သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၅)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက်
=============================

(စ) လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် အရေးယူရန်အတွက် အကြုံးဝင်သက်ဆိုင်မှုမရှိ ကြောင်း သုံးသပ်ချက်

၆၄။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းသံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတို့သည် လူပုဂ္ဂိုလ်များအတွက် ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများမဟုတ်ပါသဖြင့် လူပုဂ္ဂိုလ်များသည် စောင့်ထိန်းလိုက်နာရန် တာဝန်မရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၅။ ရာဇသတ်ကြီးဥပဒေ အခန်း ၁၅ တွင် ဘာသာ သာသနာဆိုင်ရာပြစ်မှုများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ မှ ၂၉၈ထိ တွင် ပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အမိန့်ကြေငြာချက်၊ ဆုံးဖြတ်ချက်ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များသည် မလိုက်နာပါက အရေးယူဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၆။ အခြားတည်ဆဲဥပဒေများဖြင့်လည်း အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၇။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ်များနှင့်ပတ်သက်၍ မည်သည့်ဥပဒေ ပုဒ်မတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိတိကျကျထုတ်ပြန်ကြေငြာထားခြင်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၆၈။ သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လူပုဂ္ဂိုလ်ဆိုင်ရာ အရေးယူမည့်ကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်သည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသောကြောင့် အမျိုး ဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည် အရှင်ဘုရား။
(ဆ) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သို့ အယူခံစောဒနာ လျှောက်ထားနိုင်ကြောင်း သုံးသပ်ချက်
၆၉။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအပိုဒ်၁၄(က) အရ နိုင်ငံတော်အဆင့်သံဃာ့အဖွဲ့များကို အောက်ပါ အတိုင်း ဖွဲ့စည်းထားပါသည်။
၁။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့
၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
၃။ နိုင်ငံတော်သြဝါဒစရိယအဖွဲ့ဟူ၍ အဖွဲ့(၃)ဖွဲ့ရှိပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သည် အမြင့်ဆုံးအဖွဲ့ ဖြစ်ပါသည်။
၇၀။ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့၏ ကွဲပြားခြားနားချက် မှာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကို ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးသို့ တက်ရောက်လာသော သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်များထံမှ ဆရာတော် ၂၀၀ မှ ၃၀၀ အထိပါဝင်စေ၍ ဖွဲ့စည်းရမည်။ အပိုဒ်(၄)တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော် (၄၇)ပါးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပါသည်။
၇၁။ အခန်း(၅)အပိုဒ်(၂၅)တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကို မိမိတို့အထဲမှ ဆရာတော်(၄၇)ပါး ပါဝင်စေ၍ ရွေးချယ်ဖွဲ့စည်းပေးရမည်။
၇၂။ အခန်း(၅)အပိုဒ်(၂၆)တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်နှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များလည်း ဖြစ်ကြရသည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။
၇၃။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်တို့မှာ တစ်ပါးတည်းအတူတူပင်ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကို သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများအပိုဒ်(၃)အရ သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်များထဲမှ ဆရာတော် ၂၀၀ မှ ၃၀၀ အထိပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများအပိုဒ်(၄)အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့မှ ဆရာတော်(၄၇)ပါးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
၇၄။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည်(၂၃.၅.၂၀၁၇)ရက်နေ့တွင် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲကို ဖျက်သိမ်းကြောင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။
၇၅။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးတို့ကို မပျောက်မပျက် တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းစောင့်ရှောက်သော ဘာသာရေးအသင်းအဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ပခုံးချင်းယှဉ်ပြီး နေရာရရှိရန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းမဟုတ်ပါ။ ခေတ်စနစ်နှင့်အညီ တစ်ကမ္ဘာလုံး၌ကြီးထွားလာသော ဘာသာခြားနယ်ချဲ့ကျူးကျော်မှု ကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်နှင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကို တည်တံ့အောင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသော အဖွဲ့အစည်းသာဖြစ်ပါသည်။

၇၆။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးတို့ကို မိမိတို့အစီအစဉ်ဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက် နေသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများသည် ပရမ်းပတာ ဥပဒေမဲ့မဖြစ်ရလေအောင် ဥပဒေနှင့်အညီ စနစ်တကျ ဖွဲ့စည်းထားခြင်းသာဖြစ်သည်။
၇၇။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအပိုဒ်(၅)တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာဟူသမျှသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းအတွင်း၌ အလိုအလျောက်ပါဝင်ပြီးဖြစ်သည်။
၇၈။ ရဟန်းသံဃာများသည် နိုင်ငံသားများဖြစ်ကြသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ပါပြဋ္ဌာန်း ချက်အရ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ကို ရရှိပါမည်။
၇၉။ မျက်မှောက်ခေတ် သာသနာတော်၏ အခြေအနေမှာ သာသနာတော်ကြီး ဂုဏ်သိက္ခာနိမ့်ကျ၊ ညှိုးနွမ်းဆုတ်ယုတ်သွားစေရန်လည်းကောင်း၊ သာသနာတော်ကြီးပျက်စီး ကွယ်ပျောက်သွားစေရန်လည်း ကောင်း၊ ဗုဒ္ဓသာသနာတော်ကို စော်ကားသောနည်းမျိုးစုံဖြင့် နယ်ချဲ့သောမဟာရန်တော်ကြီးများကို ကာကါယ် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရှေ့ရေးမျှော်တွေးပြီး ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။
၈၀။ သံဃနာယကအဖွဲ့အဆင့်ဆင့်ကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် သံဃာစည်းလုံး ညီညွတ်ရေးကို အဓိကထားဦးတည်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် အဆုံးအမဖြစ်သည့် သာသနာ တော်ကို တည်တံ့စေလိုလျှင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရပါမည်။ ထိုသို့ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ခြင်းမရှိလျှင် တည်တံ့ခိုင်မြဲမှုမှာ ပျက်စီးသွားပါမည်။ သံဃနာယကအဖွဲ့အဆင့်ဆင့်၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော်မပျက်မစီးရလေအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးသည့် အဖွဲ့အစည်း သာဖြစ်ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သြဝါဒကိုခံယူထားသည့် အဖွဲ့အစည်းသာဖြစ်ပါသည်။
၈၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဥက္ကဋ္ဌဆရာတော်ကို ပင့်ဆောင်ပြီး(မဘသ)အမည်လုံးဝမသုံးရန် ဆိုင်းဘုတ်ဖြုတ်ရန် ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းသော်လည်း တိုင်လျှောက်သူ(စောဒက)မရှိပါဘဲနှင့် အရေးယူဆုံးဖြတ်ခြင်းဖြစ်ပါသည်။
၈၂။ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနစ္ဆယလက်စွဲ နှင့်အညီ မူလစောဒနာလွှာမရှိပါဘဲနှင့် ဖြေရှင်းရခြင်းမဟုတ်သောကြောင့် အမျိုးဘာသာ သာသနာစောင့်ရှောက် ရေးအဖွဲ့သည် ဖြေရှင်းလျှောက်လဲတင်ပြခွင့် တစ်စုံတစ်ရာမရရှိသဖြင့် သာသနာတော်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးနစ်နာပါသည်။
၈၃။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာအထိ သင်္ဂါယနာ(၆)တန်တင်ထားသော ပါဠိတော်အဋ္ဌကထာ ဋီကာအစရှိသော ပိဋကဆိုသည့် ထေရဝါဒသာသနာတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် အခွင့်အရေးဆုံးရှုံးနစ်နာရပါသည်။
၈၄။ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၂၀ တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် မိမိတို့၏အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ယင်းလုပ်ထုံးလုပ်နည်းအပိုဒ် ၁၂၃ တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် မိမိဆောင်ရွက်ချက်များကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေး၌ နိုင်ငံတော်သြဝါဒါစရိယအဖွဲ့သို့ အစီရင်ခံ၍ သြဝါဒခံယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။
၈၅။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် (၂၃.၅.၂၀၁၇)ရက်နေ့တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နှင့်ပတ်သက်၍ ချမှတ်သည့် ဆုံးဖြတ်ချက်၊ ထုတ်ပြန်ကြေငြာချက်ကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အပိုဒ်(၁၂၀)အရ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူရပါမည်။ ထို့ပြင် ယင်းလုပ်ထုံးလုပ်နည်းများအပိုဒ် ၁၂၃ အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်အစည်းအဝေး၌ နိုင်ငံတော်သြဝါဒါစိရိယအဖွဲ့၏ သြဝါဒကိုလည်းခံယူရပါမည်။
၈၆။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအပိုဒ် ၇၉ တွင် ဖြစ်ပေါ်လာသောကိစ္စသည် အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်မည့်ကိစ္စဖြစ်သည်ဟု ယူဆလျှင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သံဃနာယကအဖွဲ့ အသီးသီးသည် အထူးအစည်းဝေးကို ခေါ်ယူကျင်းပနိုင်ခွင့်ရှိသည်ဟု ဆိုထားပါသည်။
၈၇။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက် ဆုံးဖြတ်ချက် ဝိနည်းတရားတော်နှင့်သော် လည်းကောင်း၊ ဤလုပ်ထုံးလုပ်နည်းများနှင့်သော်လည်းကောင်း၊ ဝိနိစ္ဆယလက်စွဲနှင့်သော်လည်းကောင်း ဖြောင့်ဖြောင့်ဆန့်ကျင်နေပြီး အာဏာပိုင်အဖွဲ့အစည်းတစ်ခုခု၏ ဖိအားပေးမှုကြောင့် ပေါ်ပေါက်နေပါသည်။
၈၈။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဤလုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၂၀ အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့အစည်းအဝေး၌ အတည်ပြုထားခြင်းလည်း မရှိသေးသည့်အပြင် ဤလုပ်ထုံး လုပ်နည်းအပိုဒ် ၁၂၃ အရ နိုင်ငံတော်သြဝါဒါစရိအဖွဲ့၏ သြဝါဒကိုလည်း ခံယူရခြင်းမရှိသေး သောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇)ရက်စွဲပါ ဆုံးဖြတ်ချက်သည် သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်း၊ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲတို့နှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၈၉။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇) ရက်စွဲပါ ဆုံးဖြတ်ချက်သည် အထက်ပါသုံးသပ် ချက်များအရ အတည်မဖြစ်သေးသောကြောင့် အယူခံစောဒနာဝင် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့၊ နိုင်ငံတော် သီးခြားသံဃဝိနိစ္ဆယအဖွဲ့၊ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များသို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့သည် အယူခံစောဒနာဝင်ရောက်လျှောက်ထားသင့်ပြီး ဤနည်းဥပဒေအပိုဒ် ၇၉ အရ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့၏ အဆုံးအဖြတ်သြဝါဒကို ခံယူသင့်ကြောင်း သုံးသပ်အကြံပြုတင်ပြအပ်ပါသည်ဘုရား။
(ဇ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များကို အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်ရိုက်အမိန့်ပေးပိုင်ခွင့်မရှိကြောင်း သုံးသပ်ချက်။
၉၀။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ (၂၃.၅.၂၀၁၇)ရက်စွဲပါ ဆုံးဖြတ်ချက်အပိုဒ်၁(ဃ) တွင် အထက်ပါ ဆုံးဖြတ်ချက်(ဂ)အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနက အမြန်ဆုံးအရေးယူဆောင်ရွက်ရန် ဟု ဆုံးဖြတ်ထားပါသည်။
၉၁။ ရဟန်းသံဃာများ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ်၂၀/၉၀ ဖြင့် အရေးယူရန်အတွက် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိကြောင်း၊ အထက်ပါအပိုဒ်(၉)တွင် အသေးစိပ်သုံးသပ်တင်ပြထားပြီး ဖြစ်ပါသည်။ ထို့အတူ လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် အရေးယူရန်အတွက် အကြုံးဝင် သက်ဆိုင်မှုမရှိကြောင်း အထက်ပါ အပိုဒ်(စ)တွင် အသေးစိပ်တင်ပြထားပြီးဖြစ်ပါသည်။
၉၂။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အပါအဝင် သံဃနာယကအဖွဲ့အဆင့်ဆင့်သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအပိုဒ်(၃)တွင် ဖော်ပြထားသည့် ဤအခြေခံစည်းမျဉ်းသည် သဗ္ဗုညုဘုရားရှင်၏ ဓမ္မဝိနယနှင့် အညီသာလျှင် ဖြစ်စေရမည်ဟူသော မူနှင့်အညီ ဖွဲ့စည်းထားသည့် တစ်ခုတည်းသော သံဃာ့အဖွဲ့အစည်း ဖြစ်ပါသည်။
၉၃။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် အကျိုးတော်ဆောင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူပြီးမှ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးတို့အတွက် ဓမ္မဝိနည်းတော်နှင့်အညီ ဖွဲ့စည်းထားသော ပရဟိတလူမှုရေးအသင်းဖြစ်သည်။ ထိုကဲ့သို့သော အသင်းကြီးကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်း များတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို အရေးယူရန်ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြား အမိန့်ပေးနိုင်သည်ဟု ပြဋ္ဌာန်းသက်မှတ်ထားခြင်းမရှိပါ။
၉၄။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃာ့အဖွဲကအစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ ပြဋ္ဌာန်းချက်ပါ ဤဥပဒေပုဒ်မ(ဂ)၊ ပုဒ်မ(၉)၊ ပုဒ်မ(၁၀)၊ ပုဒ်မ(၁၁)တို့ပါပြဋ္ဌာန်းချက်၏ အင်္ဂါရပ်များနှင့် ငြိစွန်းမှု မရှိသောကြောင့် ဤဥပဒေပုဒ်မ (၁၂)၊ (၁၃)(၁၄)တို့ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ကြောင်း အထက်ပါအပိုဒ် (င)တွင် အသေးစိပ်သုံးသပ်တင်ပြထားပါသည်။
၉၅။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားခြင်းသည် မည်သည့်စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ ဥပဒေနှင့်မျှ ငြိစွန်းခြင်းမရှိသောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာနက အမြန်ဆုံးအရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။
၉၆။ တရားမျှတစွာ ဓမ္မဝိနည်းတော်နှင့်အညီဖြစ်စေရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ဆောင်ရွက်ချက်သည် ဓမ္မဝိနည်းတော်နှင့်ညီညွတ်မှု ရှိ မရှိ(မဘသ)ဆိုသည့်စကားရပ်ကို သုံးစွဲခြင်းသည် ဓမ္မဝိနည်းတော်နှင့်ညီညွတ်မှု ရှိ မရှိ၊ (မဘသ)ဆိုင်းဘုတ်များထောင်ထားခြင်းသည် ဥပဒေ ဓမ္မဝိနည်းတော်နှင့် ညီညွတ်မှု ရှိ မရှိ၊ ဝိနိစ္ဆယလက်စွဲ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ စီရင်ဆုံးဖြတ်သင့်ပါသည်။
၉၇။ လျှောက်လဲတင်ပြခွင့် တစ်စုံတစ်ရာအခွင့်အရေးမပေးပါဘဲနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ဖျက်သိမ်းခြင်းသည် တရားမျှတမှုကင်းမဲ့သော ဝါဒဖြစ်နေပါသည်။
၉၈။ သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များကို အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်ရိုက်အမိန့်ပေးပိုင်ခွင့်မရှိကြောင်း သုံးသပ်တင်ပြလျှောက်ထားပါသည်။
၉၉။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့ဝင် အကျိုးတော်ဆောင်ဆရာတော် ကြီးများကို ပြစ်မှားစော်ကားလိုသည့် ရည်ရွယ်ချက်တစ်စုံတစ်ရာမပါရှိဘဲ သဘောရိုးဖြင့် ဥပဒေနှင့်အညီ သုံးသပ်တင်ပြခြင်းသာဖြစ်ပါသည်။ အမှားတစ်စုံတစ်ရာရှိပါက ရှိခိုးကန်တော့ဝန်ချတောင်းပန်အပ်ပါသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(ကရင်ပြည်နယ်)