သတင်း

ဝီရသူရှိနေသရွေ့ မဘသ ရှိနေမယ်

၁။
သာသနာသန့်ရှင်းရေးဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ပါရာဇိကကျလောက်အောင် ကျူးလွန်ထားကြောင်း အထောက်အထားတွေရှိလို့ သန့်ရှင်းရတာမျိုး၊ ကြည်ညိုဖွယ်မဆောင်လို့ သန့်ရှင်းရတာမျိုး ဒါဟာ ဝိနည်းကြောင်းနှင့်ဆိုင်ပါတယ်။

ဒုတိယတစ်မျိုးက စီးပွားရေးလုပ်နေသလား?  ဥပမာ ချဲဒိုင်ခံသလား၊ ကုမ္ပဏီထောင်နေသလား၊ ငွေတိုးပေးစားနေသလား၊ ဗေဒင်ဟောစီးပွားရှာနေသလား၊ ဆေးကုစီးပွားရှာနေသလား စတဲ့ စီးပွားရေးနဲ့ ပတ်သက်တာတွေပါပဲ။ ဒါတွေကိုလုပ်တာလည်း နည်းလမ်းတွေအများကြီးရှိပါတယ်။

ဝိနည်းကြောင်းအရ သန့်ရှင်းချင်တယ်ဆိုရင် ဂရုကအာပတ်(ပါရာဇိက) ကျူးလွန်သူကို ရှင်းလင်းသုတ်သင်ရေးပါ။ နောက်တစ်ခုက ရဟန်းသာမဏေနဲ့မလျော်တဲ့ အနေအထိုင်မျိုး ဥပမာ မွန်းလွဲချိန် လက်ဘက်ရည်ဆိုင်တွေမှာထိုင်တာမျိုး၊ အရက်ဆိုင်တွေမှာထိုင်တာမျိုး၊ အရက်သေစာ သောက်စားတာမျိုး၊ ဈေးထဲ သို့မဟုတ် ဘုရားထဲ လူမှန်သမျှ သပိတ်ထိုးခံ လက်တို့အလှူခံ တောင်းရမ်းနေတဲ့ ကိုယ်တိုင်သင်္ကန်းဝတ်တောင်းစားနေသူများ၊ အဲဒါတွေကတော့ ဝိနည်းကြောင်းအရ သန့်ရှင်းထိုက်သူတွေပါ။
စီးပွားရေးအရတော့ လုပ်စရာတွေအများကြီးပါပဲ။ စီးပွားရေးလုပ်နေတဲ့ဘုန်းကြီးတွေပေါ့။

အဲဒါတွေအကုန်လုံးကို သန့်ရှင်းပစ်မယ်ဆိုတာ ကောင်းပါတယ်။ ပထမဦးဆုံး သန့်ရှင်းရမှာက ဝန်ကြီးနားကဆရာတော်ကြီးတွေပါ။ သူတို့ကို ဝိနည်းကြောင်းအရရော၊ စီးပွားရေးအရရော အရင်စစ်ဆေးသင့်ပါတယ်။ အကူအညီလိုအပ်ရင် အများကြီးပေးပါမယ်။

၂။
နောက်တစ်ခုက ပရိယတ္တိ(ဂန္ထဓုရ) ပဋိပတ္တိ(ဝိပဿနာဓုရ)ပဲ လုပ်ရမယ်။ တစ်ခြားအရာတွေ မလုပ်ရဘူးလို့ ဝန်ကြီးဆိုတယ်။
ဝန်ကြီးနားကဆရာတော်ကြီးတွေထဲမှာ စာချတာ ဘယ်နှစ်ပါး ပါပါသလဲ၊ တရားပြတာ ဘယ်နှစ်ပါး ပါပါသလဲ၊ ကမ္ဘာအေးဆရာတော်တွေ လုပ်တဲ့အလုပ်ဟာ ဓုရနှစ်ဖြာထဲ ပါပါသလား။

ဒါကိုလည်း အရင်စဉ်းစားရမယ်။ မဘသ ဆရာတော်ကြီးတွေထဲမှာ လက်ညှိုးထိုးမလွဲ စာချဆရာတော်ကြီးတွေ၊ တရားပြဆရာတော်ကြီးတွေ ပေါမှပေါပါပဲ။ ဥပမာ ရွာမဆရာတော်ကြီး ပရိယတ္တိဒိတ်ဒိတ်ကျဲပါ။ ဇွဲကပင်ဆရာတော်ကြီး ပဋိပတ္တိဒိတ်ဒိတ်ကျဲပါ။ ရွှေရတု တိပိဋကဆရာတော် လောကီလောကုတ္တရာအရည်အချင်း ပြောစရာမရှိပါဘူး။ မြစေတီရဲကျောင်းဆရာတော်ကြီး ပရိယတ္တိ ပဋိပတ္တိအပြင် ကျောင်းသူကျောင်းသား ဘကပညာရေးတောင် အားပေးနေသေးတယ်။ တစ်ခြားဆရာတော်တွေလည်း အများကြီးပါပဲ။ စဉ်းစားပါ ဝန်ကြီးရာ။

၃။
လောကီရေးရာအလုပ်တွေလုပ်တယ်လို့ ဝန်ကြီးပြောတယ်။ ဆေးမကုကောင်းပေမဲ့ ဆေးရုံထောင်ကောင်းတယ်ဆိုတာ ဝန်ကြီးသိသလား? နာရေးကူညီမှုအသင်းတွေထောင်တော့ သာသနာညှိုးနွမ်းသလား? ပြည်သူတွေ နစ်နာသွားသလား? တိုင်းပြည်ရောထိခိုက်သလား? ဝန်ကြီးရော ဘာဆုံးရှုံးသလဲ? အဲဒီနာရေးကူညီမှုအသင်းတွေထောင်တာ ပရိယတ္တိလား၊ ပဋိပတ္တိလား?
ဝန်ကြီးဘာပြောမလဲ? ကောင်းပြီ။

၎။
အမျိုးသားရေးအကြောင်းပြပြီး နိုင်ငံရေးလုပ်တယ် ဝန်ကြီးပြောတယ်။ နိုင်ငံရေးလုပ်တာကို ဘယ်ဓမ္မဝိနယချိုးဖောက်ရာရောက်တယ်လို့ ဆိုနိုင်မလဲ? ဂေါတမမြတ်စွာဘုရားကစပြီး နိုင်ငံရေးတရားဟောကြားခဲ့တယ်။ မြန်မာပြည်မှာ ပုဂံခေတ်ကြည့်ဦးမလား၊ တောင်ငူခေတ်ကြည့်ဦးမလား၊ အင်းဝခေတ်ကြည့်ဦးမလား၊ ဆရာတော်တွေ နိုင်ငံရေးမှာ ဦးဆောင်ခဲ့တာလေ။ ဥပမာ စကြူသူမြတ်ဆရာတော်၊ ပံသုကူမထေရ်၊ ဒါတွေဟာ ထင်ရှားပါတယ်။ ဦးဥတ္တမတို့၊ ဦးဝိစာရတို့ကတော့ ကလေးသိ ခွေးသိတွေမို့ မပြောလိုတော့ပါဘူး။

နိုင်ငံရေးလုပ်တာ ဘာအာပတ်သင့်သလဲ? ပြည်သူ ဘာတွေနစ်နာသလဲ? တိုင်းပြည်ဘာတွေထိခိုက်သလဲ? ရွှေဝါရောင်ကို ဝန်ကြီးမေ့နေပြီလား? ရွှေဝါရောင်ကို ဖြိုခွင်းတုန်းကလည်း ဝန်ကြီးတို့ခေတ်ကမဟုတ်ဘူးလား? အခုလည်း ဒီမိုကရေစီခေတ်မှာ သာသနာသန့်ရှင်းရေးအကြောင်းပြပြီး အစိုးရကို ဘယ်သူမှ မဝေဖန်ရဲအောင် အစိုးရလုပ်သမျှ ငုံ့ခံနေရအောင် အစိုးရအာဏာတည်မြဲအောင် သံဃာတွေကို နှိပ်ကွပ်ဖို့ ခေါင်းစဉ်တပ်နေတာ မဟုတ်လား? ရိုးနေပါပြီဗျာ။ ဒါတွေက အာဏာရှင်အကွက်ဟောင်းတွေပါ။

၅။
အမျိုးသားရေးဆရာတော်တွေကြောင့် တရားဥပဒေစိုးမိုးရေး ထိခိုက်တယ်ဆိုတော့ အမျိုးသားရေးဆရာတော် တွေက ဝန်ကြီးလို တရားရေးမှာ ဝင်ရောက်စွက်ဖက်တာမျိုးရှိခဲ့လို့လား? တရားဥပဒေစိုးမိုးရေးဆိုပြီး ကြွေးကြော်တက်လာတဲ့ အစိုးရခေါင်းဆောင်ဆိုသူကြီးကကော တရားဥပဒေစိုးမိုး ရေးအတွက် ဘာတွေလုပ်ဆောင်နေသလဲ။ သူကိုယ်တိုင်ရော ဥပဒေနှင့်အညီ ဥပဒေကို တလေးတစား ပြုမူဆောင်ရွက်ရဲ့လား? စဉ်းစားပါဝန်ကြီးရာ။

တရားဥပဒေစိုးမိုးမှ ပြည်သူတွေအနိုင်ကျင့်မခံရမှာပါ။ ဒါကြောင့် ပြည်သူတွေအနိုင်ကျင့်မခံရအောင် တရားဥပဒေစိုးမိုးစေချင်တာ မ.ဘ.သရဲ့ စေတနာပါ။ တရားဥပဒေစိုးမိုးအောင် မဘသက ဘယ်လိုကူညီပေးရပါမလဲ၊ ဘာတွေလုပ်ပေးရပါမလဲ၊ အမြဲတမ်းစဉ်းစားနေ တဲ့သူပါ။ ဒါကိုပင် မဘသကြောင့် တရားဥပဒေစိုးမိုးရေးထိခိုက်တယ်လို့ပြောနေသေးတယ်။ အရှက်တရားနဲ့ မျက်နှာနဲ့ကတော့ အတော်ကိုထင်ဟပ်နေတာပါပဲ။

၆။
ပြည်ထဲရေးဌာနကို နိုင်ငံတော်အစိုးရက အမိန့်ပေးမှာ ပြည်ထဲရေးဌာနက အာဏာစက်နဲ့ ကိုင်တွယ်နိုင်မှာလေ။ အခုဟာက ဝန်ကြီးက အမိန့်ပေးနေတာမဟုတ်ဘူးလား? မ.ဟ.န က အမိန့်ပေးနေတာမဟုတ်ဘူးလား? ဝန်ကြီးကအမိန့်ပေးရုံနဲ့ ပြည်ထဲရေးဌာနက လုပ်လို့ရပါ့မလား?

မဟန အမိန့်ပေးရုံနဲ့ရော ပြည်ထဲရေးဌာနက လုပ်လို့ရပါ့မလား? စစ်အစိုးရခေတ်မဟုတ်တော့ဘူးဗျ။ အရပ်သားဒီမိုကရေစီခေတ်ကြီးရောက်နေပြီ၊ ပြည်ထဲရေးက သာသနာရေးရဲ့လက်အောက်ခံမဟုတ်ဘူး။ ကမ္ဘာအေးရဲ့လက်အောက်ခံမဟုတ်ဘူး။
ပြည်ထောင်စုအစိုးရရဲ့ လက်အောက်ခံ။

ဒါကြောင့် မဘသကို နှိပ်ကွပ်ဖို့ အာဏာစက် အကူအညီလိုချင်ရင် ပြည်ထောင်စုအစိုးရကို အမိန့်ထုတ်ခိုင်းလိုက်ပါ။ ပြည်ထောင်စုအစိုးရက ပြည်ထဲရေးကို အမိန့်ထုတ်ပေးမှ ပြည်ထဲရေးက မဘသကို နှိပ်ကွပ်ပေးနိုင်မှာလေ။ ဒါတောင် ပြည်ထောင်စုအစိုးရ အမိန့်ထုတ်ဖို့အတွက် ၂၀၀၈ အခြေခံဥပဒေလာ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုတဲ့ ဥပဒေကို ဖျက်ရဦးမည်။ ၂၀၁၄ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စုဥပဒေကို ဖျက်ရဦးမယ်။ ဒီနှစ်ခုကို ဖျက်ပြီးမှ မဘသကို ဖြိုခွင်းလို့ရမှာလေ။ ဥပဒေအတိုင်း ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင်တော့ ဝန်ကြီးတစ်သက် ဒီအစိုးရတစ်သက် မဘသကို ဘယ်သောအခါမှ ဖြိုခွင်းလို့မရဘူးလို့ မှတ်လိုက်ပါ။

၇။
နောက်ဆုံးပြောလိုက်မယ် ဝီရသူရှိနေသရွေ့ မဘသရှိနေမယ်။ ဝီရသူကို ဓမ္မဝိနယ ကြိုက်တဲ့လမ်းကြောင်းနဲ့ အရေးယူလို့ရပါတယ်။ ခေါင်းစဉ်လှလှပေးပြီး ကိုယ့်အင်္ဂါရုပ်အတိုင်း အကောက်ကြံဖို့တော့ မစဉ်းစားနဲ့နော်။ အာဏာရှင်လက်ထက်မှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ အာဏာရှင်သင်္ကန်းချွတ်ပြီး ထောင်ထဲအသွင်းခံခဲ့ရတဲ့သူပါ။ အရပ်သားဒီမိုကရေစီဟာတွေနဲ့လည်း ထောင်ထဲမှာ အတူနေခဲ့ရတဲ့သူပါ။ အရပ်သားဒီမိုကရေစီအစိုးရခေါင်းဆောင်ဆိုသူတွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့သူပါ။ ထောင်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်။
ဝီရသူ(မစိုးရိမ်)
3.7.2017
PM 9:10
The Voice http://thevoicemyanmar.com/relax/9857-uak