပေါ့နော်။

မေး- အရှင်ဘုရား အခုရက်ပိုင်းအတွင်းမှာပဲ အမေရိကန်က ဘာသာရေးဖိနှိပ်မှုအထူးစိုးရိမ်ရတဲ့ နိုင်ငံတွေရဲ့စာရင်းကိုထုတ်ပြန်ပြီး မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားပါတယ်ဘုရား။
အဲဒီမှာ ထူးခြားတာက အရှင်ဘုရားရဲ့ နာမည်နဲ့ကိုပဲ ၀ီရသူနဲ့ မဘသအုပ်စုရဲ့ ခြိမ်းခြောက်မှုရှိနေတယ်လို့ကို သူတို့ရဲ့ အကြံပြုချက်တွေထဲမှာ ရေးထားတာတွေ့ရပါတယ်ဘုရား
အဲဒါနဲ့ပတ်သက်ပြီးတော့ကော ဘာများပြောချင်ပါသလဲဘုရား။

ဖြေ- တကယ်တမ်းပြောရရင်တော့ အမေရိကန်က တစ်ဖက်နားပေါက်နိုင်ငံကြီးဖြစ်တယ်လို့ ပြောရမှာပေါ့နော်။
မဘသက ဘယ်ဘာသာကိုမှ မဖိနှိပ်ဘူး။ ဘယ်ဘာသာမဆို မဘသက ကူညီဖို့အဆင်သင့်ပဲ။
မဘသ လုပ်ဆောင်နေတာတွေဟာ ဘာသာတရားကို ဖိနှိပ်ဖို့ မဟုတ်ဘူး။ လူမျိုးတွေကို ခွဲခြားဖို့ မဟုတ်ဘူး။
ကိုယ့်တိုင်းရင်းသူ တိုင်းရင်းသားတွေကို သူတစ်ပါးစော်ကားနေတာတွေ အစော်ကားမခံရအောင် ကာကွယ်တဲ့အဖွဲ့၊
ပြီးတော့ စော်ကားခံထားရသူတွေကို စာနာတဲ့အဖွဲ့၊ ကူညီတဲ့အဖွဲ့။ အဲဒီလိုကွဲပြားအောင်မကြည့်နိုင်ဘဲနဲ့
ကိုယ်ကလည်း စော်ကားသေးတယ်၊ ဦးအောင်လည်းတိုင်သေးတယ်၊ ဦးအောင်တိုင်တဲ့သူကို တကယ့်နစ်နာသူလို့ထင်ပြီး
ရပ်တည်ပြီးတော့ အဆုံးအဖြတ်မှားတဲ့ လူကြီးတွေလိုဖြစ်သွားတာပေါ့နော်။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။