သတင်း

အင်းစိန်ထောင်မှ ဆရာတော်ဦးဝီရသူ တရားဝင်ရေးသားပေးပို့သည့် စာ

#အးင်းစိန်ထောင်မှ ဆရာတော်ဦးဝီရသူ တရားဝင်ရေးသားပေးပို့သည့် စာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နာယကဆရာတော် ဦးကေသရ နောင်တော်ကြီးဘုရားနှင့်အတူ အဖွဲ့ဝင်ညီတော်များထံသို့

၂၆-၁၂-၂၀၂၀

ရိက္ခာပို့ရင်းအပ်နှံခဲ့သော စာများအားလုံး ၂၅-၁၂-၂၀၂၀ ရက်မှာ ဖတ်ရပါသည်။

ဝီရဝံသအဖွဲ့၏ ဆောင်ရွက်ချက်အားလုံး အားရကျေနပ်စရာတွေပါဘုရား။ ကျေးဇူးလည်းတင် ဦးလည်းတင် သာဓုလည်းခေါ် မေတ္တာလည်း ပို့သနေပါသည်ဘုရား။ အလှူရှင်စာရင်းများ ပေးပို့ဖို့ထပ်မံကြုံလာပါက အနည်းအကျဉ်းစီသာခွဲ၍ ပို့တော်မူပါဘုရား။သာသနာရေးဆောင်ရွက်ချက်ရယ်လို့ မည်မည်ရရမရှိပါဘဲ ထိုင်စားနေရသလို ဖြစ်နေလို့ လိပ်ပြာမသန့်တာနဲ့ မေတ္တာအနှံ့ဖြန့်ကြက်ရာတွင် အာရုံယူလို့ကောင်းအောင် တောင်းခံလိုက်ခြင်းဖြစ်ပါတယ်ဘုရား။ အဖွဲ့သားအားလုံးကိုလည်း ယုံကြည်စိတ်ချ လေးစားအားထားလျက်ပါဘုရား။ အလှူရှင်စာရင်းဖတ်ရလို့ ဝမ်းသာဝမ်းနည်းဖြစ်ရသလို ရိက္ခာပို့ရုံတင်မဟုတ်ဘဲ လောကဓံပါ ရင်ဆိုင်နေရသဖြင့် စာနာမိ အားနာမိပါသည်ဘုရား။

ကျန်းမာရေးအထူးကောင်းမွန်သည့်အပြင် အားလုံးကဂရုစိုက်ကြသဖြင့် အစစအရာရာ အဆင်ပြေပြေ အေးအေးချမ်းချမ်း ရှိနေကြောင်းပါဘုရား။ ညအခါတွင် မဟာစည်အချိန်ဇယားအတိုင်း ည ၉း၀၀ နာရီအိပ် မနက် ၃း၀၀ နာရီထ စနစ်ဖြင့် ဘုရားအလုပ် တရားအလုပ်များ အားထုတ်လျက်ရှိကြောင်းပါဘုရား။ ရွတ်နေကျ ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှ ပဥှာဝါရသို့ ဗားရှင်းမြှင့်ထားပါပြီဘုရား။ နှစ်သစ်ကူးညမှာ စရွတ်ပါတော့မည်ဘုရား။

ယခုစာနှင့်အတူ #ပ;ဋ္ဌာန်းစာမူအကြမ်း ပေးပို့လိုက်ပါသည်။ သဟာယသို့ ပေးပို့ရန်ဖြစ်ပါသည်။

၁။ အကျဉ်းစံအလှူငွေများကို နောင်တော်

ကြီးဆန္ဒပြုတဲ့အတိုင်း ခွဲဝေထောက်ပံ့ပေးတာက ပို၍ သင့်မြတ်ကြောင်းပါဘုရား။

၂။ ပို့သည့်ဟင်းများ အားလုံးကောင်းမွန်ကြောင်းပါဘုရား။ ပုစွန်တုပ်ကလွဲလို့ သင့်သလို ဆက်ပို့ပေးပါဘုရား။

၃။ အပ်ငွေ အများကြီးကျန်သေးသဖြင့် လိုအပ်မှ အပ်ခိုင်းပါမည်။ ကြေးမုံနှင့် မြန်မာ့အလင်းသာ ပုံမှန်ဝင်ပြီး မြဝတီပုံမှန်မဝင်ပါ။ ၁၇-၁၂-၂၀၂၀ မှစ၍ Daily Eleven ဝင်သော်လည်း တစ်ရက်ခြား နှစ်ရက်ခြားသာ ရောက်ရှိပါသည်။ သတင်းစာပို့သည့် အရပ်သားများ ပုံမှန်လာမပို့နိုင်ခြင်းသာဖြစ်ပြီး သူတို့ပို့လျှင်တော့ ညီမောင့်ဆီ ချက်ချင်းရောက်ပါသည်။

၎။ အချုပ်နှင့်အကျ အတူထားခွင့်ရှိ-မရှိ မသိရပါ။ ညီငယ်များနှင့် အတူနေရလျှင် အပြေတကာ့အပြေဆုံးဖြစ်ပါမည်။ အခြားညီငယ်များကိုလည်း မှာချင်ပါသည်။ ပဏာမလက်ရွေးစင်အသင်းလို ရှေ့တန်းချည်းတက်ကန်ကြသဖြင့် ဂိုးပေါက်ကြီးပွင့်နေမှာ တွေးပူနေကြောင်းပါဘုရား။

၅။ ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းမည်ဆိုလျှင် သဘောတူပါသည်။ သို့သော် ရွာမဆရာတော်ကြီး၏ ခွင့်ပြုချက်နှင့် ဦးကျော်ကျော်၏ ဆန္ဒနှင့်အညီသာ ဖွဲ့စည်းရပါမည်။

ဦးကျော်ကျော်နှင့် စိတ်တူကိုယ်တူ ချစ်ကြည်ဖြူသူများဆိုလျှင် အစစ အရာရာ အဆင်ပြေချောမွေ့နိုင်ပါမည်။

၆။ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာရှိပါသည်။တရားရုံးအစစ်မဟုတ်ဘဲ ၁၄ ရက်တစ်ခါ video call နဲ့ ချိန်းပြီး အချုပ်သားများကို အမှုမစစ်ဘဲ ပိတ်လှောင်ထားတာဟာ ဒုတိယကမ္ဘာစစ်က သုံ့ပန်းတွေလို သဘောထားကြောင်း ပေါ်လွင်နေပါသည်။ “ အချုပ်သားများသည် စစ်သုံ့ပန်းများမဟုတ်ကြပါ။ ´´ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါသည်။ ရုံးထုတ်မစစ်ဆေးသဖြင့် ထောင်တွင်းထောင်ပြင် အခွင့်အရေးများ နစ်နာဆုံးရှုံးနေကြောင်းနှင့် မိသားစုများပါ ထိခိုက်နစ်နာရကြောင်း သိစေလိုရင်းပါဘုရား။

၇။ ဆရာတော်ဘုရားများနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း လျှောက်ထား ပြောကြားပေးရန်ပါဘုရား။

၈။ အကျဉ်းသားနှင့် အချုပ်သား ဥပဒေက ပေးထားသည့်အခွင့်အရေးမတူပါ။ အချုပ်ကာလမှာ တီဗွီ မသွင်းချင်သေးပါ။ပုဂ္ဂလိကသတင်းစာပုံမှန်ဖတ်ရလျှင် ပြည့်စုံပါပြီ။ နှစ်လစာ သတင်းစာမှာရခြင်းမှာ နိုင်ငံရေးမျက်ခြည်ပြတ်သွားသောကြောင့်ဖြစ်ပါသည်။

၉။ ဆေးပစ္စည်းများအားလုံး ရောက်ရှိပါသည်။ အခြားဆေး မလိုအပ်သေးပါ။သွေးခုန်နှုန်းတိုင်းစက်နှင့် သွေးပေါင်ချိန်စက်ကို ဆေးခန်းမှာ အပ်ထားပါသည်။ ဆရာဝန်များ အမြဲလာချိန်ပေးပါသည်။

၁၀။ ကိုဒိန်းဒေါင်ထံမှ ဓမ္မပူဇာများကို ပြီးခဲ့တဲ့နှစ်ကအတိုင်း အချိုးကျ ပြန်လည်ခွဲဝေအပ်နှံပေးဖို့ သဟာယအေးကိုထံ လွှဲခိုင်းပေးပါ။ ပြီးခဲ့တဲ့နှစ်က ဘယ်လိုခွဲဝေလှူဒါန်းသည်ကို အေးကိုသိပါသည်။ စာရင်းလည်း ရှိပါသည်။

၁၁။ မဟာဝိဇယဆရာတော်၊ ဟိတဓရဆရာတော်၊ ပုထိုးတော်ကြီးဆရာတော်၊ သောကြာကြယ်ဆရာတော်၊ ဦးဇော်ဝိတ်၊ မယ်တော်ကြီးဒေါ်ပေါရွှေနှင့်အတူ အလှူရှင်အားလုံးကို ကျေးဇူးတင်ကြောင်း မေတ္တာပို့သပါကြောင်း လျှောက်ထားပြောကြားပေးရန်ပါဘုရား။

၁၂။ အင်ရှူးဝါး ရောက်ပါသည်။ မသောက်ဖြစ်သေးပါ။အလုပ်မရှိ အကိုင်မရှိမို့ ညအခါ ဗိုက်မဆာပါ။မနက်အရုဏ်ဆွမ်းလည်း ဖြတ်တောက်ထားပါသည်။ ဧကာသနိက်ဓုတင်ဆောက်တည်နေကြောင်းပါဘုရား။

၁၃။ ကိုယ်တိုင်ရေးထေရုပ္ပတ္တိရေးပေးခဲ့ပါသည်။ ` ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ ´ ခေါင်းစဉ်ဖြင့် VK မှာ အပတ်စဉ်တင်ပေးဖို့ မှာထားခဲ့ပါသည်။ ၁၂-၁-၂၀၁၂….၁-၁၁-၂၀၂၀ မြစ်ကြီးနားထောင်မှ အင်းစိန်ထောင်သို့အသွား ရှစ်နှစ်ကျော်လှုပ်ရှားမှုများ ရေးသားခဲ့ပါသည်။

နောင်တော်ကြီးအမှူးပြုသော အဖွဲ့သားများနှင့်အတူ အားလုံးသော မျိုးချစ်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ညီမောင်

ဝီရသူ

၂၆-၁၂-၂၀၂၀

(ဆရာတော်၏ ပြန်ကြားချက်မှ အများပြည်သူ သိသင့်သိထိုက်သည်များကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ဝီရဝံသအဖွဲ့)