သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၄)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက်
==============================
(င) ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ဖြင့် အရေးယူရန် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်ချက်။
၄၁။ သက်သေပြရန်တာဝန်နှင့်စပ်လျဉ်းသော အခြေခံသဘောတရားများကို သက်သေခံဥပဒေပုဒ်မ ၁၀၁ နှင့် ၁၀၂ တို့တွင် ပြဋ္ဌာန်းထားပါသည်။ ပြစ်မှုမြောက်စေသည့် အကြောင်းအင်္ဂါရပ်များစုံလင်အောင် တင်ပြသက်သေထူရန် တရားလိုဘက်တွင် တာဝန်ရှိပါသည်။ တစ်ဦးတစ်ယောက်သောသူသည် တစ်စုံတစ်ရာ အကြောင်းခြင်းတရာတည်ရှိကြောင်း သက်သေထင်ရှားတင်ပြရမည်ဖြစ်လျှင် ထိုအကြောင်းခြင်းရာအား သက်သေထင်ရှားတင်ပြရန်တာဝန်သည် ထိုသူ၏အပေါ်တွင် ကျရောက်သည်ဟုဆိုရပါမည်။ စွပ်စဲထားသော ပြစ်မှု၏ အင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိလျှင် တရားစွဲဆို အပြစ်ပေးနိုင်ခြင်းမရှိကြောင်း အခြေအနေ ပေါ်ပေါက်မည်ဖြစ်ပါသည်။
၄၂။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေအမှတ် ၂၀/၉၀ ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သည် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၃၀ ရက်(၁၃၅)နှစ်ခုစ် တန်ဆောင်မုန်းလဆန်း(၁၄)ရက် နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က လက်မှတ်ရေးထိုးပြီး ထုတ်ပြန် ပြဋ္ဌာန်းလာသော ဥပဒေဖြစ်ပါသည်။
၄၃။ အထက်ပါဥပဒေကို ပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်မှာ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအရေးအခင်းဖြစ်ပြီး နောက် တရားမဝင်သော သံဃာ့အဖွဲ့အစည်းများဖြစ်သည့် သံဃသာမဂ္ဂီအဖွဲ့၊ ရဟန်းပျိုအဖွဲ့၊ ကျောင်းထိုင်ဆရာတော်များ၊ သံဃသမဂ္ဂအဖွဲ့နှင့် အလားတူ သံဃာ့အဖွဲ့အစည်း ထိုသို့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အမိန့်အမှတ် ၇/၉၀ကို အခြေခံပြီး သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ကို ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်(၁၃၅၂ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်)နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၄င်းအမိန့်အမှတ် ၇/၉၀ ကို အခြေခံပြီး သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ကို(၃၁.၁၀.၁၉၉၀)ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့ကို အရေးယူရန်အတွက် ပြဋ္ဌာန်းထားခြင်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၄၄။ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ တွင် မည်သည့်ရဟန်း သို့မဟုတ် သာမဏေမဆို ပုဒ်မ ၈ သို့မဟုတ် ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ကျခံရမည် ဟု ပြဋ္ဌာန်းထားပါသည်။
၄၅။ ယင်းဥပဒေပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်ကို ကျူးလွန်ဖောက်ဖျက်ရန်အတွက် ယင်းဥပဒေပုဒ်မ ၈ သို့မဟုတ် ယင်းဥပဒေပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်၏ အင်္ဂါရပ်များနနှင့် ငြိစွန်းရန်လိုအပ်ပါသည်။ ယင်းဥပဒေပုဒ်မ ၈ သို့မဟုတ် ပုဒ်မ၉ပါ ပြဋ္ဌာန်းချက်များ၏ အင်္ဂါရပ်များနှင့် ငြိစွန်းခြင်းမရှိပါက ယင်းဥပဒေပုဒ်မ ၁၂ နှင့် အရေးယူအပြစ်ပေး နိုင်ကြောင်း ပေါ်ပေါက်နေပါသည်။
၄၆။ ယင်းဥပဒေပုဒ်မ ၈ တွင် ပုဒ်မ ၅ ပါ သံဃာ့ဂိုဏ်းများမှအပ ဂိုဏ်းသစ်များ ခွဲခြားတည်ထောင်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။
၄၇။ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၅ တွင် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအရ အတည်ပြုထားသော သံဃာ့ဂိုဏ်း၉ဂိုဏ်းရှိပါသည်။ ယင်းတို့မှာ က သုခမ္မာဂိုဏ်း၊ (ခ) ရွှေကျင်ဂိုဏ်း၊ (ဂ)ဓမ္မာနုဓမ္မမဟာဒွရနိကာယဂိုဏ်း၊ (ဃ) ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း (င) အနောက်ချောင်း ဒွါရဂိုဏ်း၊ (စ) ဝေဠုဝန်နိကာယဂိုဏ်း၊ (ဆ)စတုဘုမ္မိကမဟာသတိပဋ္ဌာန်းငှက်တွင်းဂိုဏ်း၊ (ဇ) ဂဏဝိမုတ် တူးတို့ဂိုဏ်း၊ (ဈ)ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်းတို့ဖြစ်ကြပါသည်။
၄၈။ ယင်းဥပဒေပုဒ်မ ၈ အရ အထက်ပါသံဃာဂိုဏ်း(၉)ဂိုဏ်းအပြင် ဂိုဏ်းသစ်များ တည်ထောင်ခြင်းမပြုရန် ပြဋ္ဌာန်းထားခြင်းသာဖြစ်ပါသည်။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ဘာသာရေးနှင့်သက်ဆိုင် သောအသင်းအဖွဲ့များကို တည်ထောင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားခြင်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၄၉။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို သံဃာ့ဂိုဏ်း(၉)ဂိုဏ်းမှ ရဟန်းသံဃာများဖြင့် အမျိုး ဘာသာ သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ထို့ပြင် ဂိုဏ်း၉ဂိုဏ်းမှ ရဟန်းသံဃာများကို ဆည်းကပ်ကိုးကွယ်သည့် ဒါယကာ၊ ဒါယိကာမ လူပုဂ္ဂိုလ်များဖြင့် ပူးပေါင်းပြီး ဖွဲ့စည်းထားသော ပရဟိတအသင်းကြီးသာဖြစ်ပါသည်။
၅၀။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သီးခြားတည်ထောင်ထားသော သံဃာများဖြင့် ဖွဲ့စည်းထားသည့် သီးခြားဂိုဏ်းအသစ်မဟုတ်သောကြောင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၈ ပါ အင်္ဂါရပ်များနှင့် ငြိစွန်းခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၅၁။ သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေပုဒ်မ ၉ တွင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြပ်မှုအောက်၌ တည်ရှိသော ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၏ သြဝါဒါစရိယသံဃာ့အဖွဲ့အစည်းများ၊ နာယကသံဃာ့အဖွဲ့များ၊ ထေရဝါဒပရိယတ္တိစာပြန်ပွဲ၊ သို့မဟုတ် ပရိယတ္တိစာမေးပွဲများ ကျင်းပပေးသည့် သံဃာ့အဖွဲ့အစည်းများမှအပ သက်ဆိုင်ရာ သံဃနာယကအဖွဲ့တစ်ခုခု၏ ကြီးကြပ်မှုကို မခံယူသော သံဃာ့ အဖွဲ့အစည်းကို ဖွဲ့စည်းခြင်းမပြုရဟု ပြဋ္ဌာန်းထားပါသည်။
၅၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေတို့နှင့်အညီ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ရဟန်းသံဃာများ လူပုဂ္ဂိုလ်များဖြင့် စုပေါင်းပြီး ဖွဲ့စည်းထားသော ပရဟိတ အသင်းကြီးဖြစ်သောကြောင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ၉ပါ အင်္ဂါရပ်များနှင့် ငြိစွန်းမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၅၃။ သို့ဖြစ်ပါ၍ အထက်ပါသုံးသပ်ချက်များအရ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၈ နှင့် ၉ ပါ အင်္ဂါရပ်များနှင့် ငြိစွန်းခြင်းမရှိပါသောကြောင့် ယင်းဥပဒေပုဒ်မ ၁၂ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၅၄။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေပုဒ်မ ၁၃ တွင် မည်သူမဆိုပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်းခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ်၃နှစ်အထိ ကျခံစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။
၅၅။ သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ပြစ်ဒဏ်ပေးနိုင်ရန်အတွက် ယင်းဥပဒေပုဒ်မ ၁၀ ပါ အင်္ဂါရပ်များနှင့် ငြိစွန်းရန်လိုအပ်ပါသည်။ ယင်းဥပဒေပုဒ်မ ၁၀ တွင် မည်သူမဆို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ပြိုကွဲပျက်စီးစေရန် စည်းရုံးခြင်း လှုံ့ဆော်ခြင်း ဟောပြောခြင်း ရေးသားဖြန့်ချီခြင်းမပြုရဟု ပြဋ္ဌာန်းထားပါသည်။
၅၆။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကိုသော် လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကိုသော်လည်းကောင်း၊ နိုင်ငံတော်သြဝါဒစရိယအဖွဲ့ကို သော်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့အဆင့် ဆင့်ကိုသော်လည်းကောင်း၊ တရားဝင်ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုထားသော သံဃာဂိုဏ်း ၉ ဂိုဏ်းကိုသော်လည်းကောင်း မည်သည့်သံဃာ့အဖွဲ့အစည်း၊ သံဃာဂိုဏ်းကိုသော်လည်းကောင်း ပြိုကွဲ ပျက်စီးရန် စည်းရုံးလှုံ့ဆော်ရန် ဟောပြော၊ ရေးသား၊ ဖြန့်ချီရန် ယင်းအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြဋ္ဌာန်းထားခြင်းလုံးဝမရှိသကဲ့သို့ လုပ်ဆောင်ခြင်းလည်းအလျဉ်းမရှိခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၅၇။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(အခြေခံမှုများ) အခန်း(၃)၊ အပိုဒ်(၈)တွင် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးက သတ်မှတ်ထားသော သံဃာဂိုဏ်းများမှ တစ်ပါးသီးခြားဂိုဏ်းမဟုတ်စေဘဲ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် သက်သက်သာဖြစ်သည့် ရဟန်းရှင်လူပြည်သူများပါဝင်သော ဘာသာရေး လူမှုရေးအခြေပြုသည့် သာသနာပြုအဖွဲ့အစည်းသာဖြစ်စေရ မည်ဟု အတိအလင်းပြဋ္ဌာန်းထားပါသည်။
၅၈။ ထို့ပြင်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဦးဆောင်သည့် ဦးဆောင်ဆရာတော်ကြီးများ သည် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့်အညီ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများထံ သြဝါဒခံယူပြီးမှ ဖွဲ့စည်းထားသည့်အဖွဲ့အစည်းလည်းဖြစ်ပါသည်။
၅၉။ သို့ဖြစ်ပါ၍ အထက်ပါသုံးသပ်ချက်များအရ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပါ အင်္ဂါရပ်များနှင့် ငြိစွန်းခြင်းမရှိပါသဖြင့် ယင်းဥပဒေပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၀။ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄ တွင် မည်သည့်ရဟန်းသို့မုတ် သာမဏေမဆို ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၆ လကျခံစေရမည် ဟု ပြဋ္ဌာန်းထားပါသည်။
၆၁။ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄ ဖြင့် ပြစ်ဒဏ်ပေးနိုင်ရန်အတွက် ယင်းဥပဒေပုဒ်မ ၁၁ပါ အင်္ဂါရပ်များနှင့်ငြိစွန်းရန် လိုအပ်ပါသည်။ ယင်းဥပဒေပုဒ်မ ၁၁ တွင် ရဟန်းသို့မဟုတ် သာမဏေတစ်ပါးပါးကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က အရေးယူဆုံးမသည့်အခါ ထိုသို့ဆုံးမခံရသော ပုဂ္ဂိုလ်သည် ဆုံးမသည့်အတိုင်း လိုက်နာရမည်ဟု ပြဋ္ဌာန်းထား ပါသည်။
၆၂။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ဗုဒ္ဓဘသာ သာသနာတော်မပျောက်ပျက်၊ မတိမ်ကောရအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သော ပရဟိတလူမှုရေးအသင်းအဖွဲ့အစည်းသာဖြစ် ပါသည်။ သာသနာတော်အဓွန့်ရှည် တည်တံ့အောင် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က သြဝါဒပေးစရာအကြောင်းပေါ်ပေါက်ခြင်းမရှိပါသဖြင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၁ ပါ အင်္ဂါရပ်များနှင့် ငြိစွန်းခြင်းမရှိပါသဖြင့် ယင်းဥပဒေပုဒ်မ ၁၄ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၃။ အထက်ပါဥပဒေအကြောင်းဆိုင်ရာ သုံးသပ်ချက်များအရ ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ဖြင့် အရေးယူရန် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်ညီညွတ်မှု၊ ငြိစွန်းမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည် အရှင်ဘုရား။