သတင်း

အစ္စလာမ်မိုက်ဇေးရှင်းသင်တန်းသားများအတွက်

မှတ်တမ်းပြုစုပုံပြုစုနည်းလေးပါ။ အခင်းဖြစ်ပွားစဉ်က စုဆောင်းထားသော သတင်းများနှင့် ပူးတွဲတင်ပြပေးလိုက်ပါတယ်။

ဝီရသူ(မစိုးရိမ်)
18.12.2017
AM 00:29
========================================================
“အင်းဝအပ်ချုပ်ဆိုင်အမှု”
==============
နစ်နာသူ – မစန်းကေခိုင်(၁၇)နှစ်၊ မသဇင်(၁၆)နှစ်။ ညီအစ်မရင်းနှစ်ဦးဖြစ်။ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စု၊ ဖျံရွာ ချောင်ကျးရွာ။ မိခင်ဒေါ်ညိုညိုဝင်း။ တရားခံ – အင်ဝအပ်ချုပ်ဆိုင်မိသားစု(၆)ဦးအမည်များ – ဦးကိုလတ်+ဒေါ်တင်သူဇာ၊ (သား)တင်မင်းလတ်၊သမီးသီရိလတ်၊ စုမွန်လတ်၊ (သားမက်)ရာဇာထွန်း။ အခင်းဖြစ်ရက်စွဲ။- ၁၉.၉.၂ဝ၁၆ နေရာ – ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ လမ်း(၄ဝ)အထက်ဘလောက်၊ ဒေါ်တင်သူဇာ၏နေအိမ်၊ (၈)လွှာ။ အမှုဖွင့်ခြင်း – ၂ဝ.၉.၂ဝ၁၆ ကျောက်တံတား မြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့က တရားလိုလုပ် အမှုဖွင့်။ (ပ)၁၉၃/၂ဝ၁၆။ ရာဇသတ်ကြီးပုဒ်မ ၃၇ဝ၊၃၇၁(ကျွန်ပြုမှု)၊ ၃၂၅၊ ၃၂၆(အပြင်းအထန် နာကျင်စေမှု) ပုဒ်မ ၂၄/၃၂(လူ ကုန်ကူးမှု)။
ဖြစ်စဉ်အကျဉ်း
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက Fbမှာ လူကုန်ကူးမှုအကြောင်း ဆောင်းပါးရေးတင်သည်။ တာဝန်သိပြည်သူတစ်ဦးက ကွန်မန့်မှာ သတင်းဝင်ပေးသည်။ အရပ်သားတစ်ဦးအဖြစ် သွားရောက် စုံစမ်းသည်။ ရဲစခန်းကို အကြောင်းကြားသည်။ တစ်ပတ်ကြာသော်လည်း မထူးခြားသဖြင့် လူ့အခွင့်အရေးကော် မရှင်ကို တိုင်သည်။ ထိုကော်မရှင်က ၁၅.၉.၂ဝ၁၇ မှာ ရဲတပ်ဖွဲ့မျက်မှောက်၌ နစ်နာသူမိသားစု၊ ကျူးလွန်သူမိသားစုနှင့် ကိုဆွေဝင်းတို့ကို တွေ့ဆုံညှိနှိုင်းပေးသည်။ စန်းကေခိုင်အတွက် သိန်း(၄ဝ) သဇင်အတွက် (၁ဝ)သိန်းပေး၍ ကြေအေးသည်။
အွန်လိုင်းမှာ ကလေးမနှစ်ဦးသတင်းပျံ့နှံ့ရာမှ ကြေအေးလို့မရနိုင်သောပုဒ်မများ ဖြစ်ကြောင်း ထင်ရှားသွားသည်။
၂ဝ.၉.၂ဝ၁၆မှာ အမှုဖွင့်ပေးသည်။
ကလေးမနှစ်ဦးက ၂ဝ၁၁ခုနှစ်မှာ စတင် အလုပ်ဝင်။ အကြီးမ ၁၂ နှစ်၊ အငယ်မ ၁၁ နှစ်အရွယ်သာရှိသေး။ လခကျပ်တစ်သောင်းခွဲ။ အိမ်ရှင်တူမလေးနဲ့ စကားများလို့ဆိုကာ စန်းကေခိုင်၏ လက်နှစ်ချောင်းကို နောက်လှန်ချိုး၊ အိမ်ရှင်ကို ပြန်ပြောလို့ဆိုကာ လက်ဆယ်ချောင်းလုံးနှင့် လက်မောင်းရိုးကို နှောက်လှန်ချိုးပစ်။ ကလေးနဲ့စိတ်ကျေနပ် အောင် ဆော့မပေးလို့ဆိုတာ လည်ပင်း၊ ကျောကုန်း၊ လက်မောင်းတို့ကို ကတ်ကြေးနဲ့ထိုး။ ခန္ဓာကိုယ်အနှံ့ အပြားအရေပြားတွေကို မီးခြစ်မီးနှင့်ရှို့။ အငယ်မ သတင်နှာခေါင်းကိုဓားဖြင့်လှီး။ ထိုသို့နှိပ်စက်ပြီး ဆေးမကုဘဲ ပစ်ထားကြ။ ထွက်ပြေးလျှင် စိန်ရွှေရတနာများခိုးမှုဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်ထား။ မိခင်လာသည့်အခါတိုင်း ကလေးတွေနှင့် ပေးမတွေ့ဘဲ လခပေးပြီး ပြန်လွှတ်ခဲ့။ ၄င်းနောက် ကလေးတွေ ထွက်ပြေးသွားပြီဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသတင်းပို့ပြီး ကလေးတွေကို အိမ်ထဲမှာပဲ ဝှက်ထား။ ၂ဝ၁၄ ခုနှစ် သြဂုတ်လမှစ၍ ကလေးတွေမရှိတော့ဟု အကြောင်းပြကာ လခမပေးဘဲ ခိုင်းစားခဲ့။ ၁၅.၁၂.၂ဝ၁၇ ရက်နေ့မှာ အနောက်ပိုင်းခရိုင်တရားရုံး တရားသူကြီး ဒေါ်အေးသန်းက အမိန့်ချ။ ဒေါ်တင်သူဇာနှင့် သမီးငယ် မစုမွန်လတ်တို့ကို လူကုန်ကူးမှု၊ ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု၊ နာကျင် စေမှု၊ မတရားတားဆီးပိတ်ပင်(အိမ်ထဲပိတ်လှောင်ထား)မှုတို့ဖြင့် ထောင်ဒဏ်၁၆နှစ်နှင့် ၁လ။ သားဖြစ်သူ တင်မင်းလတ်ကို ထောင်ဒဏ်၉နှစ်နှင့်၁လ။ သမက်ဖြစ်သူ ရာဇာထွန်းကို ထောင်ဒဏ် ၁၃နှစ်နှင့် ၁လ။ အသီးသီးအမိန့်ချခဲ့။ ဆိုင်ရှင် ဦးကိုလတ်နှင့် သမီးကြီး မသီရိလတ်တို့ ပြစ်မှုမထင်ရှားသောကြောင့် အရှင်းလွတ်။ ထူးခြားချက် ဤဖြစ်စဉ်၌ ကျောက်တံတားရဲစခန်း တာဝန်ရှိသူများ အစစ်ဆေးခံရ။ လူ့အခွင့်အရေးကော်မရှင်မှ ဦးဇော် ဝင်း နှုတ်ထွက်သွားရ။ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း NLDအစိုးရ ချီးမြှင့် သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့ပြီး နစ်နာသူမိန်းကလေးနှစ်ဦးကို အစိုးရစရိတ်ဖြင့် ဆေးကုပေးရာမှ အကောင်းပကတိပြန်ဖြစ်သွား။ ပြည်တွင်းပြည်ပ အလှူရှင်များက ငွေကြေးအမြောက်အမြား ထောက်ပံ့ကြ။
17.12.2017 မှတ်တမ်းပြုစုသည်။
========================================================

ရန်ကုန် လမ်း ၄၀ တွင် အိမ်အကူ မိန်းကလေးငယ် ၂ ဦး နှိပ်စက်ခံရမှု ဖြစ်ပွား

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝ အပ်ချုပ်ဆိုင်၌ အိမ်အကူ အလုပ်လုပ်ကိုင် နေသော အသက် မပြည့်သေးသည့် မိန်းကလေးငယ် ၂ဦးကို ပိုင်ရှင်မိသားစုဝင်များက ကိုယ်လက် အင်္ဂါ ချို့ယွင်းသည် အထိ ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက ပြောပြသည်။

အဆိုပါ မိန်းကလေးငယ် ၂ ဦးမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ရှာဘွား ကျေးရွာအုပ်စု ဖျံရွာချောင်ကျေးရွာမှ မသဇင် အသက် ၁၆ နှစ် နှင့် မစန်းကေခိုင် အသက် ၁၇ နှစ်တို့ဖြစ်သည်။

အင်းဝ အပ်ချုပ်ဆိုင်၌ ၂၀၁၁ ခုနှစ်ကစတင်၍ အလုပ်ဝင်ရောက်ခဲ့ပြီး အလုပ်စတင် ဝင်ရောက်စဉ်က သူတို့ ၂ဦးသည် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။

မစန်းကေခိုင် က သူ၏ လက်ချောင်း ၁၀ ချောင်းလုံးနှင့် ညာဘက် လက်မောင်းတို့မှာ ရိုက်ချိုးခံထားရပြီး လက်ချောင်းများ ကောက်ကွေးနေကာ ကိုယ်လက် အင်္ဂါချို့ယွင်းနေသည့်ပုံစံ ဖြစ်နေခြင်းအား ပြသသည်ကို မြင်တွေ့ခဲ့ရသည်။

မစန်းကေခိုင်က “သူ့တူမလေးနဲ့ စကားပြိုင်ပြောလို့ ဆိုပြီး လက်၂ ချောင်းကို အရင်ချိုးတယ်။ သူ့အမေကို ပြန်ပြောတယ် ဆိုပြီးလည်း ၁၀ ချောင်းလုံးကို ချိုးလိုက်တယ်။ လက်မောင်းကလည်း သူ့အစ်မကို နှိပ်ပေးတာ သေချာ မလုပ်ပေးလို့ ဆိုပြီး နောက်ကို လှန်ပြီး ချိုးလိုက်တာ”ဟု ပြောသည်။

ထို့အပြင် ခန္ဓာကိုယ်အနှံ့ ဓားဖြင့် မွှမ်းခံရသည့် ဒဏ်ရာ၊ ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ အမာရွတ်များ ၊ မီးဖြင့် တို့ ထား သည့် ဒဏ်ရာများကိုလည်း မစန်းကေခိုင် က ပြသည်။

“ကလေးနဲ့ စိတ်ကျေနပ်အောင် မဆော့ပေးလို့ ဆိုပြီး ကတ်ကြေးနဲ့ ထိုးတယ်။ လည်ပင်းကိုလည်း ထိုးတယ်။ ကျောကုန်း ကို လည်း ထိုးတယ်။ လက်မောင်းတွေကို လည်းထိုးတယ်”ဟု သူက ပြောပြသည်။

အသက် ၁၆ နှစ်အရွယ် မသဇင် ကလည်း သူ၏ ခန္ဓာကိုယ်ရှိ နှိပ်စက်ခံထားရသော မီးလောင် ဒဏ်ရာများကို ပြသည်။

၎င်းတို့ အနေဖြင့် မိဘအိမ် ပြန်လျှင် စိန်ရွှေ ရတနာ များကို ခိုးယူသည်ဟု စွပ်စွဲ အရေးယူမည် ဖြစ်ကြောင်း ပိုင်ရှင်များက ခြိမ်းခြောက်မှု ပြုလုပ်သည်ဟုလည်း ကာယကံရှင် မိန်းကလေးငယ် ၂ ဦးက ပြောသည်။

အနှိပ်စက်ခံရသည့် အဆိုပါ မိန်းကလေးငယ် ၂ ဦး၏ မိခင်ဖြစ်သူ ဒေါ်ညိုညိုဝင်းကလည်း ၎င်း၏ သမီး ၂ ဦးသည် လုပ်ခ လစာ တလလျှင် ကျပ် တသောင်းခွဲ ဖြင့် အင်းဝ အပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ပြောပြသည်။

“လွန်ခဲ့တဲ့ ၂ နှစ်က ကျမ လတိုင်း သွားတွေ့တယ်။ ဒါပေမယ့် သမီးတွေနဲ့ တွေ့ခွင့်မပေးဘူး။ လာတိုင်း ဟိုသွားတယ်၊ ဒီ သွားတယ်ပဲ ပြောပြီး လခပဲ ပြန်ပေးလိုက်တယ်။ တခါ ဒလ ရဲတွေနဲ့ လိုက်သွားတော့ ရဲတွေကို သူတို့က အကျီ လက် ဆောင် ပေး ဘာပေးနဲ့ဆိုတော့ အဲ့ဒီတခေါက်လည်း မတွေ့ခဲ့ရဘူး”ဟုလည်း ဒေါ်ညိုညိုဝင်းက ပြောသည်။

အဆိုပါ အိမ်တွင်း အကြမ်းဖက်သည့်ဖြစ်စဉ် ပြင်ပ ပေါက်ကြားသွားသည်မှာ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်၏ မိသားစုဝင် တဦးက ထိုသို့အကြမ်းဖက်မှု ပြုလုပ်နေသည်ကို မခံရပ်နိုင်တော့သဖြင့် အမည်မဖော်ဘဲ Myanmar Now သတင်းဌာန သတင်းထောက် ကိုဆွေဝင်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကိစ္စကို သိလျှင်သိချင်း ရဲစခန်းကို တိုင်ကြားရာ ရဲ က ကယ်တင်ခဲ့ခြင်း မရှိသဖြင့် ၁ပတ်ခန့် ကြာမြင့်သွားကြောင်း၊ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးကို ထပ်မံ တိုင်ကြားရာ၊ ထိုကော်မရှင်ရုံး မှတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ အဆိုပါ မိန်းကလေးငယ် ၂ ဦးကို အိမ်အတွင်းမှ ကယ်တင်နိုင်ခဲ့သည်ဟု ကိုဆွေဝင်းက ဧရာဝတီကို ပြောသည်။

ထိုကိစ္စပတ်သက်၍ ကော်မရှင်က စစ်ဆေးပြီး ကျူးလွန်သူ ကာယကံရှင် မိသားစုနှင့် နှိပ်စက်ခံရသည့် အမျိုးသမီးငယ် ၂ ဦး၏ မိသားစုတို့ကို အမှုပြုလုပ်ခြင်းမရှိဘဲ တိုက်ရိုက်ညှိနှိုင်းရန် တိုက်တွန်းခဲ့သည်ဟုလည်း ကိုဆွေဝင်းက ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထိုဖြစ်စဉ်ကိုစစ်ဆေးပြီး ဥပဒေကြောင်းအရ အရေးယူသင့်ကြောင်း ကော်မရှင်ကို အကြံပြု ခဲ့သော် လည်း ကော်မရှင်က တိုက်ရိုက် ညှိနှိုင်းကြရန် ပြောဆိုခဲ့သဖြင့် အင်းဝ အကျီချုပ်ဆိုင် မိသားစုဝင်များက မစန်းကေခိုင်ကို ကျပ် သိန်း ၄၀ ၊ မသဇင်ကို ကျပ် ၁၀ သိန်း လျော်ကြေး အနေဖြင့် ပေးလိုက်သည်ဟု ကိုဆွေဝင်းက ပြောပြသည်။

“ကျနော့်ကိုလည်း သတင်းမရေးပါနဲ့ဆိုပြီး လာညှိနှိုင်းတယ်။ ကျနော်ကတော့ သတင်းမရေးပါနဲ့လို့ ဘယ်သူမှ ပြောဆိုခွင့် မရှိဘူး။ ကလေးတွေနဲ့ သွားတွေ့မယ်။ ဘယ်လောက်အထိ ဥပဒေလမ်းကြောင်းအရ လုပ်မလုပ် လေ့လာ ဆန်းစစ်မယ်လို့ ပဲ ပြောလိုက်ပါတယ်”ဟုလည်း ကိုဆွေဝင်းက ဆိုသည်။
ကျောက်တံတား မြို့နယ် ရဲစခန်းမှူး ဦးသန်းအေး ကလည်း ၎င်းတို့ အင်းဝ အပ်ချုပ်ဆိုင်သို့ လိုက်သွားစဉ် အနီး ပတ်ဝန်း ကျင် အိမ်များက ယင်းမိန်းကလေးငယ် ၂ ဦးကို အပြီးခေါ်သွားရန်၊ မထားခဲ့ရန် နှင့် နေ့စဉ် နှိပ်စက်နေသည်ကို မြင်ရ ကြားရကြောင်း ပြောဆိုကြသည်ဟု ပြောပြသည်။

“ကလေးက ဘဝတလျှောက်လုံး ရေပုံးလည်း မလို့ မရ၊ ဘဝဆုံးလုနီးနီး ဖြစ်နေတာကို သင့်သလိုလေး ပေးရင် ကျေနပ်ကြ တဲ့ သဘော ဖြစ်ပေမယ့် ဥပဒေအရ တွေးကြည့်ရင် ဒီလိုတွေ ပေးတိုင်းရရင်လည်း အဆင်မပြေပြန်ဘူး။ ဥပဒေ အတိုင်း သွားမယ်။ နောက်လူတွေလည်း ဒီလိုမဖြစ်အောင်ပေါ့”ဟုလည်း ဦးသန်းအေး က ပြောသည်။

အဆိုပါ အိမ်အကူ အမျိုးသမီးငယ် ၂ဦး နှိပ်စက်ခံရခြင်းနှင့်ပတ်သက်၍ တိုင်ကြားခဲ့သူ ကိုဆွေဝင်းနှင့် ရဲမှူး ဦးသန်းအေး တို့ ၂ ဦးလုံးက ထိုကဲ့သို့သော အမှုသည် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သင့်သည်ဟု ဆိုကြသည်။

သို့သော် မိဘများကမူ ၎င်းတို့သည် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို နားမလည်သဖြင့် လက်ရှိတွင် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် က ပေးသည့် လျော်ကြေးကိုယူပြီး ကျေအေးထားသည်ဟု သိရသည်။

ဥပဒေဆိုင်ရာ အကြံပေးတဦး ဖြစ်သူ ဦးခင်မောင်မြင့်ကမူ“ဒီအမှုမှာ တခုမှ ကြေးအေးပေးလို့မရဘူး၊ အာမခံတောင် ပေးလို့ မရဘူး။ ပြစ်မှု ၃၇၀ ၊ ၃၇၁ အရ အာမခံ ပေးခွင့်မရှိ ကြေအေးခွင့် မရှိ။ နောက်ပြီး ၃၂၅၊ ၃၂၆ အရလည်း အပြင်းအထန် နာ ကျင်စေမှု အရလည်း ကြေအေးခွင့်မရှိ၊ အာမခံပေးခွင့် မရှိ။ ဒါ ခရိုင်တရားရုံး အဆင့်နဲ့ဖြေရှင်းရမှာ။ အခု ကော်မရှင် ဘက် က ရော၊ ရဲဘက်ကရော လုပ်တာ တော်တော် လုပ်ထုံးလုပ်နည်း လွဲသွားပြီ”ဟု သုံးသပ်ကြောင်း Myanmar Now ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

http://burma.irrawaddy.com/news/2016/09/19/123387.html
————————————————————————————————–

လက်ဆစ်များရိုက်ချိုးခြင်း၊ မျက်နှာ၊ လည်ပင်းနှင့် လက်များကို ဓား၊ ကတ်ကြေးတို့ဖြင့် မွှန်းခြင်းများပြုလုပ်ကာ ညှဉ်းပန်းနှိပ်စက်ခံရသော အိမ်အကူမိန်းကလေး နှစ်ယောက်အား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက်ညှိနှိုင်း ပေးသဖြင့် ကျပ်သိန်း ၅၀ လျော်ကြေးရရှိသွားကြောင်း သိရသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော ၁၇ နှစ်အရွယ် မိန်းကလေးနှင့် ၁၆ နှစ် အရွယ် မိန်းကလေးတို့သည် လက်ဆစ်များ ရိုက်ချိုးခံရခြင်း၊ နှာခေါင်းကို ဓားဖြင့် လှီးဖြတ်ခံရခြင်း စသည့်နှိပ်စက် ညှဉ်းပန်းမှုများ ရှိသည်ဟု သတင်းရရှိသောကြောင့် ကိုဆွေဝင်း ဆိုသူက ကျောက်တံတား ရဲစခန်းတွင် တိုင်ကြားမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်က Myanmar Now မှာ သတင်းထောက်ချုပ် လုပ်ပါတယ်။ လွန်ခဲ့တဲ့ လေးလလောက်တုန်းက ကျွန်တော်တို့ သတင်းဌာနက အိမ်အကူတွေ နှိပ်စက်ခံရတဲ့အကြောင်း ဆောင်းပါးရေးပါတယ်။ ဒီဆောင်းပါးရဲ့အောက်မှာ ကွန်မန့်ဝင်ရေးတဲ့သူ တစ်ဦး အင်းဝအပ်ချုပ်ဆိုင်မှာလည်း ဒီလိုနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် သတင်းထောက် အနေနဲ့ မဟုတ်ဘဲ သွားရောက်စုံစမ်းတဲ့ အခါမှာ အမှန်တကယ် နှိပ်စက်ခံရတဲ့ သဲလွန်စတွေကို တွေ့ရပါတယ်။ သတင်းပေးသူ ပြောတဲ့အတိုင်းပဲ လက်တွေမှာ ဓားနဲ့အမွှန်း ခံရလို့ ဓားဒဏ်ရာတွေရှိတဲ့ အတွက်ကြောင့် ကလေးမတွေဟာ လက်ရှည်ပဲ ၀တ်တာကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကျောက်တံတား ရဲစခန်းကို လွန်ခဲ့တဲ့ လေးလလောက်တုန်းက သွားတိုင်ထားပါတယ်” ဟု ကိုဆွေဝင်းက ပြောကြားသည်။

ထို့နောက် နှစ်ပတ်ခန့် ကြာသောအခါ ထူးခြားမှု မရှိသောကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့၊ ဆိုင်ပိုင်ရှင်၊ နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးများနှင့် မိသားစုများ၊ ကိုဆွေဝင်းတို့အား ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းခဲ့သည်ဟု သိရသည်။

“ကော်မရှင်အဖွဲ့ဝင်တွေပါတယ်။ ကျူးလွန်တဲ့သူ ဆိုင်ပိုင်ရှင် မောင်နှမတွေပါတယ်။ နှိပ်စက်ခံရတဲ့ မိန်းကလေးတွေရယ်၊ အမေတွေ၊ အဒေါ်တွေရယ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုအတွက် ၂၁ မျက်နှာပါ အစီရင်ခံစာကို လူ့အခွင့်အရေး ကော်မရှင်ရှေ့မှာ ဖတ်ပြတယ်။ အဓိက အချက်တွေကတော့ နှိပ်စက်ညှင်းပန်းတယ်။ ကျွန်ပြုထားတယ်။ လုပ်အားခ အနည်းငယ်သာပေးပြီး ခေါင်းပုံဖြတ်တယ် ဆိုတဲ့အကြောင်း အစီရင်ခံတယ်။ ၁၇ နှစ်တစ် ယောက်က လက် ၁၀ ချောင်းလုံး အဆစ်တွေ ချိုးခံရတယ်။ လည်ပင်းနဲ့ လက်မှာ ကတ်ကြေး ဒဏ်ရာတွေရှိတယ်။ မီးခြစ်နဲ့ မီးရှို့ထားတာ တွေရှိတယ်။ ၁၆ နှစ် တစ်ယောက်က နှာခေါင်းကို ဓားနဲ့လှီးထား ခံရတာတွေရှိတယ်။ ဒါက ဒဏ်ရာတွေပေါ့။ သူတို့က ၂၀၁၄ ခုနှစ်ကတည်းက သူတို့ ကလေးတွေ ပျောက်သွားပြီ ဆိုပြီး လမ်း ၄၀ ရပ်ကွက်ရုံးမှာ တိုင်ခဲ့တာ။ အဲဒီကတည်းက အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေက ဖွက်ထားပြီးတော့ လုပ်ခလည်းမပေးဘဲ ခိုင်းနေတာ။ ဒါကို ကော်မရှင်အဖွဲ့က ညှိနှိုင်းကြပါ ဆိုပြီးပြောတယ်။ နောက်ပြီး မိန်းကလေးတွေက ကော့မှူးမှာနေတော့ တရားစွဲမယ် ဆိုရင်လည်း ရုံးချိန်းတွေလာရမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ညှိနှိုင်း ပေးသောအခါ အိမ်အကူ မိန်းကလေး မိသားစုက ၁၇ နှစ်အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခ အပါအ၀င် နှိပ်စက်ညှင်းပန်းခံရမှုများအတွက် သိန်း ၄၀၊ ၁၆ နှစ်အရွယ် မိန်းကလေး၏ လုပ်ခလစာ အပါအ၀င် နှိပ်စက်ညှဉ်းပန်း ခံရမှုများအတွက် ၁၀ သိန်း စုစုပေါင်း သိန်း ၅၀ ဖြင့် လျော်ကြေးရရှိသွားခြင်း ဖြစ်သည်။

“ဒီနေ့မနက်ပဲ ကော်မရှင်မှာ ဒါလေးကို ရှယ်ယာလုပ်ကြတော့ အကြီးကလေးကို သိန်း ၄၀၊ အငယ်ကလေးကို ၁၀ သိန်းနဲ့ သူတို့ပြေလည်သွားတယ်။ ကော်မရှင်က ညှိနှိုင်းပေးလို့ရပါတယ်။ ကြားဝင်စေ့စပ်ညှိနှိုင်းဖျန် ဖြေခြင်းပြုလုပ်လို့ ရပါတယ်။ ကျွန်တော်တို့ အများကြီး လုပ်ပြီးပါပြီ။ ကာယကံရှင်ကို မေးပါတယ်။ တရားစွဲမလား၊ တရားစွဲမယ်ဆိုလည်း စွဲလို့ရတယ်။ သက်သေ အထောက်အထား ရှိနေတာကိုး။ ကာယကံရှင်က ညှိနှိုင်းပေးပါဆိုလို့ ညှိနှိုင်းပေးတာပါ” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ သိုဝှက်ထားမှု၊ အဓမ္မခိုင်းစေမှု၊ ကျွန်ပြုမှု၊ အပြင်းအထန် နာကျင်စေမှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၇၊ ၃၆၈၊ ၃၇၀၊ ၃၇၁၊ ၃၂၅၊ ၃၂၆ တို့နှင့် ငြိစွန်းနေပြီး ထောင်ဒဏ် ခုနစ်နှစ်၊ ၁၀ နှစ်မှ တစ် သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ပေးနိုင်သော ပုဒ်မများဖြစ်ကြောင်း သိရသည်။

Writer:
သက်မင်း

Copyright © 2015 Eleven Media Group Co., Ltd

Ads By assistant
Ads By assistant
———————————————————————————————-

Credit to Kumudra
နှိပ်စက်ခံရတဲ့အိမ်အကူမိန်းကလေးနှစ်ဦးကိစ္စ ပိုင်ရှင်နှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့အရေးယူမည်။
၂၀၊စက်တင်ဘာ၊ရန်ကုန်။
ရန်ကုန်မြို့လမ်း၄၀ ရှိ အင်းဝအပ်ချုပ်ဆိုင်မှာ နှိပ်စက်ခံရတဲ့ အိမ်အကူမိန်းကလေး ငယ်နှစ်ဦးကိစ္စနဲ့ ပတ်သတ်လို့ ဒေါ်တင်သူဇာနဲ့ သီရိလတ်တို့ကိုကျောက်တံတားမြို့မရဲစခန်း က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့အရေးယူဆောင်ရွက် သွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊လမ်း၄၀ အထက်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာရဲ့နေအိမ် ၈လွှာမှာ လွန်ခဲ့တဲ့ငါးနှစ်ခန့်တည်းက အသက်၁၂နှစ်အရွယ် အိမ်အကူအမျိုးသမီးငယ်များမှာနှိပ်စက်ခံနေရတာကိုတွေ့ရပြီး ခန္ဓာကိုယ်အနှံ ပြတ်ရှရာများတွေ့ရှိခဲ့ကြောင်း၊ နှိပ်စက်ခံရတဲ့ အမျိုးသမီးငယ်များနေထိုင်တဲ့နေရာ ကော့မှုးကိုပါသွားရောက်စုံစမ်းခဲ့ပြီး ဒေါ်တင်သူဇာ ဟာအမျိုးသမီးငယ်များရဲ့လစာကို ၂၀၁၄ခုနှစ်သြဂုတ်လမှာနောက်ဆုံးပေးပြီးလုပ်ခလစာများမရရှိဘဲ လုပ်ကိုင်နေတာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ကော့မှုးလွတ်တော်ကိုယ်စားလှယ်နဲ့ပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) ဒေါ်ကြည်ပြာကလည်း ပြောပါတယ်။
နှိပ်စက်ခံရတဲ့အိမ်အကူ မိန်းကလေးငယ်နှစ်ဦး ကိစ္စနဲ့ပတ်သတ်လို့ကူညီပေးဖို့ ပြည်သူအချို့ ကလည်းကျောက်တံတားမြို့နယ် က လွတ်တော်အမတ်တွေကို ဖုန်းဆက်ပြီး တောင်းဆိုတာကိုပြုလုပ်ခဲ့ကြပါတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှုးမြို့နယ် ရှာဘွားကျေးရွာ အုပ်စုဖျံရွာချောင်ကျေးရွာက မသဇင် အသက် ၁၆နှစ်၊ မစန်းကေခိုင်အသက် ၁၇နှစ် တို့ဟာ လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စတင်ပြီးအင်းဝစက်ချုပ်ဆိုင်မှာ အလုပ်စတင် လုပ်ခဲ့ပါတယ်။ မစန်းကေခိုင်ရဲ့ လက်၁၀ချောင်းလုံး နဲ့ညာဘက်လက်မောင်း တို့ရိုက်ချိုးခံထားရပြီး လက်ချောင်းများကွေးကောက်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ဓားနဲ့ အနှံမွှန်းခံထားရတဲ့ဒဏ်ရာများ ရရှိထားတာကို သတင်းထောက်များနဲ့တွေ့ဆုံချိန်က ပြသခဲ့ပါတယ်။ဒါအပြင့် အသက် ၁၆နှစ်အရွယ် မသဇင် မှာလည်း ခန္ဓာကိုယ်အနှံမီးလောင်ဒဏ်ရာများရရှိထားတာတွေကို သတင်းထောက်တွေမျက်မြင်တွေ့ မြင်ခဲ့ရပါတယ်။
အင်းဝစက်ချုပ်ဆိုင်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကို အမည်မဖော်သူတစ်ဦးက Myanmar Now သတင်းဌာနက သတင်းထောက်ကိုဆွေဝင်းကိုဆက်သွယ်ပြောဆိုရာမှဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းရရခြင်းမှာသတင်းထောက်က ရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့် ကယ်တင်ခဲ့ခြင်းမရှိဘဲ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့သတင်းထောက်ကိုဆွေဝင်းက မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ကို တိုင်ကြားခဲ့ရမှာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အိမ်အတွင်းကမိန်းကလေးငယ်နှစ်ဦးကိုကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကော်မရှင်က ကျုးလွန်သူအင်းဝစက်ချုပ်ဆိုင်မှ မိသားစုဝင်များနဲ့ နှိပ်စက်ခံရတဲ့ မိန်းကလေးငယ်တို့ရဲ့ မိသားစုတွေကို အမှု မဖွင့်ပဲ ကြေအေးဖို့တိုက်တွန်းခဲ့တာကို သတင်းထောက် ကိုဆွေဝင်းက မြင်တွေ့ခဲ့ရတယ်လို့ သတင်းဌာနတွေကိုဖြေဆိုထားပါတယ်။
ကော်မရှင်က ညှိနိုင်းမှကြောင့် ကျုးလွန်သူ အင်းဝစက်ချုပ်ဆိုင် မှ မစန်းကေခိုင် ကိုကျပ်သိန်းလေးဆယ်၊ မသဇင်ကို ကျပ်ဆယ်သိန်းလျော်ကြေးပေးခဲ့ပါတယ်။လျော်ကြေးပေးခဲ့ပေမယ့် နှိပ်စက်ခံရတဲ့ ဒေသခံတွေက မကျေနပ်ခံစားနေရပြီး သတင်းဌာနတွေကိုဖော်ပြပြီးနောက်မှာတော့ အကြမ်းဖက်မှု၊ ကလေးငယ်များကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးထားမှု၊မီးရို့မှုတွေ အပြင် ကလေးငယ်တွေကို မိဘတွေကို ပေးမတွေ့ဘဲ ဖုံးကွယ်ထားမှု စတဲ့ အမှုတွေဟာကြေအေးလို့ မရတဲ့ အမှုတွေဆိုတာကို ပြည်သူတွေနဲ့ ဥပဒေပညာရှင်တွေက ၀ိုင်းဝန်းထောက်ပြပြောဆိုခဲ့ပါတယ်။
အင်းဝစက်ချုပ်ဆိုင်မှမိသားစုများကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ ပုဒ်မ ၃၇၀၊ ၃၇၁ ၊၃၂၅၊၃၂၆ အပြင်းအထန်နာကျင်စေမှုအရ ကြေအေးခွင့်မရှိတာကြောင့်ကော်မရှင်ရဲ့ ၀င်ရောက်ညှိနိုင်းပေးတာဟာ ဥပဒေ အရ လမ်းလွဲနေတယ်လို့ ရှေ့နေတွေကထောက်ပြထားပါတယ်။
Author-နိုင်ငံရေးသတင်းအဖွဲ့
—————————————————————————————————–
Credit to @ Mizzima
ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အင်းဝအပ်ချုပ်ဆိုင်မှ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ကိုယ်တိုင် အမှုဖွင့်ထားသူ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးသိန်းက မဇ္ဈိမသို့ပြောသည်။
“အခု လောလောဆယ်တော့ မတင်သူဇာနဲ့ မသီရိလတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်ထားတယ်၊ ၂၄ က အနည်းဆုံး ၁၀ နှစ် အများဆုံး အနှစ်နှစ်ဆယ်၊ ၃၂ ဆိုတာက ပူးပေါင်းပါဝင်တဲ့သူကို ၂၄ အတိုင်းပဲ ပြစ်ဒဏ်ချနိုင်တယ်”ဟု ရဲမှူး မျိုးသိန်းက ပြောသည်။
ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်မှု ပြုသည်ကို မြန်မာနောင်း (Myanmar Now) သတင်းအေဂျင်စီမှ စုံစမ်းသိရှိခဲ့ပြီး ကျောင်တံတားရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးစေခဲ့သည်။
အဆိုပါ ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်မှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်သည်။
မစန်းကေခိုင်တွင် လက်ချောင်းဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊ လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ၊ များရရှိနေပြီး မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်ဟု အဆိုပါ အိမ်အကူမိန်းကလေးနှစ်ဦးက စက်တင်ဘာ ၁၇ ရက်က ကော့မှူးမြို့နယ် ဖျံရွာကျေးရွာတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ၀င်ရောက်ညှိနှိုင်းပေးမှုဖြင့် လက်ချောင်း ဆယ်ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့သည်။
ဆယ်ကျော်သက်ရွယ် အိမ်အကူအမျိုးသမီးနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရမှုအတွက် ဥပဒေ နည်းလမ်းအတိုင်းလုပ်ဆောင်ရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နှင့်ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပြုတိုက်တွန်းစာပေး ပို့သွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသူ ကိုဆွေဝင်းကမဇ္ဈိမကိုပြောသည်။
“ခံခဲ့ရတဲ့ မိဘတွေ ကလေးငယ်တွေက ဒီဟာနဲ့ပက်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ လုံးဝကို ဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာ သူတို့ကို ကူညီပေးမယ့် အဖွဲ့အစည်းတစ်ဖွဲ့မှမရှိဘူး ကူညီပေးမယ့် ပုဂ္ဂိုလ်လည်းမရှိဘူး ဒါကြောင့်မို့လို့ ကျွန်တော်ကနေပြီး မူလတိုင်ကြားထားသူအနေနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရယ် ပြည်ထဲရေးဝန်ကြီးဌာနရယ်ကို ဥပဒေအတိုင်းညီညွတ်အောင် ဥပဒေအတိုင်း နည်းလမ်းအတိုင်း လုပ်ဆောင်ပေးဖို့ဆိုပြီးကျွန်တော် အကြံပြုတိုက်တွန်းတဲ့စာကို မနက်ဖြန်ကျရင်ပေးပို့သွားမှာပါ ” ဟု ကိုဆွေဝင်းက မဇ္စျိမကို အတည်ပြု ပြောသည်။
အဆိုပါ အမှုဖြင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း လက်တလောဖြေကြားမှုမပြု နိုင်သေးကြောင်း ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းပြသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
——————————————————————————————————-
Kyaw Swar Myint
အင်းဝအပ်ချုပ်ဆိုင်က နှိပ်စက်ခံအိမ်အကူမိန်းကလေးတွေ ကိစ္စကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီးအမှုဖွင့်လိုက်ပြီ။
=====================================
ရန်ကုန်၊ စက်တင်ဘာ ၂၀
ရဲအရေးပိုင်တဲ့ အမှုတစ်ခုဖြစ်ပေမယ့်လည်း ညှိနှိုင်းမှုနဲ့
ပြဿနာကို ဖြေရှင်းလိုက်တဲ့ အင်းဝအပ်ချုပ်ဆိုင်က နှိပ်စက်ခံအိမ်အကူမိန်းကလေးတွေ ကိစ္စကို လူကုန်ကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့နေ့လည်ပိုင်းမှာ အမှုဖွင့်လိုက်ပြီလို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် လူကုန်တားရဲတပ်ဖွဲ့ခွဲက တရားလိုလုပ်လိုက်တာဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်အရေးယူတာဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုနံပါတ်ကတော့ ပ/၁၉၃ ဖြစ်ပါတယ်။ ဆိုင်ရှင်အမျိုးသမီး
ဖြစ်သူနဲ့ သူ့ရဲ့သမီးကို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ပေါ်ပြူလာ
—————————————————————————————-

Popular News Journal
20.9.2016
အင်းဝအပ်ချုပ်ဆိုင်က နှိပ်စက်ခံအိမ်အကူမိန်းကလေးတွေ ကိစ္စကို လူကုန်ကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီးအမှုဖွင့်လိုက်ပြီ
ရန်ကုန်၊ စက်တင်ဘာ ၂၀
ရဲအရေးပိုင်တဲ့ အမှုတစ်ခုဖြစ်ပေမယ့်လည်း ညှိနှိုင်းမှုနဲ့ ပြဿနာကို ဖြေရှင်းလိုက်တဲ့ အင်းဝအပ်ချုပ်ဆိုင်က နှိပ်စက်ခံအိမ်အကူမိန်းကလေးတွေ ကိစ္စကို လူကုန်ကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့နေ့လည်ပိုင်းမှာ အမှုဖွင့်လိုက်ပြီလို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် လူကုန်တားရဲတပ်ဖွဲ့ခွဲက တရားလိုလုပ်လိုက်တာဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့မှ ဒုရဲမှူး မျိုးသိန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်အရေးယူတာဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုနံပါတ်ကတော့ ပ/၁၉၃ ဖြစ်ပါတယ်။ ဆိုင်ရှင်အမျိုးသမီးဖြစ်သူနဲ့ သူ့ရဲ့သမီးကို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
YL

ဓာတ်ပုံ – Myanmar Now