သတင်း

ဝီရသူကို သူတို့က လူကြမ်းကြီးအဖြစ်၊ လူဆိုးကြီးအဖြစ်ပဲ သူတို့က ကမ္ဘာ့ဇာတ်ခုံမှာ ပုံဖော်ချင်တာ(၂)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးမျှော်လင့်ချက်)

မေး- အရှင်ဘုရား မဘသလို့ပြောလာတော့ လက်ရှိ မန်းမဘသရဲ့ဆိုင်းဘုတ်အခြေအနေနဲ့ လှုပ်ရှားမှုအခြေအနေက
ဘယ်လိုရှိပါသလဲဘုရား။
ဖြေ- မဘသဆိုင်းဘုတ်အခြေအနေကတော့ တစ်စုံတစ်ရာသော အနှောင့်အယှက်တွေလုံးဝမရှိတော့ပါဘူး။
လှုပ်ရှားမှုခြေအနေကတော့ ပုံမှန်ပါပဲ။ ပထမဆုံးခြေလှမ်းအနေနဲ့ ပခုက္ကူဘက်က ဆယ်လန်ရွာတို့
ရေနစ်မြှုပ်နေတဲ့ရွာတွေကို သွားရောက်ထောက်ပံ့ခဲ့တာပေါ့။ နောက် အပတ်စဉ်အစည်းအဝေးတွေထိုင်တယ်၊ ဘာသာကူးပြောင်းပွဲတွေလုပ်ပေးတယ်။ အနိုင်ကျင့်ခံရတဲ့သူတွေ လာရောက်အကူအညီ တောင်းတဲ့အခါ အလွယ်တကူဖြစ်အောင် ရုံးခန်းဖွင့်ပြီး အမှုလက်ခံတာတို့ အကြံဉာဏ်ပေးတာတို့၊ ငွေကြေးကူညီတာတို့ ရှေ့နေရှေ့ရပ်တွေနဲ့ ချိတ်ဆက်ပေးတာတို့လည်း ပုံမှန်ပြန်လုပ်နေပါပြီ။
မေး- ရခိုင်အရေးနဲ့ပတ်သက်ပြီး ပါတီပေါင်း ၂၀ က ရိုဟင်ဂျာမရှိကြောင်း တရားဝင် ထုတ်ပြန်ပေးဖို့နဲ့ ဘင်္ဂါလီတွေရဲ့အကြမ်းဖက်မှုကိုလည်း
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူပေးဖို့ တောင်းဆိုခဲ့သလို ရခိုင်ပြည်နယ်က မြို့နယ် ၁၅ မြို့နယ်ကလည်း
ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး အစိုးရက တာဝန်ယူပေးဖို့ တောင်းဆိုခဲ့တာတွေ့ရပါတယ်။ လက်ရှိအစိုးရအနေနဲ့
အဲဒီတောင်းဆိုချက်တွေကို ဘယ်လောက်အထိဆောင်ရွက်ပေးမယ်လို့ သုံးသပ်ချင်ပါသလဲဘုရား။
ဖြေ- ရခိုင်အရေးကို သူတို့အစည်းအဝေးထိုင်တာတော့ တွေ့တာပေါ့နော်။ အဲဒီအစည်းအဝေးမှာ သူတို့ဘာတွေ မှာကြားတယ်၊ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ မထုတ်ပြန်ဘူးပေါ့။ တကယ်တမ်းဆိုရင် သတင်းအဖြစ် အကျဉ်းချုပ်လောက်တော့ ထုတ်ပြန်သင့်တယ်လေ။
အခုဟာက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မှာကြားတယ် ဒီလောက်လေးပဲ၊ မှာကြားတဲ့ အချက်အလက်တွေမပါဘူးပေါ့။ စည်းဝေးဆုံးဖြတ်ချက် ချတယ်လို့ပဲပါတယ် ဘာတွေဆုံးဖြတ် တယ်လို့မပါဘူး။
အဲဒါတွေကိုထောက်သောအားဖြင့် ရခိုင်အရေးအတွက် ပွင့်လင်းမြင်သာမှုမရှိသေးဘူး၊ ဘာလုပ်ပေးမယ်လို့
ပြည်သူတွေကို အခုအချိန်ထိ ချပြရကောင်းမှန်းမသိဘူးလို့ပဲ ယူဆရတာပေါ့။
အဲတော့ ရခိုင်တွေကို စေတနာမရှိတာလား၊ ဒါမှမဟုတ် အချုပ်အခြာအာဏာကို အထိပါးခံတာလား။
အမျိုးသားရေးကို စိတ်မ၀င်စားတာလား နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို မေးချင်ပါတယ်။

မေး- တလောကပဲ ဒိုင်းမွန်းရွှေကြည်ရဲ့ ရုပ်သံဖိုင်တစ်ခုကို အရှင်ဘုရားရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်တာတွေ့ရပါတယ်ဘုရား။
ဆိုတော့ ၂၀၁၃ ခုလောက်ကဖြစ်မယ်ထင်ပါတယ်ဘုရား။ ကိုမြအေးတို့၊ ဒိုင်းမွန်းရွှေကြည်တို့နဲ့ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေးအတွက်
ဆွေးနွေးခဲ့ကြတာဆိုတော့ အဲဒီတုန်းက ဘာတွေဆွေးနွေးဖြစ်ခဲ့လဲ၊ အခုရော အဆက်အသွယ်လုပ်တာတွေ၊ ဆွေးနွေးတာတွေ ရှိသေးလား
သိချင်ပါတယ်ဘုရား။
ဖြေ- အဲဒီတုန်းက ဆွေးနွေးတာကတော့ ဦးဇင်းတို့ မွတ်ဆလင်အမျိုးအစားခွဲခြားပြီးတော့ နံပါတ်တစ်အမျိုးအစားမွတ်ဆလင်တွေကို မိတ်ဆွေအဖြစ်နဲ့ ဆိုကြပါစို့၊ တကယ့်ကို မိသားစုပမာ ချစ်ကြည်ရင်းနှီးစွာနေထိုင်သွားဖို့နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ဦးဇင်းတို့က ကူညီစောင့်ရှောက်ကြဖို့ပေါ့နော်။
နံပါတ်နှစ်မွတ်ဆလင်ဖြစ်တဲ့ အာရပ်ယဉ်ကျေးမှုကိုပဲမြတ်နိုးပြီးတော့ လက်ရှိတိုင်းရင်းသားတွေနဲ့ သဟဇာတမဖြစ်တဲ့ အမူအယာတွေနဲ့ နေထိုင်ကြတဲ့သူတွေကိုတော့ ဦးဇင်းတို့က စောင့်ကြည့်အဆင့်ထားတာပေါ့။
နံပါတ်သုံးကတော့ ဂျီဟတ်ဝါဒီ မွတ်ဆလင်တွေပေါ့။ မြန်မာနိုင်ငံကို အစ္စလာမ်မစ်စတိတ်ထူထောင်နိုင်ဖို့အတွက် နည်းမျိုးစုံ ကျင့်သုံးနေတဲ့သူတွေပေါ့။ သူတို့တွေကို နံပါတ်သုံးမွတ်ဆလင်အမျိုးအစားထဲမှာထားပြီးတော့ အနာဂတ်မှာ သူတို့ပေးမယ့် ဘေးအန္တရာယ်တွေ မြန်မာပြည်မှာ မကျရောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တာပေါ့၊ အဲဒီတော့ အမှတ်တစ်မွတ်ဆလင်တွေက ဘယ်လိုဘယ်ပုံဘယ်နည်းတွေ ရပ်တည်မယ်ဆိုတာတွေ၊ လှုပ်ရှားကြမယ်ဆိုတာတွေ ဆွေးနွေးခဲ့ကြတာပေါ့။ အဲဒါကတော့ ၂၀၁၃ ခုနှစ်တုန်းကပေါ့။
ဒီနောက်ပိုင်းမှာတော့ ဦးဇင်းနဲ့ ဒိုင်းမွန်းရွှေကြည်ကတော့ အဆက်အသွယ်လုံးဝ မပြတ်ဘူးပေါ့နော်။ ကိုမြအေး ဆေးရုံတက်ပြီးတဲ့နောက်ပိုင်းမှာတော့ အဆက်အသွယ်ပြတ်သွားတာပေါ့နော်။
ဒိုင်းမွန်းရွှေကြည်နဲ့ အဆက်အသွယ်မပြတ်တဲ့အတွက်ကြောင့် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ပေါ့။ တစ်ခုခုဖြစ်လာပြီဆိုရင် ဗိုင်ဘာနဲ့ဆက်သွယ်ဆွေးနွေးတာရှိသလို ဖုန်းနဲ့လည်း ဆက်သွယ်ဆွေးနွေးကြတာပေါ့။
မေး- ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ဒိုင်းမွန်းရွှေကြည်ကို မွတ်ဆလင်အသိုင်းအ၀ိုင်းက ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိသလို အရှင်ဘုရားကိုလည်းဝေဖန်တာတွေလည်း ရှိပါတယ်။ ဆိုတော့ ဆွေးနွေးမှုတွေ လက်တွဲဆောင်ရွက်မှုတွေဟာ ဘယ်အတိုင်းအတာလောက်ထိ အောင်မြင်မှုရှိနိုင်မလဲဘုရား။ ဆိုလိုတာက ဝေဖန်မှုကို ခံရတာနဲ့ ကာမိလောက်ရဲ့လားဘုရား။
ဖြေ- ပြောရမယ်ဆိုရင် ဒိုင်းမွန်းရွှေကြည်က မွတ်ဆလင်လူထုကို ကိုယ်စားပြုတာလည်းမဟုတ်ဘူးပေါ့နော်။ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်လည်းမဟုတ်ဘူး။
မွတ်ဆလင်တွေကို အုပ်ချုပ်တဲ့အဖွဲ့အစည်းထဲမှာလည်းမပါဘူး။ သူသည်သာမန်မွတ်ဆလင်တစ်ယောက်၊ မွတ်ဆလင်စီးပွားရေးသမားတစ်ယောက်ပဲဖြစ်တယ်ပေါ့။
ဒါပေမယ့် သူရပ်တည်ထားတာက အခြေခံလူတန်းစားမွတ်ဆလင်တွေပေါ့၊ အခြေခံလူတန်းစားမွတ်ဆလင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် သူရပ်တည်ထားတယ်။
အဲဒီလုံခြုံရေးအတွက် ဦးဇင်းနဲ့ ချစ်ကြည်ရေးယူတယ် ငြိမ်းချမ်းရေးတည်ဆောက်တယ်ပေါ့။ ဒီအတွက် မွတ်ဆလင်တွေက အဓမ္မကျင့်လိုက်လို့ ခံရတဲ့အမျိုးသမီးတွေကို တွေ့လာရင်လည်း သူကိုယ်တိုင်သွားကြည့်ပြီး ကူညီတာတွေရှိတယ်။ နောက်ဆုံး မွတ်ဆလင်အချင်းချင်းဖြစ်တယ်၊ နစ်နာတဲ့မွတ်ဆလင်က အကူအညီမဲ့တယ်ဆိုရင်လည်း သူက ကူညီပေးတာပေါ့နော်။ အဲဒီပုံစံမျိုးနဲ့ သူသွားနေတော့ ရှေးရိုးစွဲတွေ၊ တယူသန်တွေကတော့ ၀ီရသူနဲ့ပေါင်းတာမကြိုက်ဘူးပေါ့နော်။
ပြောမယ်ဆိုလို့ရှိရင် ၀ီရသူကို လူကြမ်းကြီးအဖြစ်၊ လူဆိုးကြီးအဖြစ်ပဲ သူတို့က ကမ္ဘာဇာတ်ခုံမှာပုံဖော်ချင်တာပေါ့။
ဝီရသူ ငြိမ်းချမ်းရေးလိုလားတယ်ဆိုတာ သူတို့က မမြင်ချင်ဘူး။ အဲဒါကို ဒိုင်းမွန်းရွှေကြည်က ငြိမ်းချမ်းရေးလိုလားသူအဖြစ်နဲ့လက်တွဲတဲ့အခါမှာ ၀ီရသူအပေါ်ကျရောက်နေတဲ့ဒေါသတွေက ဒိုင်းမွန်းရွှေကြည်ဆီကျရောက်သွားပြီးတော့ ဒိုင်းမွန်းရွှေကြည်နဲ့ မိသားစုပါ အမုန်းခံကြရတာပေါ့။

မေး- အမျိုးသားရေးညီအစ်ကိုမောင်နှမတွေအတွက် သြ၀ါဒစကားလေးမိန့်ပေးပါဦးဘုရား။
ဖြေ- မဟာဗျူဟာနဲ့ နည်းဗျူဟာတို့ ပြည့်စုံမှ အလုပ်တစ်ခု အောင်မြင် ပေါက်မြောက်တာပါ။
မဟာဗျူဟာရှိပေမဲ့ နည်းဗျူဟာ မလုံလောက်ရင် ကျရှုံးတတ်ပါတယ်။
ဒါကြောင့် အမျိုးသားရေးသမားတွေ မကျရှုံးရလေအောင် နည်းဗျူဟာပိုင်းကို အတက်နိုင်ဆုံး ပြင်ဆင်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။