သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၁)”

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။
ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။ စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

ဒါပေမဲ့ စာဝါပီးလို့ ပြန်လာတဲ့တစ်နေ့ မိမိနဲ့ ရွှေမျက်မှန်ဦးပညာနန္ဒ(ရွှေလင်းဆွဲ မြိုင် စစ်ကိုင်း ဇေယျသိန်မှ ပြောင်းလာသူ)မြောက်ပေါက်ကထွက်ပြီး ပဲပုတ်တန်းဘက်ကနေ ပတ်ပီးပြန်လာခဲ့ကြတယ်။ ဘာအကြောင်း မှ မရှိဘူး။ သက်သက် ကလေကချေစိတ်နဲ့ လမ်းထွင်တာ အချိန်ကို တန်ဘိုးမထားတာ စာပြန်ချိန်ကို မလေးစားတာ မြောက်ပေါက်ကနေ ပတ်ပြန်လာတဲ့ မိမိတို့နဲ့ လမ်းရိုးအတိုင်းပြန်ကြတဲ့ အခြားစာဝါလိုက်ပြန် ကြတဲ့ သံဃာတွေနဲ့ စာအံကျောင်းဝင်ချိန်ဟာ အချိန်ကွာနေတယ်။ မိမိတို့က နောက်ကျနေတယ်။

ဆရာဘုန်းကြီးက စာအံကျောင်းစောင့်ရင်း (စာအံကျောင်းက ကာယကျောင်းအောက်မှာ) ဝိနယကျောင်း ရှေ့မှာ လမ်းလျှောက်နေတာ တဲ့တဲ့ကိုတိုးပါလေရော။ ရှောင်မရဘူး။ စာအံကျောင်းဟာ ကျောင်းရှေ့ကပဲ ဝင်ကြရတာ။ မိမိနဲ့ကိုပညာကို ဆရာဘုန်းက ဘာလုပ်နေလို့ နောက်ကျတာလဲတဲ့။ ဦးပညာကိုမမေးဘူး မိမိကိုပဲမေးတာ။ မိမိလဲ ယုတ္တိရှိတာ မရှိတာ မစဉ်းစားဘူး ကျင်ငယ်စွန့်နေတာဘုရားလို့ လျှောက်လိုက်တယ်။ ဆရာဘုန်းရဲ့ လက်မြန်သလားမမေးနဲ့ မိမိနားရင်းဆီ တန်းရောက်လာတယ်။ နှုတ်တော်ကလဲ အို မဟုတ်ထာတဲ့ မိမိတော့ မျက်စေ့ မျက်ဆန်ပြူးကြယ်သွားတာပါပဲ။ ဒီနေရာမှာ ဦးပညာကို ရဟန်းမို့ ပဟာရသိက္ခာပုဒ်ထောက်ထားပီး လက်မရောက်တာဖြစ်မယ်လို့ ဆရာရဲ့ ဝိနယ ဂရုကဂုဏ်ကို သတိပြုမိပါတယ်။ ဒီအကြောင်းအရာဟာ ဖြစ်ပီး တခဏအတွင်းမှာ ပျက်ခဲ့တာပါပဲ။ သို့သော် မိမိအဘို့တော့ မကြာ မကြာမှတ်မိနေတယ်။

ဆရာဘုန်းကြီးရဲ့ အိုမဟုတ်ထာဆိုတဲ့ စကားဟာ တပည့်အဘို့ အရွယ်တွေရလာပေမဲ့ ဘဝလမ်းမှန်ကို ခုချိန်ထိ ဖြောင့်အောင် မလျှောက်နိုင်သေးတဲ့အခြေအနေပဲ ရှိပါသေးတယ်။ လမ်းမဟုတ်ရာကို ဟိုထစ် ဒီထစ်နဲ့ တင်ကျံဆဲ လျှောက်ချင်ဆဲပါပဲလေ။

သံယုတ်ပါဠိတော်(တ)အမ္ဗပါလိဝဂ် သကုဏဂ္ဃိသုတ်ကို ဖတ်မိပါတယ်။ ကိုယ့်အရာမဟုတ်တဲ့နေရာမှာ ပျော်ချင်တဲ့ ဗီလုံးငှက်ငယ်ရဲ့ ငြီးတွားသံလိုပဲ။ ယေ မယံ အဂေါစရေ စရိမှ ပရဝိသယေတဲ့လား ငြီးတွားမိနေပါတယ်ဆရာရှင်။ ပဲ့ပြင်၍ပေးပါဦးလို့ ငယ်ငယ်ကထဲက မဟုတ်ခဲ့တာ ယနေ့ထိလဲ ဘဝဟာ တဝက်မက ကျော်နေပါပြီ။

မဟုတ်သေးပါဘူး။ လမ်းမှားကို လျှောက်ချင်ဆဲမို့ လမ်းညွှန်ပေးပါဦးလို့ ဆရာဘုရားကို ဦးတင်ဂါရဝပြုရင်း။
နယ်မြို့မှာနေစဉ်က မဟုတ်တာ ခဏခဏ လွန်ကျူးလို့ ဒဏ်ခဏ ခဏ သင့်တာမို့ ဆရာက မိမိအား ငဒဏ်လို့သုံးနှုံးခေါ်ခဲ့ဘူးတယ်။

ခုလဲ ငဒဏ်(ခ)နန္ဒိယ
တောဘုန်းကြီး
လက်ပန်တန်းနယ်။