သတင်း

အမျိုးသားတိုးတက်ရေးပါတီ သဘောထားကြေညာချက်

စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲအား ကန့်ကွတ်ရှုံ့ချကြောင်း သဘောထားကြေညာချက်(၃/၂၀၁၇)
ရက်စွဲ၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂၄.၁၀.၂၀၁၇ ရက်နေ့ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင်ပြုလုပ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်ခဲ့ရာ အခြားဘာသာခေါင်းဆောင်များအား အမြင့်နေရာတွင်နေရာချထားပြီး ဗုဒ္ဓဘာသာဝင် သာမဏေများအား နိမ့်သောနေရာများတွင် နေရာချထားသည်ကို တွေ့ရှိရသဖြင့် များစွာစိတ်မကောင်း ယူကြုံးမရဖြစ်မိပါသည်။

စစ်မှန်သော ဗုဒ္ဓဘာသာဝင်တိုင်း ခံယူထားသည်မှာ ရဟန်း/သာမဏေခွဲခြားခြင်းမရှိ မြတ်ဗုဒ္ဓ၏ သားတော်များအဖြစ်မြင့်မြတ်သောနေရာတွင် စံပယ်တော်မူစေလျက်ရှိခိုးဦးတင်ပူဇော်သမှု ပြုကြရမည်ဖြစ်ပါသည်။ သို့ရာတွင် ပွဲစီစဉ်သူတို့၏ အလေးဂရုပြုမှုအားနည်းသောကြောင့် သာမဏေများအား နိမ့်သောနေရာတွင် ရှိနေရသည်ဟု ထင်မြင်ယူဆမိပါသည်။

ထို့အပြင် အာဏာရပါတီမှ ဦးစီးကျင်းပသည့်ပွဲများတွင် အထူးသဖြင့် ထိခိုက်ရှလွယ်သော ဘာသာရေးဆိုင်ရာပွဲများကျင်းပသည့်အခါ ဗဟိုမှသည် အဆင့်ဆင့်သောပါတီအဖွဲ့ခွဲများအား ထိမ်းကြောင်း ကြပ်မတ် ညွှန်ကြားမှုများလိုအပ်လျက်ရှိသည်ဟု ယူဆပါသည်။

သို့ဖြစ်ပါ၍ သာမဏေများအား နိမ့်သောနေရာတွင် နေရာချပြီးကျင်းပပြုလုပ်ခဲ့သော စဥ့်ကိုင်မြို့နယ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲအား စစ်မှန်သောဗုဒ္ဓဘာသာဝင်အားလုံးကိုယ်စား ရှုံ့ချကန့်ကွက်ပါကြောင်း အမျိုးသားတိုးတက်ရေးပါတီ၏ သဘောထားကြေညာချက်ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ