သတင်း

သဟာယကျောင်း အရုဏ်ဆွမ်းအလှူ

ဒီကနေ့ သီတင်းကျွတ် လဆန်း(၂)ရက် 22.9.2017 ရက်နေ့ မနက် ၆း၀၀ နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာ ကပ်လှူပါတယ်။ စာသင်သံဃာတော်များအား မုန့်တီဆွမ်း ကပ်လှူပြီး ပင့်သံဃာများနှင့် နာယကဆရာတော်များအား မုန့်တီဆွမ်း ခေါက်ဆွဲပြုတ်တို့ဖြင့် ဆက်ကပ်လှူဒါန်းပါတယ်။

မန်း မဘသ အတွင်းရေးမှူးချုပ် ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) ဒုတိယအတွင်းရေးမှူး ချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသနှင့် နာယက အငယ်များဖြစ်ကြသော ဓမ္မပါရဂူနာယကဆရာတော် ဦးဇနကာဘိဝံသ၊ ဓမ္မဝိမုတ္တိရသကျောင်းနာယက ဆရာတော်ဦးသူရိယာဘိဝံသ၊ ဦးစေတိယာဘိဝံသတို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။

ဆွမ်းဒါယကာ ဒါယိကာမများကတော့ ဦးသန်းဇော်မြင့်+ဒေါ်ဝင်းဝင်းမာ မိသားစုဖြစ်ပါတယ်။ သမီးလေး မေမြတ်နိုး (၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆက်ကပ်လှူဒါန်းကြခြင်းပါ။ ပင့်သံဃာများအား တစ်သောင်းကျပ်စီ၊ ကျောင်းသံဃာများအား သုံးထောင်ကျပ်စီ၊ ဝိုင်းတော်သား သံဃာများအား သုံးထောင်ကျပ်စီ၊ အသီးအသီး လှူဒါန်းသည့်အပြင် ရခိုင်ပြည်သူများအတွက် နှစ်သိန်းကျပ်၊ မန်း မဟော်သဓာအတွက် တစ်သိန်းကျပ်၊ လောကအလင်းအတွက် တစ်သိန်းကျပ်၊ ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက် နှစ်သိန်းကျပ် လှူဒါန်းပါသေးတယ်။

ဆွမ်းကပ်အပြီးမှာ ငါးပါးသီလခံယူကာ ရေစက်ချအမျှဝေပါတယ်။ ဆရာတော်ဦးဝီရသူက သီလပေးရေစက်ချတရားချီးမြှင့်ပါတယ်။ အလှူရှင်ဦးသန်းဇော်မြင့်+ဒေါ်ဝင်းဝင်းမာ သမီးလေး မေမြတ်နိုးမိသားစုသည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။