သတင်း

ဘုရား၊ ကျောင်း၊ ရဟန်းအမကြီး အမေပြုံး အသက်(၉၂)နှစ် ဈာပန

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်၊ အကွက်(၅၄၆)ရပ်ကွက်နေ ဦးသိန်းဝင်း+ဒေါ်ကြိုင်ကြိုင်၊ ဦးသန်းဝင်း+ဒေါ်တင်တင်အုန်းတို့၏ မိခင်ကြီး အမေပြုံးရဲ့ ဈာပနပါ။ အသက်(၉၂)နှစ်ရှိပါပြီ။ မသေခင်တဖွဖွပြောခဲ့တဲ့ သက်သောင့်သက်သာ ပုံစံနဲ့ပဲ ကွယ်လွန်ခဲ့တာပါ။

သုသာန်ရောက်မှ သရဏဂုံတင်ပေးပါလို့ မှာခဲ့ပါတယ်။ အခြားသော သုသာန်ဝန်းကျင်မှာ ရှိကြတဲ့ မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေလည်း အမျှဝေတဲ့အခါ သာဓုခေါ်လို့ရအောင် ချမ်းသာသုခရအောင် အမျှပေးဝေပြီးသားဖြစ်တာကို ရည်ရွယ်ပြီး သားကြီးဦးသိန်းဝင်း သမီးဒေါ်တင်တင်အုန်းနှင့် မြေးမြစ်တစ်စုကလည်းပဲ မိခင်ကြီးဒေါ်အုန်း မှာခဲ့တဲ့အတိုင်းပဲ တောင်အင်း မြောက်အင်းသုသာန်မှာ သရဏဂုံတင်ပြီး အမျှအတန်း ပေးဝေပါတယ်။

အမေပြုံးတို့မိသားစုဟာ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာများဖြစ်သလို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့ မျိုးချစ်မိသားစုလည်း ဖြစ်ပါတယ်။ အမေပြုံးမရှိတော့ပေမဲ့ သားသမီးမြေးမြစ်တွေကတော့ အမေပြုံးလိုပဲ နောက်ဆုံးထွက်သက်အထိ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် သွားမည့်သူတွေဖြစ်ပါတယ်။

မြတောင်ကျောင်းတိုက် ရတနသိဒ္ဓိကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝေပုလ္လမထေရ်ကြီးက သီလပေးရေစက်ချ ပြုလုပ်ပါတယ်။
အသက်(၉၂)နှစ်အရွယ်မှ ကွယ်လွန်ခဲ့တာဖြစ်လို့ အမေပြုံးတစ်ယောက်တော့ လူ့ပြည်မှာ လူဖြစ်ရကျိုး နပ်ခဲ့ပါပြီ။
အသက်လည်းကုန် ကံလည်းကုန် ဥဘယက္ခယ သေဆုံးခြင်းမျိုးနဲ့ သေဆုံးခဲ့တာဖြစ်လို့ ကျန်ရစ်သူ မိသားတစ်စုမှာတော့ တရားနဲ့ နှစ်သိမ့်ဖြေသိမ့် နိုင်ခဲ့ကြပါတယ်။ အားလုံးသော သတ္တဝါတွေ အမေပြုံးလိုပဲ တာဝန်ကျေစွာ သက်သောင့်သက်သာနဲ့ နောင်ဘဝသို့ ကူးမြောက်နိုင်ပါစေ။