သတင်း

သစ္စာမဲ့သော နိုင်ငံရေး

စာရေးသူ အိုးဘိုထောင်မှာ နေရစဉ်က ဖြစ်သည်။ တစ်နေ့နှင့်တစ်နေ့ အလုပ်လုပ်စရာဟူ၍ မည်မည်ရရ မရှိသောကြောင့် အိပ်မက်များ ခဏခဏ မက်လေ့ရှိ၏။  အကြောင်းမှာ အိပ်မက်မက်ရန် အချိန်ရရှိနေသောကြောင့်တည်း။

တစ်ညတွင် ရွှေပါရမီတောရ ဆရာတော်လေး အရှင်ဆန္ဒာဓိကအကြောင်း အိပ်မက်မက်လေသည်။ အိပ်မက်ထဲတွင် ဒဏ်ရာဒဏ်ချက်များ ရရှိထားသည်ကို တွေ့ရ၏။ ၄င်းနှင့်အတူ ဦးပဉ္စင်းတစ်ပါးလည်း ပါဝင်သည်ကို တွေ့ရသည်။ မနက်လင်းသည့်အခါ စာရေးသူ၏ ကပ္ပိယလေး ကြေးရုပ်အား ပြောကြားမိသွား၏။

“ဟေ့ကောင်… ကြေးရုပ်. အရှင်ဆန္ဒာဓိကအကြောင်း အိပ်မက်မက်တယ်ကွ။ သူ.. ဘာများဖြစ်သလဲ မသိဘူး။ အိပ်မက်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ကွ။” “စိတ်စွဲရအောင်လည်း ငါ… သူ့အကြောင်း မတွေးမိဘူးကွ။”

၎င်းနေ့ သတင်းစာများ ၀င်လာသည့်အခါ အရှင်ဆန္ဒာဓိကနှင့် ရဝေနွယ်တို့ ဗောဓိတစ်ထောင်မှာ ဓာတ်လှေကား(၀န်ချီစက်) ပြုတ်ကျသည့်သတင်း ပါလာလေသည်။ ထောင်သားများက စာရေးသူအား အံ့သြသွားကြ၏။

ထိုအခါ စာရေးသူက အရှင်ဆန္ဒာဓိကထံ အားပေးစကား ပြောကြားသည့်အနေဖြင့် ထောင်ဝန်ထမ်းများမသိအောင် တိတ်တဆိတ် စာတစ်စောင် ရေးထုတ်လိုက်လေသည်။ ထိုအချိန်သည် အရှင်ဆန္ဒာဓိကနှင့် ရဝေနွယ်တို့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် ဖြစ်၏။ ဆရာတော်လေးများကို လာရောက်ဖူးမြော်ကြသည့် ပြည်သူများကား ဘုရားပွဲတမျှ စည်ကားသောဟု ဆို၏။

စာရေးသူထံ ထောင်ဝင်စာ အမြဲလာတွေ့သော တပည့်မောင်ဝင်းညွန့်(ဆံရှည်) အား အသေအချာမှာလိုက်ပါသည်။ “အရှင်ဆန္ဒာဓိကထံ ရောက်အောင်သွား။ သူ့လက်ထဲ စာရောက်အောင်ပို့” ဟူ၍ ဖြစ်သတည်း။

တပည့်မောင်ဝင်းညွန့်ရောက်ရှိစဉ် အရှင်ဆန္ဒာဓိက က သွားတိုက်နေသည်ဟု ဆို၏။  စာရေးသူက စာပေးလိုက်ကြောင်း လျှောက်ထားသည့်အခါ လိုလိုလားလားပင် ဖွင့်ဖတ်သည်ဟု ဆို၏။

ထိုစဉ်…. SB လိုလို၊ ထောက်လှမ်းရေးလိုလို အရာရှိတစ်ဦး ရောက်လာသောကြောင့် ဖတ်လက်စ စာကို ပြီးအောင်မဖတ်ဘဲ ခေါက်သိမ်းလိုက်ကာ “ဘယ်လိုနေရလဲ” “ဘာတွေလုပ်နေလဲ” “ ကျန်းမာရေးကောင်းရဲ့လား” စတာတွေ မေးပြီးတဲ့အဆုံးမှာ တပည့်မောင်ဝင်းညွန့်က အလိုက်တသိ ပြန်လာခဲ့သည်ဟု ဆိုပါသည်။ အရှင်ဆန္ဒာဓိကနှင့် တွေ့ဆုံစဉ် ရဝေနွယ်က အိပ်မောကျနေသောကြောင့် မလျှောက်ထားခဲ့ရဟု ဆိုပါသည်။

၎င်းနောက် စာရေးသူ မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါ ညီတော်မောင် အရှင်ရာဇိန္ဒ (ရဝေနွယ်လေး) ရောက်ရှိလာပါသည်။  စာရေးသူ၏ ကျန်းမာရေးအတွက် န၀ကမ္မလှူဒါန်းကာ စာရေးသူအား သတိပေးသွားပါသည်။

“နောက်နောင် ထောင်နှင့် ရင်းရမည့်အလုပ်မျိုး မလုပ်စေချင်ပါ၊ ထောင်ထဲရောက်သွားသူသာ ခံစားရသည် မဟုတ်ပါ။ သာသနာကို ချစ်မြတ်နိုးသည့် ရဝေနွယ်တို့လို ရှင်ကောင်း၊ ရဟန်းကောင်းတွေလည်း အကျဉ်းကျသွားသူနှင့်ထပ်တူ ခံစားရသောကြောင့် နောက်နောင်မလုပ်စေခြင်း ဖြစ်ပါသည်” ဟု သတိပေးခြင်းဖြစ်ပါသည်။

ထို့အပြင် ထောင်အကြောင်း အတွေ့အကြုံများကို စာရေးသားဖို့လည်း တိုက်တွန်းသွားပါသည်။ ထိုအခါ စာရေးသူက လောလောဆယ် ထောင်ထဲမှာရေးခဲ့သော “အကျဉ်းစံအရှုံးသမား၏ အညှဉ်းခံနှလုံးသား” စာအုပ်ရေးထားကြောင်း ပြောလိုက်ပါသည်။

ရဝေနွယ်က ” ဒါဆိုရင် တပည့်တော်ကို ပေးပါ။ တပည့်တော် ကုန်ကျစရိတ် လှူပါ့မယ်။ တပည့်တော် ထုတ်ဝေပေးပါမယ်” ဟု လျှောက်လေသည်။  စာရေးသူလည်း ၀မ်းသာအားရဖြင့် ၄င်းစာမူကို အီးမေးလ်မှတစ်ဆင့် ပေးပို့လိုက်ပါသည်။

အရှင်ဆန္ဒာဓိက အမေရိကမှာ သီတင်းသုံးသည်။ မနက်တိုင်း သူ့ဆီကို ဖုန်းဆက်သည်။ အရှင်ဆန္ဒာဓိက ဖုန်းဆက်လာသည့်အခါ အရှင်ဆန္ဒာဓိကနှင့် တိုင်ပင်ပြီး စာအုပ်ထုတ်ပေးမည် ဆို၏။ (ထောင်ထွက်ကြီး ၀ီရသူမှာ စာအုပ်ထုတ်စရာပင် ငွေမရှိခဲ့ပါ။) စာရေးသူနှင့် ညီတော်မောင် ရဝေနွယ် ရေစက်ရှိသည်ဟု ဆိုရမည်။ စာရေးသူက ရန်ကုန်အသွား သူက ရန်ကုန်အပြန်၊ လေယာဉ်ပေါ်မှာ ထိုင်ခုံချင်းကပ် ပြန်ဆုံတွေ့ကြပါသည်။  စာပေ အကြောင်းလည်း ဆွေးနွေးဖြစ်ကြပါသည်။ ဘာသာ၊ သာသနာအကြောင်းလည်း ပြောဖြစ်ကြပါသည်။

ညီတော်မောင် ရဝေနွယ်ရေးသည့် စာအုပ်များထဲက စာရေးသူသိချင်သည့် ဇာတ်လမ်းလေးများ အဆုံးသတ်သွားပုံကိုလည်း စာရေးသူက မေးပါသည်။ ၄င်း၏ စာအုပ်ထဲ၌ အာမေဍိတ်အဖြစ် ‘ဘုရားတ’ ကြသည့်အခါမျိုး ရေးသည့်အခါ “အမလေး…. ဘုရား.. ဘုရား.. “ဟု မရေးဘဲ “ဘုရားရေ…”ဟု တစ်ခွန်းတည်း ရေးသည့်ကိစ္စ ဖြစ်၏။ စာရေးသူ မှတ်မိသလောက် ထိုသို့ရေးသည်မှာ စာရေးဆရာမ ဂျူး ဖြစ်သည်ဟု သတိထားမိခြင်းဖြစ်ပါသည်။  ထိုသို့မရေးသင့်ကြောင်း ပြောဖြစ်ပါသည်။

ပါဠိစာပေမှာ “ရေ” ဟူသည့် အာလုပ်ပုဒ်သည် မိမိထက် နိမ့်ကျသူများကို ခေါ်ဆိုရာ၌ သုံးစွဲသည့်စကား ဖြစ်ပါသည်။
ဥပမာ – မိဘက သားသမီးကို သားရေ…၊ သမီးရေ…. ဟု ခေါ်ဆိုသလိုမျိုး၊ ဆရာက တပည့်ကို မောင်ဖြူရေ…၊ မနီရေ….ဟု ခေါ်ဆိုသလိုမျိုးဖြစ်၏။

ဘုရားရေ…ဟု တမ်းတခြင်းသည် မိမိဘုရားကို မိမိအောက် ဆွဲသွင်းခြင်းဖြစ်ကြောင်း ရဝေနွယ်အား ရှင်းပြလိုက်ပါသည်။
ညီတော်မောင်လေးက ပျော့ပြောင်းပါသည်။ ယနေ့အထိ ရေးသားသည်ကို မတွေ့ရတော့ပါ။

စကားစ ပြတ်သွားပြီးသည့်နောက်ပိုင်း ရဝေနွယ်လေး စာဖတ်နေပါသည်။ အမှတ်တမဲ့ ကြည့်ဖြစ်သွားပါသည်။ စာအုပ်ကို သတင်းစာဖြင့် ကွယ်ပြီး ဖတ်သောကြောင့် ထောင်ထွက်ပီပီ စူးစမ်းကြည့်မိသွားခြင်းဖြစ်ပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ “ပိတောက်ပွင့်ဆဲ၊ လသာဆဲ”၀တ္ထုစာအုပ် ဖြစ်နေပါသည်။ စာရေးသူက ပြုံးလိုက်၏။

ဝိပဿနာသမားကလည်း ၀တ္ထုဖတ်သားပဲဟု ပြောမိပြီးသား ဖြစ်သွား၏။ ၄င်းနောက် စာရေးသူကပင် “အဲ့ဒီစာအုပ်ကောင်းတယ်၊ အဲ့ဒီစာအုပ်ဖတ်ပြီးရင် မမဝေကြီးကို လွမ်းကျန်နေရစ်တယ်။ ကောင်လေးကို မမဝေစွဲလန်းတာလည်း မပြောနဲ့။ ကောင်လေးက စာပေသမား အနုပညာသမားပီပီ အလင်္ကာမြောက်အောင် ဖွဲ့နွဲ့တတ်တာကိုး။”

“ကောင်လေးနဲ့ မမဝေတို့ ညနေစောင်းတွင် ရေကန်ဘေးမှာ ထိုင်နေသည်။ သူတို့နှစ်ယောက်အရိပ်က ရေပြင်ပေါ်မှာ ကျနေသည်။ကောင်လေးက ရေပြင်မှာထင်နေသည့် မမဝေပုံရိပ်ကို စိုက်ကြည့်နေလျက် စိတ်ထဲ၌ လမင်းကြီးနှင့် မမဝေကို ခိုင်းနှိုင်းနေ၏။ ဘာကြည့်နေတာလဲဟု မမဝေက မေးသည့်အခါ ကောင်လေးက ဖြေပါသည်။ လမင်းကြီးကိုကြည့်နေတာဟုဖြေ၏။ ထိုအချိန်၌ လမထွက်သေးပါ။ထိုအခါ မမဝေက ဘယ်မလဲလမင်းကဟု မေးလိုက်လေသည်။ ကောင်လေးက ရေပြင်ပေါ်က မမဝေပုံလေးကိုပြကာ ဒီမှာလေဟုဖြေလိုက်၏။ မမဝေ ဟတ်ထိသွားပေပြီ။´´

ဤ အခန်းကို မှတ်မိသောကြောင့် ဤ စာအုပ်ကို မှတ်မိနေခြင်းဖြစ်ပါ၏။ ဤသို့ဖြင့် ညီနောင်နှစ်ပါး ဖုန်းဖြင့်သာ ဆက်သွယ်မိကြသလို ညီတော်မောင် နိုင်ငံခြားရောက်သွားသည့်အခါ ညီတော်မောင်၏ ကပ္ပိယ ကိုလင်းဇော်ထက်နှင့်သာ စာအုပ်ထုတ်ဝေရေး လုပ်ဆောင်ရပါသည်။

မူလက ရဝေနွယ်၏ ကောင်းမှုဖြင့် စာအုပ်ထုတ်ဖို့ ရည်ရွယ်ထားသော်လည်း စာအုပ်တော့ ထုတ်ပေးမည်။ ဘွဲ့အမည်တော့ မထည့်ပါနှင့်ဟု ညီတော်မောင်က ဆိုလာ၏။

စာရေးသူက စဉ်းစားသည်။ အကျဉ်းစံအရှုံးသမား၏ အညှဉ်းခံနှလုံးသားဟူသော စာအုပ်ခေါင်းစဉ်အရ စာရေးသူ၏ ထောင်အတွေ့အကြုံထင်ကာ ထုတ်ပေးဖို့ စိတ်ကူးမိဟန်တူ၏။ စာအုပ်ထဲ၌ ဘုရားလောင်း အကျဉ်းစံခံရသည့် ဇာတ်တော်မှစ၍ သီပေါမင်း ပါတော်မူခြင်း၊ ရတနာဂီရိမှာ အကျဉ်းစံရခြင်းအလယ်၊ ဗိုလ်ချုပ်ခင်ညွန့်တို့ အရေးနိမ့်ပြီး အကျယ်ချုပ်ကျခံနေရခြင်း၊ ၄င်း၏တပည့်များ ထောင်လောကဓံ ခံစားနေရခြင်းများကို ရေးဖွဲ့ထားခြင်းများကို ဖတ်မိသွားသည့်အခါ ဗိုလ်ချုပ်ခင်ညွန့်တို့ အကြောင်းတွေ ပါဝင်နေသဖြင့် ကုသိုလ်ရှင်အမည်နာမ မသုံးစွဲတော့ဘဲ စာအုပ်သက်သက် ရိုက်နှိပ်ပေးလိုက်ခြင်း ဖြစ်ဟန်တူသည် ဟု စဉ်းစားမိခြင်းဖြစ်ပါသည်။

ဤသို့ဆိုလျှင် ရွှေပါရမီတောရဆရာတော်လေးနှင့် ညီတော်မောင် ရဝေနွယ်တို့၏ စိတ်ရင်းသဘာဝကို အထင်းသား တွေ့မြင်ရပေလိမ့်မည်။ သူတို့သည် စာပေသမားများ ဖြစ်သည့်အားလျော်စွာ ရသစာပေ၊ သုတစာပေစသည်များကို အချိန်ရလျှင် ရသလို လေ့လာသည်။ ဓမ္မကထိကများ ဖြစ်သည့်အားလျော်စွာ ပိဋကတ်ကျမ်းဂန်များကို တာဝန်တစ်ရပ်အနေဖြင့် လေ့လာသည်။ ၀ိပဿနာသမား ဖြစ်သည့်အလျောက် နားအေးပါးအေးပင် နေလိုပုံရသည်။ နိုင်ငံရေးအရှုပ်အထွေးနှင့် ပတ်သက်ချင်ပုံမရပါ။ ထို့အတူ နိုင်ငံရေးအပူမီးတွေ အကူးအစက် ခံလိုပုံမရပါ။

ထို့ကြောင့်သာလျှင် အရှင်ဆန္ဒာဓိကသည် စာရေးသူ၏ စာကို ပြီးဆုံးအောင်မဖတ်ဘဲ အစိုးရတာဝန်ရှိသူတစ်ဦး၏ ရှေ့တွင် ခေါက်သိမ်းကာ စကားလမ်းကြောင်း ပြောင်းသွားခြင်း ဖြစ်ပေလိမ့်မည်။

ထို့အတူ ညီတော်မောင် ရဝေနွယ်သည်လည်း ဗိုလ်ချုပ်ခင်ညွန့်တို့အကြောင်း ပယ်ပယ်နှယ်နှယ်ကြီး ရေးသားထားသည့် စာအုပ်ကို နာမည်ခံပြီး ထုတ်ဝေလိုက်လျှင် အရှုတ်ထုပ်များ ရှင်းနေရမည် စိုးသောကြောင့် စာအုပ်အလှူရှင်ကို ကမ္ပည်းမတင်တော့ခြင်း ဖြစ်ပေလိမ့်မည်။

ယခုအခါ ကိုယ့်တရားနှင့်ကိုယ် နားအေးပါးအေး နေသော ဆရာတော်လေးများကို နိုင်ငံရေးသမားများက ဟိုအကွက်၊ ဒီအကွက် ဖန်တီးကာ နိုင်ငံရေးလောကထဲသို့ မသိမသာ ခေါ်သွင်းလာသည်ကို တွေ့ရပေသည်။ ထို့ကြောင့်ပင် ပုဂ္ဂိုလ်ရေးရာ ချီးမွမ်းခန်းများ ထုတ်မိသည်က တစ်မျိုး၊ အဖွဲ့အစည်းတစ်ခုကို ကျောထောက်နောက်ခံ ပြုမိသည်က တစ်ဖုံ၊ သိမ်ရေစက်ချပွဲမှာ အမြင်တူသူဟု ယူဆသည့် သံဃာတော်များကို ပင့်၍ တစ်နည်း။ နောက်ဆုံး….. ချိတ်ထမိန် သုတ္တန်ဟောကြားသည့် အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးသမားမည်သည် သံဃာတော်များကို ဆည်းကပ်သည့်အခါ နိုင်ငံရေးမျက်စိ၊ စီးပွားရေးမျက်စိဖြင့်သာ ဆည်းကပ်တတ်ကြပါသည်။ နိုင်ငံရေးအရ စည်းရုံးချင်၍ ဖြစ်စေ၊ အသုံးချလို၍ ဖြစ်စေ၊ ကိုယ်ကျိုးရှာလို၍ ဖြစ်စေ၊ ချဉ်းကပ်တတ်ကြပါသည်။ ရည်ရွယ်ချက် မကောင်းလှပါ။ နိုင်ငံရေးသမားဆိုလျှင် အရပ်သားပင်ဖြစ်စေ၊ စစ်သားပင်ဖြစ်စေ ထိုရည်ရွယ်ချက်နှစ်မျိုးဖြင့် ချဉ်းကပ်သည်မှာ ဓမ္မတာပင်တည်း။

ဆရာတော်လေးနှစ်ပါး ကိုယ့်တရားနှင့်ကိုယ် နားအေးပါးအေး နေထိုင်စေလိုပါသည်။ ဆရာတော်လေးနှစ်ပါးကို အပူအပင်တွေ မကပ်စေလိုပါ။ နိုင်ငံရေးဟူသည် စာရေးသူကဲ့သို့သော စိတ်ကြမ်း၊ ကိုယ်ကြမ်း၊ အမိုက်ခံ၊ အမုန်းခံ၊ ထောင်ထွက်ကြီးမျိုးနှင့်သာ လိုက်ဖက်သည့် အလုပ် ဖြစ်ပါ၏။

ထို့အပြင် နိုင်ငံရေးသမားတွေသည် သစ္စာမရှိလှပါ။ ကျေးဇူးတရားလည်း မသိကြပါ။ သူတို့အသုံးချ၍ ရလျှင် ပြုံးပြုံး ပြုံးပြုံးနှင့် ဘုန်းဘုန်း…. ဘုန်းဘုန်းခေါ်တတ်ကြသော်လည်း သူတို့ အသုံးချ၍ မရသည့်အခါ ၊ သူတို့ကို ဝေဖန်ထောက်ပြလာသည့်အခါ၊ သူတို့နှင့်အမြင်မတူတော့သည့်အခါတို့၌ကား ပြုံးပြုံး ပြုံးပြုံးလည်း မလုပ်နိုင်တော့ပါ။ ဘုန်းဘုန်း ဘုန်းဘုန်း လည်းမခေါ်နိုင်တော့ပါ။ မုန်းတုန်းမုန်းတုန်းနှင့် ကတုံး…ကတုံးဟုသာ ရေရွတ်နိုင်ပါတော့သည်။

ဤသည့်အကြောင်းမျိုးကို ရွှေပါရမီတောရ ဆရာတော်လေး အရှင်ဆန္ဒာဓိကနှင့် ညီတော်မောင် ရဝေနွယ် အရှင်ရာဇိန္ဒတို့အား အထူးသဖြင့် သိစေချင်ပါသည်။ ဆရာတော်လေးနှစ်ပါး၏ ဒကာရင်း၊ ဒကာမရင်းများလည်း ဆရာတော်လေးနှစ်ပါးကို ၀ိုင်းဝန်းထိန်းသိမ်း ကာကွယ်၊ စောင့်ရှောက် စေလိုပါသည်။
အကြောင်းမှာ… ရွှေဝါရောင် သံဃာတော်များကဲ့သို့ ဒီမိုကရေစီ၏ ကျေးဇူးရှင် သံဃာတော်များ၏ ကျေးဇူးကိုပင် လုံးဝမငဲ့ညာဘဲ ရွှေဝါရောင်သံဃာတော်များကို ချောင်ထိုးကာ ရွှေဝါရောင်တော်လှန်ရေးဖြစ်စဉ်ကြီးကို မသိကျိုးကျွံပြုနေကြသည့် နိုင်ငံရေးသမားတို့၏ ကျေးဇူးကန်းမှုမျိုးနှင့် ဆရာတော်လေးနှစ်ပါး မတွေ့ကြုံစေလိုသောကြောင့်တည်း။

ထို့အပြင်… ဆရာတော်ဦးဥတ္တမကဲ့သို့ မြှောက်စားခံရပြီးမှ အကြဉ်ခံ၊ အပယ်ခံရကာ မိုးရွာထဲ လမ်းမပေါ် လဲကျရသည့်အဖြစ်မျိုး မည်သည့် သံဃာတော်မျှ မတွေ့ကြုံစေလိုသောကြောင့်တည်း။

ကျမ်းကိုး- – အာဝုသောတိ သမဏဿ သမဏာနံ ၀ါ အာလပနေ။ (အာဝုသော ဆိုတာ ရဟန်းအချင်းချင်း ခေါ်ဝေါ်ရသည့် အသုံးအနှုန်းပါ။ မြန်မာလို ငါ့ရှင် … ဟု ဆိုလို၏။)

– အမ္ဘောတိ မဟာပုရိသာနံ အာလပနေ။ (အမ္ဘော ဆိုတာ မြင့်မြတ်သူတို့ကို ခေါ်ဆိုသည့် အာလုပ်ပုဒ်ပါ။ မြန်မာလို အချင်း…. ၊ အမောင်….၊ သူငယ်ချင်း….၊ ခင်ဗျား…. ဟု ဆိုလို၏။)

– ရေ အရေ ဟရေ တိ ဟီနဿာလပနေ။ (ရေ… အရေ… ဟရေ … ဆိုတာ ယုတ်ညံ့သူများကို ခေါ်ဆိုသည့် အာလုပ်ပုဒ်ဖြစ်၏။ ဟေ့ကောင်….၊ ဟေ့ကောင်မ…၊ အဓိပ္ပာယ်ရ၏။)

– ဇေတိ ဒါသိယာလပနေ။ (ဇေ… ဆိုသည်မှာ ကျွန်မကို ခေါ်ဆိုသည့် အာလုပ်ပုဒ်ဖြစ်၏။ ဟဲ့…အိမ်ဖော်လာစမ်း၊ ဆိုသည်မျိုးဖြစ်၏။ ရူပသိဒ္ဓိဋီကာ စာမျက်နှာ – ၈၁၊ နေပါတိက ပဒ ၀ဏ္ဏနာ)

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
၇-၁-၂၀၁၈
၈း၃၉ pm