သတင်း

အထင်မသေးထိုက်သော တရားလေးပါး (ဝါ) အထီးကျန်ရဟန်းနှင့် အကျည်းတန်အလွမ်း

 

အထင်မသေးထိုက်သောတရားလေးပါးကား မင်းသား၊ မြွေ၊ မီး၊ ရဟန်းတို့ဖြစ်၏။

မင်းသားကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။
မြွေကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။
မီးကို သေးငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။
ရဟန်းကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်ပေ။

မဟာဆီ မဟာသွေးအပြည့်ရှိသော မင်းသားလေးကို ကလေးအရွယ်ပဲဟု သဘောထားကာ မထီမဲ့မြင် မပြုကောင်းပေ။ အကြောင်းကား ထိုမင်းသားရှင်ဘုရင်ဖြစ်ခဲ့သော် မင်းပြစ်မင်းဒဏ်ပေးနိုင်သောကြောင့် ဖြစ်၏။

အဆိပ်ရှိသောမြွေကို သေးငယ်၏ဟူ၍ မထီမဲ့မြင်မပြုအပ်ပေ။ အကြောင်းကား မြွေကိုက်လျှင် အဆိပ်သင့်တတ်သောကြောင့် ဖြစ်၏။

ပိုးစုန်းကြူအရွယ်မျှရှိသော မီးကို သေးငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်ပေ။ အကြောင်းကား ဗြဟ္မာ့ပြည်တိုင်အောင် လောင်ကျွမ်းတတ်သောကြောင့် ဖြစ်၏။

သီလနှင့်ပြည့်စုံသော ရဟန်းကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်ပေ။ အကြောင်းကား သီလတန်ခိုးကြီးသောကြောင့်ဖြစ်၏။

မင်းလည်းတစ်ခန်း၊ ရဟန်းတစ်သီး၊ မီးလည်းတစ်ထွေ၊ မြွေလည်းတစ်ခြား၊ ဤလေးပါးကို၊ လေးစားမမူ၊ ငယ်၏ဟူ၍၊ စွဲယူဝမ်းတွင်း၊ မှတ်မသွင်းလင့်(မဃဒေဝ။ ၃၆၇။)

ဤလေးပါးတွင် ရှေ့သုံးပါးကို အထူးမပြောလိုတော့ပေ။ နောက်ဆုံးတစ်ပါးကိုသာ အကျယ်ချဲ့၍ ပြောလိုပေသည်။

ကိုယ်ကျင့်သီလနှင့်ပြည့်စုံသောရဟန်းကို ကာယကံဖြင့် မထီမဲ့မြင်မပြုကောင်းပါ။ ဝစီကံဖြင့် ပြက်ရယ်မပြုကောင်းပါ။
ယုတ်စွအဆုံး ကိုရင်လေးပင် ဖြစ်စေဦးတော့ သိလျက်ဖြင့် လမ်းဖယ်မပေးတာမျိုး၊ တမင်တကာ ဝင်တိုက်တာမျိုး၊ မမြင်ချင်ဟန်ဆောင်ကာ လမ်းပိတ်ထားတာမျိုး မပြုကောင်းပါ။ ပြုလျှင် ကာယကံဖြင့် မထီမဲ့မြင် ပြုရာရောက်ပါသည်။ အထင်သေးရာရောက်ပါသည်။

“ကိုရင်လေးက တယ်ကြည်ညိုစရာကောင်းတာပဲ။ လည်ဂုတ်ကလေးကတိုလို့။ ဗိုက်ကြီးကပူနေတော့ ဘုရားစကားတော်တွေ အများကြီးထည့်ထားလို့ရတာပေါ့။ ဒီပုံနဲ့တော့ တောထွက်တရားကျင့်ပါလိမ့်မယ် အားကြီးကြီး။ သံဃာ့ထေရ်ဖြစ်ရင်တော့ အတော်ကြည်ညိုစရာကောင်းမည့်ပုံပဲ။” ဤသို့ စသည်ဖြင့် သရော်လှောင်ပြောင်ခြင်းသည် ဝစီကံဖြင့် ပြက်ရယ်ပြုရာရောက်ပါသည်။

ထို့ကြောင့် အကျင့်သီလနှင့် ပြည့်စုံသော ရဟန်းတော်ကိုမဆိုထားနှင့် ကိုရင်လေးတစ်ပါးအပေါ်ပင် မထီမဲ့ပြုခြင်း သရော်လှောင်ပြောင်ခြင်း မပြုကောင်းပေ။ သီလခိုက်တတ်သောကြောင့် ဖြစ်၏။

ဤသည်မှာ ဘုရားအဆုံးအမတော်ဖြစ်၏။ ဤအဆုံးအမတော်သည် ယဉ်ကျေးမှုတရပ်ဖြစ်၏။

ထို့ကြောင့် မိဘပင်ဖြစ်စေကာမူ ယနေ့ဝတ်ကာစ သားကိုရင်လေးကို လက်အုပ်ချီမိုး ရှိခိုးရခြင်းဖြစ်၏။ ရိုရိုသေသေ ဆက်ဆံရခြင်းဖြစ်၏။ ထိုသို့ ဆက်ဆံခြင်းကြောင့် မိဘများမှာ ကုသိုလ်တရားတိုးပွားပါသည်။ ဂါရဝတရားများ ပြည့်ဝလာသဖြင့် စိတ်ထားနူးညံ့သိမ်မွေ့လာပါသည်။

ဤသို့ ကာယကံ ဝစီကံအရ ရိုသေလျှင် ရိုသေသလောက် ကောင်းကျိုးတရားဖြစ်ထွန်းသကဲ့သို့ မရိုသေလျှင် မရိုသေသည့်အလျောက် အပြစ်တရားကြီးမားပါသည်။ အကြောင်းကား ပြစ်မှားခံရသူက ကိုယ်ကျင့်သီလဖြူစင်သောကြောင့်တည်း။

ကိုယ်ထိလက်ရောက် မကျူးလွန်ဘဲ မထီမဲ့မြင်ပြုခြင်း သရော်လှောင်ပြောင်ခြင်းသည်ပင် ဤမျှအထိ အပြစ်ကြီးမားပါလျှင် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမိပါမူ ဆိုဖွယ်ရာပင် မရှိနိုင်တော့ပေ။

ထိုသို့ ကိုယ်ထိလက်ရောက်စော်ကားမိခြင်းကြောင့် ရရှိအပ်သော အပြစ်များကို မြတ်စွာဘုရားက ဤသို့ဟောကြားထားပါသည်။

ယဉ္စ ခေါ သီလသမ္ပန္နော၊ ဘိက္ခု ဍဟတိ တေဇသာ။
န တဿ ပုတ္တာ ပသဝေါ၊ ဒါယာဒါ ဝိန္ဒရေ ဓနံ။
အနပစ္စာ အဒါယာဒါ၊ တာလာဝတ္ထူ ဘဝန္တိ တေ။

သီလနှင့်ပြည့်စုံသောရဟန်းသည် သီလတည်းဟူသောတန်ခိုးဖြင့် မထီမဲ့မြင် နှိပ်စက်ပြစ်မှားခြင်းရှိသူကို လောင်၏။ သားသမီးလည်း မထွန်းကားနိုင်။ ကျွဲ နွား ကြက်ဝက်မွေးလည်း မဖြစ်ထွန်းပေ။ အမွေခံဖြစ်လျှင် အမွေမရနိုင်တော့ပေ။ မိမိလည်း အမွေမရ။ မိမိအမွေဆက်ခံမည့်သားသမီးလည်း မထွန်းကားဘဲ လည်ဆစ်ကျိုးသော ထန်းငုတ်တိုကဲ့သို့ အကျည်းတန်ရုပ်ဆိုး အသရေညှိုးရကုန်၏။

တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္တမတ္တနော။
ဘုဇင်္ဂမံ ပါဝကဉ္စ၊ ခတ္တိယဉ္စ ယသဿိနံ။
ဘိက္ခုဉ္စ သီလသမ္ပန္နံ၊ သမ္မဒေဝ သမာစရေ။

ထို့ကြောင့် မိမိအကျိုးစီးပွားကို ကောင်းစွာရှုမြင်သော ပညာရှိပုဂ္ဂိုလ်သည် မြွေကိုလည်းကောင်း၊ မီးကိုလည်းကောင်း၊ အခြံအရံရှိသော မင်းကိုလည်းကောင်း၊ သီလနှင့်ပြည့်စုံသော ရဟန်းကိုလည်းကောင်း ကောင်းစွာသာလျှင် ကျင့်ရာပေ၏။

(ဒဟရသုတ်၊ သဂါထာဝဂ္ဂပါဠိ၊ သံ။ ၁။ ၆၉။)

ဘိက္ခု ဍဟတိ တေဇသာ- သီလတန်ခိုးဖြင့် လောင်ကျွမ်း၏ဟု ဆိုရာဝယ် သီလခိုက်ပုံ မခိုက်ပုံကို ဤသို့ ခွဲခြားထားပါသည်။

မိမိကိုဆဲရေးသူကို ပြန်ဆဲသော ရဟန်း၊ မိမိကို ရန်လာတွေ့သူကို ပြန်ရန်တွေ့သောရဟန်း၊ မိမိကို ရိုက်နှက်ပုတ်ခတ်လာသူကို ပြန်လှန်တုဘက် ရိုက်နှက်ပုတ်ခတ်သောရဟန်း။ ဤရဟန်းသုံးမျိုး၏ သီလတန်ခိုးသည် ပြစ်မှားစော်ကားသူကို မလောင်ကျွမ်းနိုင်။

ဆဲရေးလာသူကို ပြန်မဆဲသောရဟန်း၊ ရန်လာတွေ့သူကို ပြန်ရန်မတွေ့သောရဟန်း၊ ရိုက်နှက်ပုတ်ခတ်လာသူကို ပြန်လည်မရိုက်နှက် မပုတ်ခတ်သောရဟန်း၊ ဤရဟန်းသုံးမျိုး၏ သီလတန်ခိုးသည်သာ ပြစ်မှားစော်ကားသူကို လောင်ကျွမ်းစေပါသည်။

ဘိက္ခု ဍဟတိ တေဇသာတိ ဧတ္ထ အက္ကောသန္တံ ။ပ။ တသ္မိံ ဝိပ္ပဋိပန္နော တဿ သီလတေဇေန ဍယှတိ။
(သံ။ ဋ္ဌ။ ၁။ ၁၂၃။)

(၄င်းအဋ္ဌကထာ၌ ဘိက္ခုဉ္စ သီလသမ္ပန္နံ၊ သမ္မဒေဝ သမာစရေ- သီလရှိသောရဟန်းအပေါ် ကောင်းစွာကျင့်ပုံနှင့် ထိုသို့ ကောင်းစွာကျင့်သောကြောင့် ရရှိအပ်သော ကောင်းကျိုးတရားများကိုလည်း ဖွင့်ဆိုထားပါသည်။)

နိုဝင်ဘာလ ၂၈ရက်နေ့ မွန်းလွဲပိုင်းကာလ၊ ထောက်ကြံ့လမ်းဆုံ လမင်းသာ စားသောက်ဆိုင်(၂)မှာ အကြမ်းဖက်ခံရသော ရမ္မာဝတီဆရာတော်ကြီးဘဒ္ဒန္တဣန္ဒက(သက်တော်၆၇၊ သိက္ခာတော် ၄၇ဝါ)သည် ကိုယ်ကျင့်သီလဖြူစင်သည့် ဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။

၎င်းသည် ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကား အနိုင်ကျင့်သူများအား မတုန့်ပြန်ခဲ့ပါ။ ဤသို့ဆိုလျှင် ၄င်းအား ထိုးကြိတ်ကန်ကျောက်သူများ သီလခိုက်ကြတော့မည်ဖြစ်ပါသည်။ သီလခိုက်ခြင်းကြောင့် ခံစားအပ်သော အပြစ်များကိုလည်း ဘုရားဟောဒေသနာအတိုင်း ပြောခဲ့ပြီးပေပြီ။ ထို့ကြောင့် လမင်းသာ(၂)ဆိုင်ရှင် ဦးအောင်မိုးနှင့် ခပ်ဝေးဝေးနေစေလိုပါသည်။ ပါပစက်ကွင်း မိမည်စိုးသောကြောင့်ဖြစ်ပါသည်။

ဤသည်မှာ ရဟန်းတစ်ပါးကို ကာယကံမြောက် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကြောင့် ရရှိအပ်သော အပြစ်များဖြစ်ပါသည်။ စွပ်စွဲခြင်းကြောင့် ရရှိနိုင်သော အပြစ်များ မပါသေးပါ။  ရဟန်းတော်တစ်ပါးကို မဟုတ်မမှန် စွပ်စွဲသူများနှင့် ပတ်သက်၍ မြတ်စွာဘုရားဟောကြားထားသော တရားတော်များရှိပါသည်။

(ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကသည် တစ်ပါးတည်း ဧကစာရီကျင့်နေသောကြောင့်လည်းကောင်း၊ အနိုင်ကျင့်ခံရတာလည်း ဝမ်းမနည်းပါ။ ပိုက်ဆံပျောက်တာလည်း ဝမ်းမနည်းပါ၊ ဆရာတော်ကြီးတစ်ပါးကို ဝိုင်းဝန်းရိုက်နှက် အကြမ်းဖက်နေတာကို တွေ့မြင်ကြပါလျက် ဆွဲထူမည့်သူ တွဲကူမည့်သူမရှိဘဲ လက်ပိုက်ကြည့်နေနိုင်ကြသည်ကိုသာ ဝမ်းနည်းမိပါသည်ဟု လွမ်းလွမ်းဆွေးနွေး ခံစားရသောကြောင့် လည်းကောင်း အထီးကျန်ရဟန်း၏ အကျည်းတန်အလွမ်းဟု တင်စားလိုက်ပါသည်။ ဆရာတော်ကြီး၏ ခံစားချက်သည် မျက်မှောက်ခေတ်ကို လှစ်ဟပြဆိုနေပါသည်။)

ဝီရသူ(မစိုးရိမ်)
2.12.2017
PM 10:24