သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၇)

“လက်ကိုင်တုတ်ကြီးများ”
ဥပါယ်လေးမျိုးရှိလေသည်။ ၄င်းတို့မှာ ဒါနဥပါယ်၊ သာမျဥပါယ်၊ ဘေဒဥပါယ်၊ ဒဏ္ဍဥပါယ်တို့ဖြစ်လေသည်။ ဒါနဥပါယ်ဆိုသည်မှာ လက်ဆောင်ပေး၍ လှူဒါန်းပေးကမ်း၍ စည်းရုံးနည်းဖြစ်၏။ သာမဥပါယ်ဆိုသည်မှာ ဥပဒေဖြင့် စည်းရုံးနည်းဖြစ်၏။ ဘေဒဥပါယ်ဆိုသည်မှာ စိတ်ဝမ်းကွဲပြားအောင်သင်းခွဲသည့် နည်းဗျူဟာဖြစ်၏။ ဒဏ္ဍဥပါယ်ဆိုသည်မှာ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် ဒဏ်တပ်၍ နှိပ်ကွပ်သောနည်းဖြစ်၏။ ကျွန်ုပ်တို့အစိုးရသည် ဤဥပါယ်လေးမျိုးဖြင့် နိုင်ငံရေးသမားများကိုလည်းကောင်း၊ သံဃာများကိုလည်းကောင်း စည်းရုံးသိမ်းသွင်းလေ့ရှိပေသည်။
ဒါနဥပါယ်ဖြင့် သံဃာတော်များကို စည်းရုံးရာ၌ များစွာအောင်မြင်လေသည်။ TV လှူသည်၊ ကွန်ပျူတာ လှူသည်။ ဖုန်းလှူသည်၊ ကားလှူသည်၊ ကျောင်းလှူသည်၊ နိုင်ငံရေးဆရာတော်အများစုမှာ ဒါနဥပါယ်အောက် ဒူးထောက်သွားခဲ့ကြလေသည်။ ထိုသို့မှ မငြိမ်သေးလျှင် ဘွဲ့တံဆိပ်ကပ်လှူပြန်လေသည်။ ဘွဲ့တံဆိပ်အရှိန် အဝါကြောင့် သာယာမိန်းမောသွားကြလေသည်။ ဤကား ဒါနဥပါယ်၏ အောင်မြင်မှုဖြစ်၏။
ဒါနဖြင့် မရသေးလျှင် ဘေဒကိုကျင့်သုံးလေသည်။ တိုက်ခါအောင် စည်းရုံးသည်၊ စာမေးပွဲများ မကျင်းပနိုင်အောင် လုပ်သည်၊ အင်အားနည်းအောင် သင်းခွဲလေသည်။ ပထမပြန်စာမေးပွဲ သက်တမ်းနှစ်တစ် ရာကျော်ကာလတွင် ခေတ်အဆက်ဆက်မှ ဗဟိုဦးစနစ်ဖြင့်ကျင်းပလာခဲ့ရာ ယနေ့ခေတ်တွင် တိုင်းနှင့်ပြည်နယ် ခွဲကာ တိုင်းစစ် ပြည်နယ်စစ်ဖြစ်အောင် လုပ်လေသည်။ သို့မှသာ မန္တလေး၊ ရန်ကုန်နေ သံဃာများက အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားရောက်ဖြေဆိုကြမည်။ မြို့ကြီးများ၌ သံဃာအင်အားနည်းသွားမည် ဖြစ်လေသည်။ ထိုသို့ တိုင်းနှင့်ပြည်နယ်ခွဲဖို့အတွက် အကြောင်းပြချက်လိုသောအခါ မေးခွန်းများဖောက်ပစ် လိုက်ကြလေသည်။ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် သုံးလေးနှစ် ဆက်တိုက်မေးခွန်းပေါက်ခြင်းဖြစ်၏။ မေးခွန်းပေါက်၍ ဗဟိုစနစ်မနိုင်ဟုဆိုကာ ပြည်နယ်နှင့် တိုင်းများသို့ လက်လွှဲပစ်လိုက်လေသည်။ ထိုအခါ မြို့ကြီးများမှ စာသင်သားများ မြို့လေးများ၊ ပြည်နယ်များသို့ သွားရောက်ဖြေဆိုကြလေသည်။ အဆိုပါဌာနများ၌ မေးခွန်းလည်းမခက်၊ ပုံစံအမျိုးမျိုးဖြင့် လွတ်လပ်စွာကြည့်ရေးခွင့် ဖြေခွင့်ရလေသည်။ တစ်ချို့ဆို တစ်နေရာ မအောင်လျှင် တစ်နေရာအောင်လိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်နေရာ၊ သုံးနေရာ လက်မှတ်ထိုးပြီး ဖြေဆိုလေသည်။ လွတ်လပ်စွာ ဖြေဆိုရ၍ အတန်းတစ်ခုတည်းမှာပင် နှစ်ခါသုံးခါ အောင်မြင်သည်လည်း ရှိလေသည်။
ထိုသို့ စာသင်သားများအကျင့်ပျက်၍ အရည်အချင်းမဲ့ သာသနာကြီး ထွန်းကားမည့်အရေး၊ အရည်အချင်းရှိသော သာသနာတော်ကြီးပျက်စီးမည့်အရေး၌ မဟနအဖွဲ့သည် ကန့်ကွက်မှုအလျဉ်းမရှိ၊ အကျိုးအပြစ် စိစစ်မှုအလျဉ်းမရှိဘဲ အစိုးရလုပ်သမျှ သဘောတူကြလေသည်။ ကျွန်ုပ်တို့၏ ဆရာမစိုးရိမ် တိုက်သစ် ပထမမဟာနာယကဆရာတော်ကြီးနှင့် အခြားနှစ်ပါးကသာ အပြင်းအထန်ကန့်ကွက်သည်ဟု သိရလေသည်။ သို့သော် ထိုဆရာတော်များကိုလည်း နိုင်ငံခြားသို့ တစ်ဖက်လှည့်စေလွှတ်ပြီး ကွယ်ရာ၌ အစည်းအဝေးအထမြောက်အောင် လုပ်လိုက်ကြလေသည်။ သံဃာအား ဘုရားမဆန်သာဆိုသလို (၄၇)ပါး၌ နှစ်ပါးသုံးပါး အရာမဝင်၍ သာသနာကျဆင်းခဲ့ခြင်း ဖြစ်လေသည်။ တိုင်းစစ် ပြည်နယ်စစ် ခွဲလိုက်ချိန်မှစ၍ စာသင်သားများ အရည်အချင်းမရှိကြတော့ပေ။ စာချတန်းသို့ ရောက်နေသည့်တိုင် အငယ်တန်းအဆင့်ပင် မမီကြတော့ပေ။ ဤကား ဘေဒဥပါယ်၏ ထိရောက်မှုဖြစ်လေသည်။
ဤသို့ ဘေဒဥပါယ်ဖြင့် ဆောင်ရွက်ရာ၌ ကျန်ရှိနေသေးလျှင် ဒဏ္ဍဥပါယ်ကို ကျင့်သုံးလေသည်။ အပြင်မထွက်ရ အမိန့်ထုတ်ခြင်း၊ အကွက်ဆင်၍ ဖမ်းဆီးထောင်ချခြင်းများလုပ်လေသည်။ ထိုသို့မှ မရလျှင် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ပတ်သတ်ခြင်းများဖြင့် ငြိမ်အောင်လုပ်လေသည်။ အစိုးရလုပ်သမျှကို မဟနက လက်ပိုက်ကြည့်နေ လေသည်။
ကျွန်ုပ်ထေရဝါဒစာအုပ်ထွက်သောအခါ တန့်ကြည့်တောင်ဝါဒ အဓမ္မမှန်း ထင်ရှားသွားလေသည်။ ထိုသို့ တတိုင်းပြည်လုံးဆူပွက်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေပါလျက် မဟနက ဘာမျှမလုပ်ပေ။ အမှန်ဆိုလျှင် စာအုပ်ထွက်လာပြီ ငြိမ်နေလို့ မဖြစ်တော့ဘူး။ နှစ်ဦးနှစ်ဘက်ခေါ်ပြီး ဓမ္မ/အဓမ္မဆုံးဖြတ်ကြမည်ဟု ဆင့်ခေါ်သင့် လေသည်။ ကျွန်ုပ်က တန့်ကြည့်တောင်ငိုတရား၊ ရယ်တရား မှတ်တမ်းခွေများကို ဗီဒီယိုရုံများ၌ပြခြင်း၊ ဘုရားကြီး၌ ပြခြင်းကြောင့် နိုင်ငံရေးကူးစက်တော့မည်ဟုဆိုကာ အာဏာပိုင်များက ဝန်ကြီးသို့ ဝန်ကြီးက ညွှန်ချုပ်သို့ ညွှန်ချုပ်မှ မဟနသို့ အဆင့်ဆင့် ညွှန်ကြားကြလေမှ မဟနက ထလုပ်လေသည်။ တန့်ကြည့်တောင် ဆရာတော်ကို အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံလက်မှတ်ထိုးခိုင်းသည်။ ကျွန်ုပ်ကို ခွင့်ပြုချက်မရဘဲ စာအုပ်မထုတ်ဖို့ ဝန်ခံလက်မှတ်ထိုးခိုင်းလေသည်။ ထိုအခါ ကျွန်ုပ်က တန့်ကြည့်တောင်ဆရာတော် အဓမ္မဟု ဝန်ခံကြောင်း သတင်းအဖြစ် သတင်းစာထဲမှာထည့်မှသာ တိုင်းသူပြည်သားတွေ အမှားအမှန်သိမည်ဖြစ်ကြောင်း၊ ယခုမူ တန့်ကြည့်တောင်ကလည်း တရားဆက်ပြနေခြင်း၊ ကျွန်ုပ်ကလည်း စာအုပ်ထုတ်ဝေနေခြင်းကြောင့် ပြည်သူ လူထုမှာ ဘယ်အရာမှန်မှန်း မသိဖြစ်နေကြကြောင်း လျှောက်ထားရာ ညွှန်ချုပ် ဒေါက်တာမျိုးမြင့်က ကန့်ကွက်လေသည်။ ဆရာတော်ကြီးများကလည်း ငြိမ်နေကြလေသည်။ မြင်းခြံဆရာတော် ဦးကိတ္တိတစ်ပါး တည်းကသာ ကျွန်ုပ်လျှောက်ထားချက်ကို လက်ခံလေသည်။ သို့သော် အများနှင့်တစ်ပါးဖြစ်၍ ဘာမျှမတတ်နိုင် ရှာပေ။ ကျွန်ုပ်ကသတင်းစာထဲမထည့်လျှင် မဟနကလည်း တားမြစ်မည်မဟုတ်ပေ။ တားမြစ်လိုစိတ်ရှိလျှင် လည်း တားမြစ်ပိုင်ခွင့်မရှိပေ။ ကျွန်ုပ်သည် ကျွန်ုပ်ဆရာများကိုငဲ့နေ၍သာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံး၌ ကျွန်ုပ်ဆန္ဒကို လိုက်လျောသည့်အနေဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သို့ စာထွက်ပေးမည်ဟု ချော့လိုက်လေသည်။ ကျွန်ုပ်လည်း တကယ်ထင်မှတ်ပြီး စောင့်နေလေရာ တစ်လလည်းမလာ၊ နှစ်လလည်း မလာ၍ ကျွန်ုပ်ကိုယ်တိုင် ထုတ်ပြန်ပစ်လိုက်ရလေသည်။
ဓမ္မဝိနယကြောင့် ရဟန်းဖြစ်ရမည်။ ဓမ္မဝိနယကြောင့် သာသနာရှိနေရခြင်းဖြစ်သည်ကို သိပါလျက် အရေးအကြီးဆုံးဓမ္မဝိနယကိစ္စကြီးကို ပဓာနလုပ်ငန်းတစ်ခုအဖြစ် အရေးပေါ်လုပ်ရကောင်းမှန်း မသိကြပေ။ အထက်အမိန့်ကိုသာ စောင့်နေကြလေ၏။
ထို့နောက် ကျွန်ုပ်ကိုဖမ်းပြီးသောအခါ သံဃာထုက အံ့သြကြလေသည်။ ထိုအခါ သံဃာများ ညမထွက်ရ အမိန့်ထုတ်ရန် အစိုးရကညွှန်ကြားလေသည်။ မဟနက ထုတ်ကောင်း၏။ မထုတ်ကောင်း၏ မစဉ်းစားပေ။
ရှက်ရကောင်းမှန်းလည်း မသိပေ။ မျက်နှာပြောင်တိုက်၍ ထုတ်လိုက်ကြပြန်လေသည်။ တခြားသံဃာများမှာ ထိခိုက်မှုမရှိသော်လည်း တရားဟောဆရာတော်များမှာ ညအခါ၌ ဟောကြားကြ၍ များစွာထိုခိုက်နစ်နာရ လေသည်။
ထို့နောက် ကျွန်ုပ်၏ တရားခွေများ၊ စာအုပ်များထားရာ ကျောင်းတိုက်များ၌ ဝင်ရောက်ရှာဖွေလျှင် ပြဿနာ ကြီးထွားလာနိုင်၍ တရားမဝင်တိတ်ခွေ၊ စာအုပ်များ မည်သည့်ကျောင်းတိုက်မှာမှ မထားရဟု အမိန့်ထုတ်ခိုင်း တော့လည်း ထုတ်ပြန်လိုက်လေသည်။ ထုတ်ပြန်သည့် ထိုအမိန့်ကြောင့် တစ်နိုင်ငံလုံးရှိ သံဃာထု၊ လူထုက ပွတ်လောထကုန်ကြလေသည်။ အစိုးရက တုတ်ဖြင့် သာသနာဖျက်လျှင် ထိုတုတ်သည် မဟနပင်ဖြစ် လေသည်။ အစိုးရက ခြေဖြင့်နင်းချေပြီး သာသနာဖျက်လျှင် ထိုခြေသည် မဟနပင်ဖြစ်လေသည်။ အစိုးရက နေသတ်ဖြင့် သာသနာဖျက်လျှင် ထိုသေနတ်သည် မဟနပင် ဖြစ်လေသည်။ မဟနသည် အစိုးရ၏လက်ကိုင် တုတ်သာသနာဖျက် အဖွဲ့အစည်းဖြစ်လေ၏။
“ရပ်တည်မှုမှားသူ”
မဟနသည် သံဃာအတွက် သာသနာအတွက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သော်လည်း သံဃာဘက်မှလည်း ကောင်း၊ သာသနာတော်ဘက်မှလည်းကောင်း ရပ်တည်မှုမရှိခဲ့ပေ။ ၄င်းတို့ ရာထူးမြဲဖို့၊ အာဏာမြဲဘို့အတွက် အစိုးရဘက်မှ အမြဲရပ်တည်တတ်လေသည်။ ၁၉.၁၀.၂၀၀၃ တွင်ဖြစ်ပွားသော ကျောက်ဆည်အဓိကရုဏ်း ကြောင့် ၂၂-၁၀-၂၀၀၃ တွင် ကျောက်ဆည်မြို့၏ အကြီးဆုံးစာသင်တိုက်မှ ပဓာနနာယကဆရာတော်ကြီးနှင့် စာချတပည့်ကြီးများကို အစိုးရကဖမ်းလေသည်။ ထိုသို့ ဆရာတော်ကြီးတစ်ပါးကိုအလွယ်တကူဖမ်းဖို့အတွက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးက ကူညီလေသည်။ အဆင့်ဆင့်သော သံဃနာယကများကို တင်ပြလျှောက်ထားခြင်းမရှိဘဲ ဖမ်းသည်ကို မဟနက မသိဟန်ဆောင်နေပေသည်။
ဆရာတော်ကြီးအား အစာနှင့်ရေ သုံးရက်အငတ်ထားပြီး ထိုးကြိတ်ကန်ကြောက်ကြ၊ နှိပ်စက်ညှဉ်းပမ်းကြပြီး အတင်းအဓမ္မဝန်ခံခိုင်း လက်မှတ်ထိုးခိုင်းပြီး ထောင်ချကြောင်း မဟနထံ တင်ပြလျှောက်ထားသည့်အခါ၌လည်း ငတ်တုတ်သာငြိမ်နေကြလေသည်။ မေတ္တာရပ်ခံသင့်လျက်လည်း မရပ်ခံခဲ့ပေ။ ဘာမျှမသိသလို ဘာမျှမပတ်သက်သလို ရေငုံနှုတ်ပိတ်နေတော်မူကြ၏။ တစ်နှစ်လည်းမလွတ်၊ နှစ်နှစ်လည်းမလွတ်၊ သုံးနှစ်လည်း မလွတ်သည့်အခါ၌လည်း ထိုနည်းလည်းကောင်းပင် လူရှေ့သူရှေ့၌ကား သူတို့မှာ အာဏာရှိသလိုလို လုပ်ပိုင်ခွင့်ရှိသလိုလိုအထင်ကြီးအောင် ကြွားကြ ထွားကြလေသည်။ အားလုံးလက်လွန်ပြီးမှ သိရလို့ ဘာမျှမတတ်နိုင်တော့ဘူးဟု ဆိုသူကဆိုသေး၏။ သစ်မှု၊ ဆေးမှု စသည်ဖြင့် ရာဇဝတ်မှုများကိုတော့ တက်တက်ကြွကြွထုတ်ပေးတော်မူကြ၏။ စာသင်တိုက်ကြီးတစ်တိုက်လုံး၏ အကြီးဆုံးဆရာတော်လည်းဖြစ်၊ မြို့နယ်သံဃနာယကအတွင်းရေးမှူးဆရာတော်လည်းဖြစ်ပြီး သာသနာတော်အတွက် အဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာသည့် ဆရာတော်ကြီးတစ်ပါးကိုမှ အကာအကွယ်မပေးနိုင်၊ မကယ်တင်နိုင်ကြပေ။ သာသနာအတွက် သံဃာထုအတွက် ဘာမျှ အာမခံချက်မပေးနိုင်သည့် စည်းစိမ်ခံ အဖွဲ့အစည်းကြီးဖြစ်၏။
ဘုရားလက်ထက်က ပိလိန္ဒဝစ္ဆထေရ်သည် အပြစ်မဲ့ ဆွမ်းဒကာမသားအမိကို ဗိမ္မိသာရမင်းက ဖမ်းသည့်အတွက် နန်းတော်အထိ သပိတ်ပိုက်လိုက်သွားပြီး ဖြေရှင်းကယ်တင်တော်မူခဲ့၏။ ရဟန္တာဖြစ်သော်လည်း အေးအေးလူလူ မနေနိုင်ရှာခဲ့ပေ။ အမှန်တရားဘက်မှရပ်တည်၍ ရှင်ဘုရင်ကို ရဲဝံ့စွာရင်ဆိုင်ခဲ့လေ၏။ မဟနအဖွဲ့က (၄၇)ပါးစုံညီ အစည်းအဝေးမှာ တင်ပြမည်၊ ဆွေးနွေးမည်၊ အတည်ပြုချက်ရယူမည်။ ပြီးလျှင် အာမခံချက်ပေးမည်၊ အစိုးရကို မေတ္တာရပ်ခံမည်ဆိုလျှင် အပြစ်မဲ့ဆရာတော်ကြီးတစ်ပါး မလွှတ်နိုင်စရာ အကြောင်းမရှိပေ။
အစိုးရက လွှတ်မပေးဘဲမနေနိုင်ပေ။ ထို့ကြောင့် မဟနသည် ဓမ္မအတွက် သာသနာအတွက် မရပ်တည်ဘဲ အာဏာအတွက် နေရာအတွက် ရပ်တည်နေကြသည့် ရပ်တည်မှုလွဲနေသော အဖွဲ့အစည်းကြီး ဖြစ်လေသည်။
ထို့ကြောင့် မဟနအဖွဲ့မှ ဆရာတော်ကြီးများအား အမှုနိုင်ဖို့ စီးပွားရေးကောင်းဖို့။ အဆက်အသွယ်ကောင်းရဖို့ ထောက်ခံချက်၊ မေတ္တာရပ်ခံချက်ရဖို့အတွက်သာ ကိုးကွယ်ထိုက်လေသည်။ မဟနကြောင့် အမှုနိုင်ကြသူများ၊ မဟနကြောင့် စီးပွားဖြစ်သူ၊ ကြီးပွားသူများ၊ ထောင်ကလွတ်သူများ မနည်းပေ။ ပစ္စုပ္ပန်အတွက် သံသရာအတွက် သိက္ခာသမာဓိအတွက်တော့ လုံးဝအားမကိုးထိုက်၊ မကိုးကွယ်ထိုက်သော ဆရာတော်ကြီးများဖြစ်ကြ၏။
မဟနအဖွဲ့မှ နာမည်ဆိုးထွက်သူ၊ အပုပ်နံ့လှိုင်သူများ၏ဈာပနနှင့် မင်းကွန်းဆရာတော်ကြီး၏ဈာပန နှိုင်းယှဉ်ကြည့်က သိနိုင်ပေမည်။ မင်းကွန်းဆရာတော်ကြီး၏ ဈာပနသည် နိုင်ငံတော်ဈာပနဖြစ်သော်လည်း အလှူငွေ မထည့်မနေရ အမိန့်ထုတ်ပြီး ကောက်ခံသည့်စနစ် မကျင်သုံးပေ။ တလောကလုံးကကြည်ညို၍ နောက်ဆုံးအနေဖြင့် ကုသိုလ်ယူကြခြင်းဖြစ်၏။
မဟနထိပ်တန်းအရာရှိ ဆရာတော်ကြီးများဈာပန၌ အတင်းအကြပ်အလှူငွေကောက်ခံသော်လည်း လှူဒါန်းသူနည်းပါးလှ၏။ ဤမျှ သိက္ခာသြဇာကျဆင်းနေသောအဖွဲ့အစည်းကြီးကို အချိန်မီပြုပြင်သင့်လှပေပြီ။