သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ(နိဂုံး)

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။)

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ
ထို့ထက်ပို၍ စောင့်ရှောက်လိုလျှင် လည်း ရသေးသည်။ သာသနာ့ အာဇာနည် နိုင်ငံကျော်နာမည်ကျော်များကို စောင့်ရှောက်ခြင်းဖြစ်၏။ အဝင်အထွက်အမြဲတန်း စောင့်ကြည့်မည်၊ သံသယဖြစ်ဖွယ်ရှိလျှင် ဂရိုစိုက်မည်၊ တစ်နည်းနည်းဖြင့် အသိပေး၊ သတိပေးမည်။ မရသေးပါက အထောက်အထားရှာထားမည်၊ ကုစား၍ရသော ဂရုက အာပတ်ဆိုလျှင် လူသိရှင်ကြား၊ ဝတ်ဆောက်တည်ခိုင်းမည်။ ဥပမာ သမီးရည်းစားအတွဲများ ကဲ့သို့ အပေါ်ယံ ကာမဂုဏ်ခံစားခြင်းမျိုး ဆိုလျှင် ကုစား၍ရသည်။ သံဃာထုကို အသိပေးလျှောက်ကြား၍ ဝတ်ဆောက်တည် ခိုင်းမည်ဆိုလျှင် နာမည်ကျော်များသည် သိက္ခာကျမှာ၊ ဣနြေ္ဒပျက်မှာ၊ အကြည်ညိုပျက်မှာ အထင်သေးခံရမှာကို ကြောက်ရွံ့ပြီး ကင်းရှင်းစွာနေသွား ကြပေလိမ့်မည်။ ဝိနည်းသာသနာကို ဤကဲ့သို့ ကာကွယ်နိုင် စောင့်ရှောက်နိုင် ပေ၏။

စေတနာကောင်းအရင်းခံရှိဖို့လိုသည်၊ ဘာသာရေးရဲဝန်ထမ်းများ လျှိုဝှက်ထားရှိဖို့ လိုသည်။ ဓမ္မစက်နောက်မှာ အာဏာစက်ရှိဖို့လိုသည်။ ထိုဘာသာရေး ရဲသည် တရားမျှတရမည်၊ သာသနာကိုချစ်မြတ်နိုးသူ ဖြစ်ရမည်။ လုပ်ပိုင်ခွင့် အပြည့်ရှိရမည်။ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် အဆက်အသွယ် မပြတ်စေရ။ နာမည်ပျက်များကို တိုင်ကြားစာလက်ခံရာ ဌာနတစ်ခုဖွင့် ထားရမည်။
သိင်္ဂီရွှေခွက်သည် မစင်ဘင်ပုပ်များနှင့် မထိုက်တန်၊ ရက်တက်ရည် များနှင့်လည်း မထိုက်တန်၊ ခွေးခြင်္သေ့ဆီနှင့်လည်း မထိုက်တန်ပေ။ မဟာဆီ မဟာသွေး ကေသရာဇာခြင်္သေ့ဆီနှင့်သာ ထိုက်တန်ပေသည်။ မြတ်ဘုရား၏ သာသနာတော်သီ သီလဝန္တရဟန်းတော်များနှင့်သာ ထိုက်တန်ပေသည်။ သီလမရှိသူ၊ သီလပျက်စီးသွားသူ၊ ရဟန်းသီလဆုံးရှုံးသွားသူများနှင့် မထိုက် တန်ပေ။ ထို့ကြောင့် သိင်္ဂီရွှေခွက်၌ခြင်္သေ့ဆီပြည့်က တင့်တယ်သကဲ့သို့ မြတ်ဘုရားသာသနာတော်၌ ရဟန်းကောင်းများဖြင့် ပြည့်လျှံနေမှသာ တင့်တယ်လှပေသည်။

တရားခံရှာပုံတော်
ပဒကုသလဇာတ်တော်၌ ဘုရားလောင်း လုလင်သည် ခြေရာကောက် ကျွမ်းကျင်သော ပညာရှိဖြစ်ခဲ့၏။ ရှင်ဘုရင်က နန်းတွင်းရတနာထုပ် ပျောက်ဆုံးမှု၌ ခြေရာကောက်၍ ပစ္စည်းရှာပေးရန်၊ ခြေရာရှင်ခိုးသူကို ဖော်ထုတ်ပေးရန် အမိန့်ချ၏။ ဘုရားလောင်းက ခြေရာကောက် ခြေရာခံ၍ ရတနာထုပ်ထားရာကို ပြသနိုင်၏။ ခြေရာ အသွားအလာနေရာများကိုလည်း ဖော်ပြနိုင်၏။ သို့သော် ခြေရာရှင်ကို မ ဖော်ပြဝံ့ပေ။ ရှင်ဘုရင်က အတင်း အဓမ္မဖော်ထုတ်ခိုင်း၏။ ပရိသတ်လေး ပါးရှေ့ဖြစ်၍ ဘုရားလောင်းက ပရိယာယ်ဖြင့်သာ ခြေရာရှင်ကို ပြောကြား၏။ ဘုရားလောင်းသည် နောက်ဆုံး၌ မတတ်သာ၍ ခြေရာပိုင်ရှင်ကို ဖော်ထုတ် လိုက်ရလေ၏။ ခြေရာပိုင်ရှင်မှာ တခြားမဟုတ် ရှင်ဘုရင်ကိုယ်တိုင်ပင်တည်း။ ထိုအခါကျမှ ပရိသတ်များက ရှင်ဘုရင်ကို နန်းချကာ ဘုရားလောင်းကို နန်းတင်လိုက် ပေသည်။ ကျနုပ်ကိုလည်း ဤကဲ့သို့ဖြစ်ပေါ်လာက ဤနည်းဖြင့်သာ ဆုံးမစေချင်ပါသည်။ ကျိုးနွံစွာလိုက်နာမည်ဖြစ်ပါ၏။
(မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅)၊ ၂၀၁၇၊ ဇူလိုင်လ)

ဝီရသူ (မစိုးရိမ်)